ကွာရှင်းရန် တရားရုံးသို့ လာရောက်ရာမှ တပ်မတော် တပ်ကြပ်တစ်ဦး ဇနီးအား ဓားဖြင့်ထိုးသတ်မှု မှော်ဘီမြို့နယ်တွင် ဖြစ်ပွား

ပို့စ်တင်ချိန် - 5/10/2014 09:53:00 AM



Written by: မင်းသိန်းနိုင်



မှော်ဘီမြို့နယ်တွင် တပ်မတော်မှ တပ်ကြပ်တစ်ဦးက ဇနီးဖြစ်သူအား ဓားဖြင့်ထိုးသတ်မှု မှော်ဘီမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မေ ၉ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းရပ်ကွက်၊ ရုံးပေါင်းစုံလမ်းရှိ မှော်ဘီမြို့နယ် တရားရုံးသို့ မ…. (၂၃)နှစ်သည် ၎င်း၏ခင်ပွန်းဖြစ်သူ မှော်ဘီအမျိုးသမီးဆေး ဗိုလ်သင်တန်းကျောင်းတွင် တာဝန်ကျနေသော တပ်ကြပ်ဇော်မျိုးထွန်းနှင့်အတူ လင်မယားချင်း သဘောထား မတိုက်ဆိုင်၍ ကွာရှင်းပြတ်စဲရန် လာရောက်ခဲ့ကြောင်း သိရသည်။

ယင်းသို့လာရောက်၍ ကွာရှင်းရာတွင် လိုအပ်သည့် စာရွက်စာတမ်းများအား သွားရောက်ဝယ်ခဲ့ကြပြီးအပြန် မြို့နယ်စာရင်းစစ်ရုံးနှင့် လ၀ကမြို့နယ် ဦးစီးဌာနမှူးရုံးရှေ့သို့ အရောက်တွင် တပ်ကြပ်ဇော်မျိုးထွန်းက မ….အား ဓားမြှောင်ဖြင့် ထိုးခဲ့ကြောင်း သိရသည်။

“အန်တီက ကောင်မလေးတစ်ဦး ငယ်သံပါအောင် အော်သံကြားတော့ သွားကြည့်တဲ့အခါမှာ ကောင်မလေးကို ဓားနဲ့ထိုးနေတာကို တွေ့လိုက်တယ်။ အဲဒါနဲ့ အန်တီကလည်း ဒီမှာဓားထိုးမှု ဖြစ်နေတယ်လို့ အော်လိုက်တဲ့အခါမှ လူတွေရောက်လာတယ်။ ပြီးတော့ လဲကျသွားတဲ့ ကောင်မလေးကို အန်တီက သွားပွေ့တဲ့အခါမှာ သူ့ရဲ့ရင်ဘတ်မှာ ဓားထိုးဒဏ်ရာ သုံးချက်ကို စမ်းမိတယ်” ဟု ဖြစ်စဉ်အား မျက်မြင်ကြုံခဲ့ရသည့် အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက မေ ၉ ရက် ညနေပိုင်းတွင် ပြောကြားသည်။

ထို့ပြင် အဆိုပါ ဓားထိုးခံရမှုအား သွားရောက်ဖျန်ဖြေပေးသည့် မ…..၏ မိခင်ဖြစ်သူတွင်လည်း ဓားထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး လက်ရှိတွင် မင်္ဂလာဒုံစစ်ဆေးရုံ၌ ဆေးကုသမှုခံယူ နေရကြောင်း သိရသည်။

ယင်းသို့ ဓားထိုးခံရမှုကြောင့် မ…..မှာ ဓားဒဏ်ရာများဖြင့် မှော်ဘီမြို့နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့ရသည်။ ယင်းမှ မင်္ဂလာဒုံစစ်ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားကြောင်း မှော်ဘီမြို့မရဲစခန်း တာဝန်ကျ အရာရှိတစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မှော်ဘီမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးအား သွားရောက်မေးမြန်းရာ “ဘာဖြစ်လို့ ကျူးလွန်တာလဲ ဆိုတာကိုတော့ ကျွန်တော်တို့လည်း မသိပါဘူး။ ဒီဖြစ်စဉ်က ကျူးလွန်သူကိုလည်း သူတာဝန်ကျနေတဲ့ တပ်မတော်ရဲ့ တာဝန်ရှိသူတွေထံ အပ်နှံလိုက်ပါပြီ။ တာဝန်ရှိသူတွေ ဆက်လက်စစ်ဆေးပြီး တပ်မတော် ဥပဒေနဲ့အညီ အရေးယူပါလိမ့်မယ်” ဟုဖြေကြားသည်။

Eleven Media