မြစ်ဆုံအနီး တန်ဖဲကျေးရွာတွင် နေထိုင်သူ ၃၂ ဦးအား KIA က ဖမ်းဆီးခေါ်ဆောင်သွားဟုဆို

ပို့စ်တင်ချိန် - 5/10/2014 03:39:00 PM


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ဆုံအနီးတန်ဖဲကျေးရွာတွင် နေထိုင်သူ ၃၂ ဦး အား
 မေ ၇ ရက် ညပိုင်းတွင် ကေအိုင်အေမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြောက်ပိုင်းတိုင်း
 စစ်ဌာနချုပ်မှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ ဖမ်းဆီးမှု၌ မူလက ၃၉ ဦး ဖြစ်ပြီး ခုနစ်ဦးမှာ ကလေးငယ်များ ဖြစ်နေသဖြင့် ပြန်လည်လွှတ်ပေး ခဲ့ကြောင်းနှင့် တိုင်းရင်းသားလူမျိုးစုံ ပါဝင်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အဆင့်မြင့်အရာရှိက ပြောကြားသည်။

"ည ၁၂ နာရီလောက် လာဖမ်းသွားတာ။ ကေအိုင်အေက အင်အား ၅၀ လောက် ပါတယ်လို့ သိရတယ်။ လက်ရှိကတော့ PCG တို့ ကေအိုင်အို နည်းပညာအကြံပေး အဖွဲ့တို့ကို ဆက်သွယ်ပြီး အကြောင်းကြားထားတယ်။ ဘာမှတော့ အကြောင်းမပြန်သေးဘူး" ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အဆင့်မြင့်အရာရှိက ပြောကြားသည်။

ကေအိုင်အေအနေဖြင့် ယခုဖမ်းဆီးသူများအပြင် မေ ၃ ရက်က ဖမ်းဆီးသွားသော မြစ်ကြီးနားမြို့ အစိုးရအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းနှစ်ဦး အပါအ၀င် ယခင်ဖမ်းဆီးထားသူမှာ ၁၈ ဦးရှိပြီး စုစုပေါင်း ၅၀ ထိရှိကြောင်း သိရသည်။

ထိုကဲ့သို့ တန်ဖဲရွာတွင် လူများဖမ်းဆီး ခေါ်ဆောင်မှုများနှင့် ပတ်သက်၍ ကေအိုင်အို နည်းပညာ အကြံပေးအဖွဲ့ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးသို့ ဆက်သွယ်မေးမြန်းရာ ကေအိုင်အေမှ ဟုတ်မဟုတ် မသိရှိရသေးကြောင်း ဖြေကြားသည်။

"ကေအိုင်အေစစ်သား စုဆောင်းတယ်လို့ ပြောတယ်။ ကျွန်တော်တို့လည်း အဲဒါစိစစ်နေတုန်းပဲရှိတယ်။ ဒါပေမဲ့ဒီအချိန်မှာ စစ်သားစုဆောင်းတာ အစိုးရနဲ့ ကေအိုင်အေပဲ ရှိတယ်လေ။ ဒီနှစ်ဖွဲ့ပဲပေါ့။ သူတို့မဟုတ်ရင် ကျွန်တော်တို့ပဲ။ ကျွန်တော်တို့ မဟုတ်ရင် သူတို့ပဲ။ ကေအိုင်အေ ဟုတ်မဟုတ် နှစ်ရက်သုံးရက်ကြာရင်တော့ သေချာသိရပါမယ်" ဟု ဦးဒေါင်ခါးက ဆိုသည်။

ထို့အပြင် ကေအိုင်အေမှ ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် သတင်းအား မသိရှိကြောင်း၊ အကယ်၍ ဖမ်းဆီးခေါ်ဆောင် သွားပါကလည်း တန်ဖဲရွာမှ မဖြစ်နိုင်ကြောင်း၊ တန်ဖဲရွာမှ ရွာသူရွာသားများအား ယခင်မြစ်ဆုံစီမံကိန်း လုပ်ဆောင်ရန် တရုတ်ကုမ္ပဏီမှ မောင်းထုတ်ထားလိုက်သဖြင့် ရွာသားများ မရှိတော့ကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG) မှ အဖွဲ့ဝင် ဦးဆန်းအောင်က ပြောကြားသည်။

"ရွှေတူးတဲ့လူတွေပဲ ဖြစ်မှာပါ။ ရွာသားတွေက မရှိလောက်ဘူးဗျ။ မှော်မှာရွှေတူးနေတဲ့ သူတွေကို စစ်သားစုဆောင်းရင်းနဲ့ ပါသွားတာ ဖြစ်လိမ့်မယ်လို့တော့ ကျွန်တော် အဲဒီလိုပဲ ခန့်မှန်းမိတယ်။ ရွာသားတွေက ရှိမှမရှိတာ။ စစ်သားစုဆောင်းရေးကတော့ ရွှေမှော်တွေတို့ ကျောက်မှော်တွေတို့မှာ အမြဲတမ်းဆွဲလေ့ ဆွဲထရှိတယ်" ဟု ဦးဆန်းအောင်က ပြောကြားသည်။

ယင်းသို့ ဖမ်းဆီးခေါ်ဆောင် ခံရသူများထဲမှ မေ ၃ ရက်က ဖမ်းဆီးခေါ်ဆောင် သွားခြင်းခံရသော အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းနှစ်ဦး ပြန်လည်လွတ်မြောက်ရေးအား PCG မှ ၀င်ရောက်ဆောင်ရွက် ပေးလျက်ရှိပြီး ကေအိုင်အေအပေါ်ပိုင်းမှ အောက်ခြေတပ်များသို့ ပြန်လွှတ်ပေးရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်ဟု ဦးဆန်းအောင်က ပြောကြားသည်။

ဖိုးသူတော်(www.phothutaw.com)
Credit : Eleven Media Group