သန်လျင်မြို့နယ်တွင် လေပြင်းတိုက်မှုကြောင့် အခြေခံပညာကျောင်းများ အပါအ၀င် အိမ်ခြေ ၂၀၀ ခန့်ပျက်စီး

ပို့စ်တင်ချိန် - 5/10/2014 01:00:00 PM





ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် တွင် မေ ၈ ရက်က လေပြင်းတိုက်မှုကြောင့် အခြေခံပညာကျောင်းနှင့် လူနေအိမ်ခြေ ၂၀၀ ခန့် ပျက်စီးသွားကြောင်း သန်လျင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

သန်လျင်မြို့နယ်တွင် မေ ၈ ရက်က မွန်းလွဲ ၃ နာရီ မိနစ် ၃၀ မှ မွန်းလွဲ ၄ နာရီ ထိတိုက်ခတ်ခဲ့သော လေပြင်းကြောင့် ဗိုလ်ချုပ်ကျေးရွာတွင် အိမ်ခြေ ၂၅ လုံး၊ အလွမ်းဆွတ် ကျေးရွာတွင် အိမ်ခြေ ၅ လုံး၊ ညောင်သုံးပင် ကျေးရွာတွင် အိမ်ခြေအလုံး ၄၀၊ ဘုရားကုန်း ကျေးရွာတွင် အိမ်ခြေအလုံး ၃၀၊ အေးသာယာ ကွက်သစ်တွင် အိမ်ခြေအလုံး ၄၀၊ အောင်ချမ်းသာ ရပ်ကွက်တွင် အိမ်ခြေ ၃၃ လုံး စုစုပေါင်း ၁၇၈ လုံး ပျက်စီးခဲ့ပြီး အခြေခံပညာ စာသင်းကျောင်း (၅)ကျောင်းနှင့် အစိုးရ အဆောက်အအုံ လေးလုံးတို့ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သန်လျင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က မေ ၉ ရက်တွင် ပြောကြားသည်။



“လေပြင်းတိုက်မှုတွေကြောင့် ကျောင်းတွေ၊ အိမ်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် လူအသေအပျောက်တော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့ လေပြင်းတိုက်နေတုန်း မိုးကြိုးပစ်မှုကြောင့် သန်လျင်ရုံးသပြေ ကျေးရွာမှာတော့ လူတစ်ယောက် သေဆုံးသွားပါတယ်။ ပျက်စီးဆုံးရှုံးသွားတဲ့ အိမ်ခြေတွေက ပြည်သူတွေကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းပြီး နေရေးထိုင်ရေး အဆင်ပြေအောင် စီစဉ်နေပါတယ်” ၎င်းဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။

သန်လျင်မြို့ပေါ်ရှိ လျှပ်စစ်ဓာတ်အားပေးတိုင် ၇၀ ခန့် ပျက်စီးခဲ့ပြီး ကျေးရွာ၊ ရပ်ကွက်များရှိ လူနေအိမ်ခြေများမှာ လေပြင်းကြောင့် အမိုးလန်သွားခြင်း၊ သစ်ပင်လှဲ၍ အိမ်ပိခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး စာသင်ကျောင်းများနှင့် အစိုးရ အဆောက်အအုံတို့တွင် အမိုးလန်ခြင်း၊ ခြံစည်းရိုးပြိုလဲခြင်းတို့ ဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။



သန်လျင်မြို့နယ် မြို့သစ်အရှေ့ရပ်ကွက် ရှိ အ-ထ-က(၂)ကျောင်းတွင် ကျောင်းဆောင် (၂)ဆောင် အမိုးလန်ခြင်း၊ အောင်ချမ်းသာ ရပ်ကွက် အ-လ-က (ခွဲ) တွင် ကျောင်း ဆောင်(၂) ဆောင် အမိုးလန်၍ ကျောင်းခြံစည်းရိုး ပေ ၂၀၀ ခန့်ပြိုလဲခြင်း၊ ညောင်သုံးပင် ကျေးရွာ အ-လ-က (ခွဲ) တွင် ကျောင်းဆောင် အမိုးလန်ခြင်း၊ အောင်မင်္ဂလာရပ်ကွက် အ-မ-က ကျောင်းတွင် ကျောင်းဆောင်သစ်ပင်ပိပြီး ခြံစည်းရိုးအုတ်တံတိုင်း ပြိုလဲခြင်း၊ အလွမ်းဆွတ်ကျေးရွာ အ-မ-ကကျောင်းတွင် ခြံစည်းရိုး ပေ ၁၀၀ ခန့် ပြိုလဲခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။



ထို့ပြင် သန်လျင်မြို့နယ်ရှိ အစိုးရအဆောက်အအုံများဖြစ်သော တရားရုံး၊ ဥပဒေရုံး၊ မြေစာရင်းရုံး၊ ခဲမဖြူသတ္တု သန့်စင်စက်ရုံတို့တွင် ခေါင်မိုးအမိုးလန်ခြင်းတို့ ဖြစ်ပွားခဲ့သည်။

“ရုတ်တရက်ထတိုက်တော့ ဘယ်ပြေးလို့ ပြေးရမှန်းမသိခင် အိမ်ဘေးနားက ယူကလစ်ပင်ကလဲပြီး အိမ်နောက်ဖေးကို ပိသွားတယ်။ အိမ်ခေါင်းမိုး ပျက်စီးသွားပေမယ့် အိမ်ကလူတွေ ဘာမှမဖြစ်တာ တော်သေးတယ်။ မနက်ကတော့ သက်ဆိုင်ရာက လာကြည့်သွားပြီး စာရင်းမှတ်သွားတာတော့ တွေ့လိုက်တယ်။ ပြီးတော့ကိုယ့်ဘာသာပဲ အပျက်အစီးတွေ ဖယ်လိုက်ပါတယ်” ဟု သန်လျင်မြို့နယ်၊ ဆောက်လုပ်ရေးဝင်း အနီးရှိ သစ်ပင်ပိသွားသော အိမ်ရှင်တစ်ဦးက ပြောကြားခဲ့သည်။

Eleven Media