ရန်ကုန်၊ မန္တလေး ရေနှင့် သန့်ရှင်းမှုအတွက် ကန်ဒေါ်လာ လေးသန်း ထောက်ပံ့မည်

ပို့စ်တင်ချိန် - 5/10/2014 09:56:00 AM




ရန်ကုန်၊ မေ ၉

ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ မိလ္လာ အဆောက်အအုံများ ပိုမိုကောင်းမွန်ရေး၊ ရေနှင့် သန့်ရှင်းမှု ရှိရေးအတွက် ဂျပန်နိုင်ငံ အစိုးရ ရန်ပုံငွေ (JFPR) မှ အမေရိကန်ဒေါ်လာ လေးသန်းကို အာရှဖွံ့ဖြိုးမှုဘဏ် (ADB) ၏ စီမံခန့်ခွဲမှုဖြင့် ထောက်ပံ့မည် ဖြစ်ကြောင်း ADB ဘဏ်က မေလ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၁၄ ခုမှ စတင်၍ လေးနှစ်ကြာ ပြုလုပ်မည့် အဆိုပါ စီမံကိန်းသည် ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ မြို့နယ်လေးခုမှ လူဦးရေ ၁၈,၀၀၀ အတွက် ရေနှင့် သန့်ရှင်းမှု၊ ကူးစက်ရောဂါ ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး၊ အစိုင်အခဲနှင့် အရည် စွန့်ပစ်သည့်စနစ် ပိုမိုကောင်းမွန်ရေး၊ ရေစီးဆင်းမှု ပိုမိုကောင်းမွန်ရေးနှင့် လမ်းမကြီးတွင် ရေလျှံခြင်းကို တားဆီးနိုင်ရေးအတွက် ရည်ရွယ်ခြင်း ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါ စီမံကိန်းတွင် မြို့နယ်လေးခုမှ ရပ်ကွက် လေးခုတွင် အစိုင်အခဲ စွန့်ပစ်ရန်အတွက် ၁၇ ကီလိုမီတာ ရှည်သည့် ရေနုတ်မြောင်းနှင့် အိမ်သာ အလုံး ၂,၀၀၀ တည်ဆောက်ခြင်း လုပ်ငန်းကို လာမည့် ၂၀၁၈ ခုနှစ်တွင် လုပ်ဆောင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ အဓိက မြို့ကြီးများ ဖြစ်သည့် ရန်ကုန်မြို့နှင့် မန္တလေး မြို့တို့တွင် မိလ္လာနှင့် ရေသန့်ရှင်းမှုစနစ် တိုးတက် ကောင်းမွန်ရေးသည် လူနေမှုစနစ်ကို မြှင့်တင်နိုင်ရေးအတွက် အဓိကကျပြီး အဆိုပါ လုပ်ငန်းကို ပြည်သူများဆီသို့ တိုက်ရိုက် အကျိုးကျေးဇူး ရောက်ရှိရန် လိုအပ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ အကြံပေး (Economic and Overseas Development Assistance) Matsuo Hideaki ၏ ပြောကြားချက်ကို ကိုးကား၍ အဆိုပါ ထုတ်ပြန်ချက်က ဖော်ပြသည်။

စီမံကိန်း ရလဒ်ကို ရေရှည် ထိန်းသိမ်းနိုင်ရန်အတွက် ဒေသဆိုင်ရာ အစိုးရက မြို့ရွာဖွံ့ဖြိုးရေး ကော်မတီများ ဖွဲ့စည်းပြီး ရပ်ရွာပြည်သူများထံ ငွေကြေး ကောက်ခံခြင်း နည်းလမ်း အသုံးပြုမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly