မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကို ဂုဏ်ပြု၍ ပန်းပုထုမည်

ပို့စ်တင်ချိန် - 5/10/2014 04:00:00 PM


မြန်မာနိုင်ငံ၏ မိုးလေဝသ ပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာထွန်းလွင်ကို ဂုဏ်ပြုသောအားဖြင့် မေလ ၁၃ ရက်နေ့ ကဆုန်လပြည့်နေတွင် ပုံတူပန်းပုရုပ် ထုလုပ်ခြင်းနှင့် ပုံတူရေးဆွဲခြင်းကို ပြုလုပ်မည် ဖြစ်ကြောင်း ပန်းပုပညာရှင် ဦးကျော်ကျော်မင်းက ပြောကြားသည်။

အဆိုပါ ဂုဏ်ပြု ပန်းပုထုခြင်းကို အမှတ် ၆၂ ပထမထပ် ပန်းဆိုးတန်းလမ်း ရန်ကုန်မြို့ရှိ လောကနတ် ပန်းချီပြခန်းတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်မည် ဖြစ်ပြီး ပန်းချီပညာရှင်များဖြစ်သူ ဦးရွှေမြင့်နှင့် ဦးသာဆန်း တို့ကလည်း ပုံတူပန်းချီ ရေးဆွဲမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“ဆရာကြီးရဲ့ ပုံတူကို ဂုဏ်ပြု အမှတ်တရ အနေနဲ့ ပေးချင်လို့ပါ။ ပန်းပုကတော့ ရွှံ့နဲ့အရင်ထုပြီး မိုလောင်းမှာပါ” ဟု ဦးကျော်ကျော်မင်းက ဆိုသည်။ ယင်းသို့ ၎င်းပုံတူ ဂုဏ်ပြုပန်းပု ထုလုပ်သူများကို ရွှေ FM မှဂုဏ်ပြုချီးမြှင့် ငွေတစ်ဦးလျှင် ကျပ်ငါးသိန်း ပေးအပ်မည်ဟု ကြားသိရကြောင်း ဦးထွန်းလွင်က ပြောကြားသည်။

“အခုလို ပန်းပုထုပြီး ဂုဏ်ပြုခံရတဲ့အတွက် အံ့သြဝမ်းသာရ ပါတယ်။” ဟု ၎င်းကဆိုသည်။ ပန်းပုပညာရှင် တစ်ဦးဖြစ်သူ ဦးကျော်ကျော်မင်းသည် ဗိုလ်ကလေးတင့်အောင်၊ လယ်တွင်းသား စောချစ်နှင့် ဆရာမ ဒေါ်သန်းမြင့်အောင်တို့၏ ပုံတူရုပ်တု များကိုလည်း ဂုဏ်ပြုအမှတ်တရ ထုလုပ်ပေးခဲ့ဖူးသည်။

The Voice Weekly