ရွန်နီနှင့်ဂျုံးစ်တို့ ကမ္ဘာ့ဖလားအတွက် အဆင်သင့်ဟု ဂစ်အာမခံ

ပို့စ်တင်ချိန် - 5/10/2014 07:22:00 PM


ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် အင်္ဂလန် အသင်းအတွက် ပါဝင်ကစားနိုင်ရန် ဝိန်းရွန်နီရော၊ ဖီးလ်ဂျုံးစ်ပါ အဆင်သင့် ရှိနေမည်ဟု မန်ချက်စတာ ယူနိုက်တက် ယာယီမန်နေဂျာ ရိုင်ယန်ဂစ်က အတည်ပြု ပြောကြားခဲ့သည်။

 လတ်တလောတွင် ဒဏ်ရာပြဿနာများ ရှိနေသည့်တိုင် အဆိုပါ ကစားသမား နှစ်ဦးလုံးသည် ဘရာဇီးလ်တွင် ကျင်းပမည့် ပြိုင်ပွဲကြီးအမီ အပြည့်အဝ ကြံ့ခိုင်နေမည်ဟု ဂစ်က ဆိုသည်။ တိုက်စစ်မှူး ရွန်နီနှင့် ခံစစ်မှူး ဂျုံးစ်တို့သည် ယူနိုက်တက်မှ အင်္ဂလန် လက်ရွေးစင် ကစားသမားများအနက် ယခုရာသီ အသင်းအတွက် ခြေအမှန်ဆုံး ကစားပေးနိုင်ခဲ့သူများ ဖြစ်ကြသည်။ အင်္ဂလန်အသင်း မန်နေဂျာ ရွိုင်ဟော့ဂ်ဆန်သည် တနင်္လာနေ့တွင် ၎င်း၏ ကမ္ဘာ့ဖလား လူစာရင်းကို ကြေညာမည်ဖြစ်ပြီး ဘယ်ဘက်ပခုံးတွင် ဒဏ်ရာရှိနေသည့် ဂျုံးစ်ကို ရွေးချယ်ရန် သင့်မသင့် ချိန်ဆနေရသည်။

သို့သော်လည်း ဂစ်က ဟူးလ်စီးတီးနှင့်ပွဲတွင် ထိခိုက်မိခဲ့သည့် ဂျုံးစ်၏ ဒဏ်ရာသည် မူလမျှော်လင့်သလောက် မပြင်းထန်ဟု ဆိုသည်။ “ဖြစ်ဖြစ်ချင်းညက ကျွန်တော်တို့ တွေးခဲ့သလောက် သူ့ဒဏ်ရာက မဆိုးပါဘူး။ ဂျုံးစ်က ဆောက်သမ်တန်နဲ့ ပွဲမှာတော့ သေချာပေါက် မပါဝင်နိုင်ပါဘူး။ ဒါပေမဲ့ ကမ္ဘာ့ဖလားအတွက်တော့ အိုကေပါပဲ။ ဒဏ်ရာအခြေအနေကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ ဒါပေမဲ့ ဆိုးဆိုးရွားရွား မဟုတ်ပါဘူး”ဟု ဂစ်က ပြောကြားခဲ့သည်။ ဂျုံးစ်ကဲ့သို့ပင် ရွန်နီသည်လည်း စိန့်မေရီမှ ပွဲစဉ်ကို လွဲချော်မည် ဖြစ်သည်။

 ဂစ်က “တနင်္ဂနွေနေ့ ပွဲမှာ ဝင်ကစားဖို့ ဆိုတာကတော့ ရွန်နီ့အတွက် နည်းနည်း စောနေဦးမယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကာလမှာတော့ သူ့အခြေအနေ အကောင်းဆုံး ဖြစ်နေမှာပါ။ ရွန်နီဟာ သူ့ရဲ့ အကောင်းဆုံး ဘောလုံး ရာသီကို ဖြတ်သန်းခဲ့တယ်။ ထိထိရောက်ရောက် တစ်ခုခု လုပ်ပြဖို့လည်း သူ့အတွက် အသင့်အနေအထား ဖြစ်နေပြီ။ သူ့ဒဏ်ရာက ပေါင်ခြံမှာ နည်းနည်းလေး ကြွက်သား တင်းမာမှုလေး ဖြစ်သွားတာပါ။ အခြေအနေ ကောင်းနေပါပြီ။ ရွန်နီအနေနဲ့ အားကစားရုံထဲမှာ အဓိက လေ့ကျင့်နေတယ်။ မနေ့ကတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပါပြီ။ လာမယ့်တစ်ပတ်လုံး ကြံ့ခိုင်မှုပိုင်း အတွက် သူအဓိက ပြင်ဆင် လေ့ကျင့်နေလိမ့်မယ်။ ဒဏ်ရာကြောင့် ပွဲမကစားရတာက သူ့အတွက် လန်းဆန်းကြံ့ခိုင်နေဖို့ လမ်းထွင်ပေးသလိုတောင် ဖြစ်လာပါတယ်” ဟုလည်း မှတ်ချက်ပြုသွားသည်။

Ref:Dailymail
soccer myanmar