ရောဂါပိုး ကူးစက်ခြင်း (အမေးအဖြေ) (၃)

ပို့စ်တင်ချိန် - 5/10/2014 06:25:00 PM


မေး။    ။ အဖေရော အမေရော အိတ်ခ်ျအိုင်ဗွီပိုး ရှိနေရင် မွေးလာတဲ့ ကလေးမှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိနိုင်ပါသလား။
ဖြေ။    ။ ရှိနိုင်ပါတယ်။ ဒါပေမယ့် မွေးလာတဲ့ ကလေးတိုင်း အမေဆီက အိတ်ခ်ျအိုင်ဗွီပိုး ရမယ်လို့တော့ တစ်ထစ်ချ မပြောနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရောဂါပိုးရှိတဲ့ အမေကမွေးတဲ့ ကလေး ၃ ယောက်မှာ ၁ ယောက် နှုန်းလောက်ပဲ ကူးစက်နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။
မေး။    ။ ရောဂါမရှိပေမယ့် လိင်ဆက်ဆံမူများပါက အေအိုင်ဒီဘက်စ် ဖြစ်နိုင်ပါသလား။
ဖြေ။    ။ လိင်ဆက်ဆံဖက် များလေလေ ဒီရောဂါဖြစ်နိုင်ဖို့ အန္တရာယ်များလေလေ ပါပဲ။ အေအိုင်ဒီအက်စ် ရောဂါဟာ အကာအကွယ် မပါပဲ လိင်ဆက်ဆံမူကြောင့် အများဆုံး ကူးစက်ဖြစ်ပွားတာပါ။ ကိုယ်နဲ့ လိင်ဆက်ဆံတဲ့ သူဟာ ရောဂါပိုး ရှိမရှိ သေသေချာချာ ဘယ်လိုမှ မသိနိုင်ပါဘူး။ ရောဂါ လက္ခဏာမပေါ်သေးခင် ရောဂါ မရှိဘူးလို့ အထင်မှား နေကြတာပါ။ အိတ်ခ်ျအိုင်ဗွီပိုး ရှိတဲ့သူဟာ သာမန်လူကောင်းအတိုင်း ရှိနေနိုင်တယ်ဆိုတာ အမြဲသတိရပါ။
မေး။    ။ သွားနှုတ် ကရိယာတွေကနေ တဆင့် ကူးစက်နိုင်ပါသလား။
ဖြေ။    ။ အသုံးပြုတဲ့ သွားနုတ်ကရိယာတွေကို ပိုးသတ်ဆေးရည်၊ ဓါတုဗေဒ ဆေးရည်၊ ဒါမှ မဟုတ် ရေနွေးဆူဆူနဲ့ မိနစ် ၂၀ ပြုတ်ပြီး ပိုးသန့်စင်ထားရင် ရောဂါ မကူးနိုင်ပါဘူး။
မေး။    ။ ရောဂါပိုး ရှိ၊ မရှိ မသိပဲနဲ့ သွားတိုက်တံ အတူသုံးရင် ရောဂါ ကူးစက်နိုင်ပါသလား။
ဖြေ။    ။ ရောဂါပိုး ရှိသူ အရင် တိုက်ပြီးသား သွေးစတွေ ပေကျံနေတဲ့ သွားတိုက်တံကို ဆက်တိုက်မယ်ဆိုရင် ရောဂါ ကူးစက်နိုင်ပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုး မကူးစက်အောင်၊ အထွေထွေ ကျန်းမာရေးနှင့်လည်း ညီညွှတ်အောင် သွားတိုက်တံ အတူမသုံးတာ အကောင်းဆုံး ဖြစ်ပါတယ်။
မေး။    ။ ရောဂါရှိတဲ့ လူထိုင်ပြီးတဲ့ နေရာမှာ၊ အိပ်ပြီးတဲ့ နေရာမှာ ထိုင်ရင်၊ အိပ်ရင် ကူးစက်နိုင်ပါသလား။
ဖြေ။    ။ မကူးပါဘူး။ ဒီရောဂါဟာ သာမန်နေ့စဉ် အပြုအမူတွေကတဆင့် မကူးစက်နိုင်ပါဘူး။ ရောဂါ ကူးစက်တာက အဓိက လိင်ကစ္စနဲ့ မူးယစ်ဆေးထိုးတဲ့ ကိစ္စကြောင့် ဖြစ်တာပါ။
မေး။    ။ အဝတ်တော့ အတူ မဝတ်ပါဘူး။ ဒါပေမယ့် အဝတ်တွေကို ဘီဒိုတစ်ခုထဲမှာပဲ အထူတူ ထားတယ်ဆိုရင်ကော ကူးစက်နိုင်ပါသလား။
