တပ်မတော်က ဖမ်းဆီးသွားသော SNLD ကျိုင်းတုံတာဝန်ခံကို မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ရမန်ယူပြီး ရဲစခန်း၌ ချုပ်နှောင်ထား

ပို့စ်တင်ချိန် - 5/10/2014 03:16:00 PM


အစိုးရစစ်တပ်က ဖမ်းဆီးသွားသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကျိုင်းတုံမြို့နယ် တာဝန်ခံကို  မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် ရမန်ယူပြီး ကျိုင်းတုံမြို့မရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သိရသည်။

SNLD ကျိုင်းတုံမြို့နယ် တာဝန်ခံ ဦးစိုင်းအိုက်ကျန်ကို မေ ၅ ရက် ည ၈ နာရီ ခန့်က ခလရ ၂၄၅ မှ လက်နက်ကိုင်ဆောင်ထားသော တပ်မတော်သား ၃၀ ခန့်က လာရောက်ခေါ်ဆောင် သွားခဲ့ခြင်းဖြစ်ပြီး မေ ၉  ရက်တွင် ပြန်လွှတ်ပေးမည်ဟု ခရိုင်အုပ်ချုပ်ရေးရုံးက အကြောင်းကြား ထားသော်လည်း ပြန်လွှတ်မပေးခဲ့ဘဲ ပုဒ်မ ၁၇(၁) ဖြင့် မေ ၂၆ ရက်အထိ ရမန်ယူ ချုပ်နှောင်ခဲ့ခြင်း ဖြစ်ကြောင်း SNLD ရှမ်းပြည်နယ် အရှေ့ပိုင်းတာဝန်ခံ ဦးစိုင်းလုံက ပြောကြားသည်။

“မနေ့က ၂ နာရီနဲ့ ၄ နာရီကြားမှာ သူ့ကိုတပ်ကနေပြီး ရဲစခန်းကိုလာပို့တယ်။ အခုမနက်ပိုင်းမှာ ချုပ်ရက်ရမန်ယူဖို့အတွက် တရားရုံးကို လာလျှောက်တယ်။ သူ့ကို ပုဒ်မ  ၁၇(၁) နဲ့ တရားစွဲထားတယ်။ ရဲစခန်းကနေ အမှုတည်ဆောက်ဖို့အတွက် တရားစွဲတာ” ဟု ဦးစိုင်းလုံက မေ ၉ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ဦးစိုင်းအိုက်ကျန်ကို စစ်တပ်က သုံးရက်ကြာ ဖမ်းဆီးထားမှု ပြုလုပ်ပြီးမှ ရဲစခန်းသို့ အပ်နှံရမန် ယူစေခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးထားစဉ်အတွင်း စစ်ကြောမှုများ ခံခဲ့ရကြောင်း၊ ရင်ဘတ်တွင် ဒဏ်ရာနှစ်ချက်နှင့် ဘယ်ဘက်မျက်ခုံး အထက်တွင် ဒဏ်ရာတစ်ချက် တွေ့ရကြောင်း၊ လက်ကောက်ဝတ်တွင်လည်း လက်ထိတ်ဒဏ်ရာများ တွေ့ရကြောင်း ဦးစိုင်းလုံက ပြောကြားသည်။

စစ်ဆေးရာတွင် ဦးစိုင်းအိုက်ကျန် နေအိမ်၌ လက်နက်ရှိသည်ဆိုကာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအပေါ် ဦးစိုင်းအိုက်ကျန်က မည်သည့်လက်နက်မျှ မရှိဟုဆိုကာ ငြင်းဆိုခဲ့ကြောင်း၊ မေ ၆ ရက်က ဦးစိုင်းအိုက်ကျန်၏ နေအိမ်တွင် စစ်တပ်က ၀င်ရောက်ရှာဖွေရာတွင်လည်း မည်သည့် အရာမျှ မတွေ့ရှိခဲ့ရကြောင်း သိရသည်။

“သူက တောတွင်း SSA နဲ့ဆက်သွယ်တယ်ဆိုပြီး စားနပ်ရိက္ခာ၊ ဆက်ကြေးစုဆောင်းပြီးတော့ ပေးတယ်ဆိုပြီး စွပ်စွဲချက်နဲ့ သူ့ကို ၁၇ (၁)နဲ့ စွဲတာပေါ့” ဟု ဦးစိုင်းလုံက ဆိုသည်။

