လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ လိုင်စင်ထုတ်ပေးခြင်း နောက်ဆုံး အကြိမ်ဟုဆို

ပို့စ်တင်ချိန် - 5/10/2014 09:31:00 AM




လိုင်စင်မဲ့မော်တော် ဆိုင်ကယ်များကို တစ်နေရာ တည်းနှင့်အပြီး (One Stop Service) စနစ်ဖြင့် တရားဝင်မှတ်ပုံတင် ပြုလုပ်ပေးခြင်းသည် ယခုအကြိမ် နောက်ဆုံးဖြစ်ပြီး နောင်တွင်ယခု ကဲ့သို့ ပြုလုပ်ပေးတော့မည်မ ဟုတ်ကြောင်း ရထား ပို့ဆောင်ရေး ၀န်ကြီး ဌာနမှ သတင်းရရှိသည်။

လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်စီးနင်း အသုံးပြုသူများ အနေဖြင့် သတ်မှတ်ကာလအတွင်း တရားဝင် ပြုလုပ်ကြရန်နှင့် စီမံချက်ကာလပြီးဆုံးချိန်တွင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို ဥပဒေနှင့်အညီ ထိရောက်စွာ စစ်ဆေး အရေးယူခြင်းများ လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက မေလ ၉ရက်တွင် သတိပေးချက်ထုတ်ပြန်လိုက်သည်။

ယခုအကြိမ်ပြုလုပ်ပေးခြင်း သည် နောက်ဆုံးအကြိမ်ဖြစ်ပြီး စီမံချက်ကာလ တိုးချဲ့ဆောင်ရွက်ပေးခြင်း ထပ်မံ၍ စီမံချက်ချ မှတ်ပြုလုပ်ပေးခြင်းများ ရှိတော့မည် မဟုတ်ကြောင်း၊ ဇူလိုင်လ ၄ရက် နောက်ပိုင်းတွင် တရားဝင်မှတ်ပုံတင်လိုင်စင် မရှိသည့်မော်တော် ဆိုင်ကယ်များအား ဥပဒေနှင့်အညီစိစစ်အရေးယူတော့မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

လိုင်စင်မဲ့ ဆိုင်ကယ်များအားတရားဝင်လိုင်စင်ပြုလုပ်ပေးခြင်းကို ဖေဖော်ဝါရီ ၁၇ရက်မှ ဇူလိုင်ခုနစ်ရက်အထိ ရုံးဖွင့်ရက် ၉၀ ရက်အကြာ စီမံချက်ချမှတ်ဆောင်ရွက်နေခြင်း ဖြစ်သည်။ ဆိုင်ကယ်လိုင်စင်ပြုလုပ်ပေးခြင်း ကို ရထားပို့ဆောင်ရေးဝန်ကြီးဌာ န၊ ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန၊ ပြည်နယ်၊ တိုင်း ဒေသကြီးနှင့် ခရိုင်ရုံးများတွင်တစ် နေရာတည်းနှင့်အပြီး (One Stop Service) စနစ်ဖြင့်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

‘‘နောက်ကျရင် အခုလို One Stop Service စနစ်နဲ့ လုပ်မပေး တော့ဘူး။ ဖမ်းဆီးအရေးယူတာ တွေလုပ်တော့မယ်။ အခုလိုင်စင်  မပြုလုပ်ရသေးတဲ့ ဆိုင်ကယ်တွေ ရှိရင် လိုင်စင်လုပ်ထားကြဖို့ပေါ့။ လိုင်စင်တွေ ခဏခဏလုပ်ပေးနေ ရင် အပြင်မှာဖွင့်ထားတဲ့ ဆိုင် ကယ်အရောင်းပြခန်းတွေလည်း နစ်နာမှုတွေရှိလာနိုင်တယ်။ အဲဒါကြောင့် ၀န်ကြီးဌာနက ထုတ်ပြန်တာပါ’’ ဟု ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူးဦး သိန်းဦးကပြောသည်။

ဆိုင်ကယ်လိုင်စင်များ ပြု လုပ်ပေးနေသော်လည်း ယခုနှစ် တွင် ပြုလုပ်သူနည်းပါးကြောင်း၊ ထို့အတွက် လိုင်စင်ပြုလုပ်သူများ လာစေရန် နောက်တစ်ကြိမ်မလုပ် ပေးတော့ဟု ထုတ်ပြန်ခြင်းဖြစ်နိုင် ကြောင်း မန္တလေးမြို့ခံများကခန့် မှန်းနေကြသည်။

‘‘အရင်ကဆိုရင် လေးနှစ်မှ တစ်ကြိမ်လောက်ပဲလုပ်ပေးတာ။ အခုဆို အဲဒီလောက် နှစ်မခြား တော့ဘူး။ ဒါက သူတို့အတွက် ဘဏ္ဍာငွေအလကားရတဲ့နည်းပဲ။ နောက်လည်းထပ်လုပ်ပေးဦးမယ်လို့ ထင်တယ်’’ဟု မန္တလေးမြို့ခံဆိုင်ကယ်အရောင်းအ၀ယ်လုပ်သူတစ်ဦးကပြောသည်။

ရထားပို့ဆောင်ရေးဝန်ကြီး ဌာနအနေဖြင့် လိုင်စင်မဲ့ဆိုင်ကယ် များအားတရားဝင်လိုင်စင်ပြုလုပ် ပေးခြင်းကို ၁၉၉၉ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ခုနစ်ကြိမ်အထိပြု လုပ်ပေးခဲ့သည်။ ယခုနှစ်လိုင်စင် ပြုလုပ်ပေးရာတွင် ဖေဖော်ဝါရီ ၁၇ရက်မှ ဧပြီလကုန်အထိ မြန်မာ နိုင်ငံတစ်ဝန်းမော်တော်ဆိုင်ကယ် အစီးရေ ၁၇၂,၀၀၀ ကျော် လိုင်စင် ပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

Author: မောင်တာ
7DAY DAILY