ဖြေ။    ။ အဝတ်အစား အတူတူ ဝတ်ရင်တောင် မကူးနိုင်တာ၊ ဘီတိုတစ်ခုထဲမှာ ထားတဲ့အဝတ်ကြောင့် မကူးနိုင်ပါဘူး။
မေး။    ။ ဒီရောဂါဟာ ဘာကြောင့် လူတွေပဲ ကူးနိုင်တာလဲ၊ တိရိစ္ဆာန်တွေမှာ ဘာကြောင့် မကူးတာပါလဲ။
ဖြေ။    ။ အိတ်ခ်ျအိုင်ဗွီပိုးဟာ လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာပဲ ရှင်သန်ပြန့်ပွားနိုင်ပါတယ်။ တိရစ္ဆာတွေရဲ့ ခန္ဓာကိုယ်ထဲမှာ အသက်မရှင်နိုင်ပါဘူး။ ဒါကြောင့် လူအချင်းချင်းပဲ ရောဂါကူးနိုင်ပါတယ်။ အိမ်မွေး တိရိစ္ဆာန်တွေ၊ ခြင်၊ ယင်၊ ကြမ်းပိုး တွေကနေတဆင့် ရောဂါ မကူးနိုင်ပါဘူး။
မေး။    ။ အေအိုင်ဒီအက်စ် ရောဂါ ရှိတဲ့သူကို ကိုက်ထားတဲ့ခြင်က သာမန်လူကောင်းကို ကိုက်ရင် ရောဂါ ကူးနိုင်ပါသလား။
ဖြေ။    ။ လုံးဝ မကူးနိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ -
၁။ အိတ်ခ်ျအိုင်ဗွီပိုးဟာ ခြင်ထဲမှာ၊ ခြင်ရဲ့ သွေးထဲမှာ အသက်မရှင်နိုင်ပါဘူး။
၂။ ခြင်ကိုက်လို့ အိတ်ခ်ျအိုင်ဗွီပိုး ကူးတယ်ဆိုရင် တစ်အိမ်ထဲအတူတူနေတဲ့ အိမ်သားတွေ အိမ်နီးနားချင်းတွေပါ ရောဂါ ဖြစ်လာမှာပေါ့။ ရောဂါကူးနိုင်တဲ့သူတွေဟာ လိင်ဆက်ဆံဖက်များတဲ့သူတွေ၊ မူးယစ်ဆေး အကြောထဲထိုးတဲ့ သူတွေရယ်၊ အဲဒီ သူတွေရဲ့ အိမ်ထောင်ဖက် ဇနီးမယား (သို့မဟုတ်) လိင်ဆက်ဆံဖော်တွေသာ ဖြစ်ပါတယ်။ သူတို့နဲ့ ခြင်အတူတူ အကိုက်ခံရသူတွေ အားလုံး ရောဂါမဖြစ်ပါဘူး။ ဒါကြောင့် ခြင်ကိုက်လို့ ရောဂါ မကူးနိုင်ပါဘူး။
မေး။    ။ ယောက်ျားကနေ မိန်းမ၊ မိန်းမကနေ ယောက်ျား ဘယ်ဟာက ပိုပြီး ကူးစက်လွယ်ပါသလဲ။
ဖြေ။    ။ ယောက်ျားကနေ မိန်းမကို ကူးတာ ပိုလွယ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိန်းမရဲ့ မျိုးပွားအင်္ဂါတည်ဆောက်ပုံအရကိုက ရောဂါပိုးနဲ့ ထိတွေ့တဲ့ မျက်နှာပြင် ဧရိယာပိုကျယ်လို့ပါ။ ပြီးတော့ အိတ်ခ်ျအိုင်ဗွီပိုးရှိတဲ့ မိန်းမတစ်ယောက်ရဲ့ မိန်းမအင်္ဂါအရည်မှာ ပါတဲ့ ပိုးအရေအတွက်ထက် ပိုများလို့ပါပဲ။ နောက်တစ်ချက်ကတော့ အမျိုးသမီး အများစုဟာ ဒီရောဂါအကြောင်း မသိကြပါဘူး။ လိင်ဆက်ဆံမှုနဲ့ ပတ်သက်တဲ့ ဗဟုသုတ မရှိကြပါဘူး။ ဒီအကြောင်းတွေကို ဆွေးနွေးရမှာ ရှက်ကြပါတယ်။ ယောက်ျားတွေရဲ့ အလိုဆန္ဒကိုလည်း အလွန်ဆန်နိုင်ကြရှာပါဘူး။ သူတို့ ကိုယ်သူတို့ ကာကွယ်နိုင်စွမ်းလည်း မရှိရှာတဲ့ အတွက်ကြောင့်လည်း ယောက်ျားတွေဆီကနေ မိန်းမတွေဆီကို ရောဂါ အလွယ်တကူ ပိုပြီး ကူးစက်ကြပါတယ်။