စစ်တပ်အနေဖြင့် မေ ၆ ရက်ကကျိုင်းတုံမြို့ရှိ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင် စီ (RCSS/SSA) ဆက်ဆံရေးရုံးသို့လည်း သွားရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ယင်းအပေါ်တွင် RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီထံ ဖြေရှင်းချက် တောင်းဆိုထားကြောင်း၊ ၎င်းကိုယ်တိုင်လည်း ဦးစိုင်းအိုက်ကျန်၏ နေအိမ်သို့ သွားရောက်ဖူးကြောင်း RCSS/SSA ကျိုင်းတုံမြို့နယ် ဆက်ဆံရေးရုံးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စိုင်းစိုးမိန်းက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ဦးစိုင်းအိုက်ကျန်ကို ပုဒ်မ ၁၇(၁) ဖြင့် ရမန်ယူ စစ်ဆေးနေသည်မှာ မှန်ကန်ကြောင်း၊ လောလောဆယ်တွင် ရမန်ယူစစ်ဆေးနေဆဲဖြစ်ပြီး ကျန်သည့် အကြောင်းအရာကို စစ်ဆေးပြီးမှသာ ပြောကြားနိုင်မည် ဖြစ်ကြောင်း အလှည့်ကျ တာဝန်မှူးက မေ ၉ ရက် ညနေပိုင်းတွင် ပြောကြားသည်။

ယင်းကဲ့သို့ ဦးစိုင်းအိုက်ကျန်ကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မဖြင့် ရမန်ယူခြင်းအပေါ် ဦးစိုင်းလုံက “ကျွန်တော်တို့ နားလည်တာက RCSS အဖွဲ့အစည်းက နိုင်ငံတော်နဲ့ ငြိမ်းချမ်းရေး ရယူထားတဲ့ အဖွဲ့ဖြစ်တယ်။ ကျိုင်းတုံမှာလည်း ရုံးဖွင့်ထားတယ်။ တာချီလိတ်မှာလည်း ရုံးဖွင့်ထားတယ်။ တောင်ကြီး၊ မိုင်းပန်စတဲ့ မြို့နယ်တွေမှာ ဆက်ဆံရေးရုံးတွေ အများကြီးဖွင့်ထားတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတစ်ခုလည်း ဖြစ်တယ်။ ဒီလိုမျိုးအဖွဲ့အစည်းနဲ့ ဆက်သွယ်မိတာကို ၁၇(၁) လို့ စွပ်စွဲမယ်ဆိုရင် ဒီအဖွဲ့က တရားမ၀င်တဲ့ အသင်းအဖွဲ့များ ဖြစ်နေသေးလား။ ကျွန်တော်တို့အပေါ်မှာ မတရား ဖမ်းဆီးမှုတွေ ပြုလုပ်တာတွေ၊ ဥပဒေအရ ကာကွယ်ပေးခြင်း မခံရဘဲနဲ့ ကျွန်တော်တို့ကို အခုလိုထင်တဲ့ အချိန်မှာ ထင်သလို ၀င်ရောက်ဖမ်းဆီးသွားတယ်။ သုံးလေးရက် ကြာအောင် စစ်ဆေးနေပြီးမှ ဒီနေ့မှ ရဲစခန်းမှာ ပေါ်လာတယ်။ ဒါမျိုးတွေက ဒီနေ့နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး ကာလမှာ မရှိသင့်တော့ဘူးလို့ ထင်ပါတယ်” ဟု ပြောကြားသည်။

RCSS/SSA မှာ ၎င်းတို့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိထားသည်ဟု အစိုးရက ကြေညာထားသော အဖွဲ့ ၁၄ ဖွဲ့တွင် ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ ဖြစ်ကြောင်း သိရသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးမှာ မတရားအသင်း ကြေညာခံထားရသည့် အဖွဲ့များဖြစ်ပြီး အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အဆိုပါ အချက်ကို ပယ်ဖျက်ပေးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက တောင်းဆိုမှုများ ရှိနေသည်။


ဇင်ဘိုလွင်
News Eleven