မေး။    ။ ရိုးသားတဲ့ တောင်သူ အမျိုးသမီးကြီး တစ်ယောာက်မှာ ဘာဖြစ်လို့ အေအိုင်ဒီအက်စ် ရောဂါဖြစ်ရတာပါလဲ။ သူ့မှာ အိမ်ထောင်လဲ မရှိဘူး။ ရောဂါကူးနိုင်တဲ့ အန္တရာယ်ဆိုလို့ ဆေးရုံတက်ပြီး သားအိမ်ခွဲတုန်းက သွေးသွင်းဖူးတာပဲ ရှိပါတယ်။ ဘာကြောင့် ဒီလို ဖြစ်ရတာပါလဲ။
ဖြေ။    ။ ဆေးရုံမှာ သွေးသွင်းရင် အိတ်ခ်ျအိုင်ဗွီပိုး ရှိမရှိ စစ်ပြီးမှ ရောဂါပိုး မရှိတဲ့ သွေးကိုပဲ သွင်းပေးပါတယ်။ ဒါပေမယ့် သွေးစစ်ကြည့်လို့ အိတ်ခ်ျအိုင်ဗွီပိုး မရှိဘူးဆိုတဲ့ သွေးတစ်ချို့ဟာ စိတ်မချရသေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သွေးစစ်တယ်၊ ဆိုတာ ရောဂါပိုးကို စစ်တာ မဟုတ်ပါဘူး။ ရောဂါပိုးကြောင့် ထွက်လာတဲ့ ပဋိပစ္စည်းကို စစ်တာပါ။ အဲဒီ ပဋိပစ္စည်းတွေ ထွက်လာဖို့ ၃ လ လောက်စောင့်ရပါတယ်။ ရောဂါပိုး ကူးစက်ခံရပြီးတာ သိပ်မကြာသေးရင် သွေးစစ်ပေမယ့်လည်း ရောဂါပိုး မရှိဘူးလို့ပဲ အဖြေထွက်တယ်။ အဲဒီလိုသွေးမျိုးကို သွင်းမိတဲ့ အတွက် တောင်သူ အမျိုးသမီးကြီးမှာ အေအိုင်ဒီအက်စ် ရောဂါဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သွေးလှူရှင်များဟာလည်း ရောဂါပိုး လုံးဝကင်းပြီး စိတ်ချရတဲ့ သွေးလှူရှင်တွေ ဖြစ်နေဖို့ အင်မတန် အရေးကြီးပါတယ်။
မေး။    ။ ဒါဆိုရင် ကိုယ်မသိတဲ့ သူတွေဆီက သွေးကို သွင်းချင်ရင် ရောဂါပိုး ရှိမရှိ စစ်ပြီးပေမယ့်လည်း စိတ်မချရဘူးပေါ့။ ဒီလို နည်းနဲ့ရော ပိုးမကူးစက်အောင် ဘယ်လို စီစဉ်ရပါမလဲ။
ဖြေ။    ။ ဒီနဲ့နဲ့ ရောဂါ မကူးစက်အောင် ရောဂါပိုး ကင်းစင်တဲ့ သွေးသန့်သန့်ရရှိ အသုံးပြုနိုင်ဖို့ ဆောင်ရွက်ရပါမယ်။ အိတ်ခ်ျအိုင်ဗွီရောဂါပိုး ကူးစက်နိုင်တဲ့၊ အမူအကျင့် လုံးဝမရှိတဲ့ စေတနာ သန့်သန့် သွေးလှူရှင်တွေကို စည်းရုံးဟော ပြောပြီး “စေတနာသွေး လှူရှင်အသင်း” ဖွဲ့ထားဖို့ လိုပါတယ်။ အရပ်ထဲမှာ သွေးသွင်းကုသဖို့ သွေးလိုခဲ့ရင် “စေတနာသွေးလှူရှင်အသင်း” ကို ဆက်သွယ်အကူအညီတောင်းနိုင်ကြောင်း အရပ်သားတွေကို ကြိုတင်အသိပေးဖို့လည်း လိုပါတယ်။ သွေးလှူဘဏ်တွေ၊ ဆေးရုံကြီးတွေမှာ ယခုအခါ သွေးလှူရှင်များအား ပညာပေးစည်းရုံးခြင်း၊ အန္တရယ်များသော အပြုအမူများကို ရှောင်ရှားစေခြင်းဖြင့် ရောဂါပိုး ကင်းစင်တဲ့ သွေးသန့်များ ရရှိရေးကို ဆောက်ရွက်လျက် ရှိပါတယ်။
ကျန်းမာရေး ဦးစီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ) တို့ ပူးပေါင်းထုတ်ဝေသော “HIV/AIDS အမေးအဖြေများ” ဟု အမည်ရသော စာအုပ်မှ ပြန်လည် ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

HIV information for Myanmar