အဝေးပြေးအမြန်လမ်းမကြီးများဆိုင်ရာ အထူးခရီးသွားအာမခံကို စတင်ရောင်းချမည်

ပို့စ်တင်ချိန် - 5/10/2014 03:00:00 PM


အဝေးပြေး အမြန်လမ်းမများတွင် ခရီးသွားလာနေကြသူများ အဆင်ပြေစေရန်နှင့် အာမခံအကာအကွယ်ရစေရန်အတွက် အဝေးပြေးအမြန်လမ်းမကြီးများဆိုင်ရာ အထူးခရီးသွားအာမခံကို စတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

၈.၅.၂၀၁၄ ရက်နေ့မှ စတင်ကာရောင်းချမည်ဖြစ်ကြောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ကြေညာသည်။ ဝယ်ယူနိုင်မည့် ကုမ္ပဏီအမည်များ၊ ရုံးခန်းတည်နေရာနှင့် တယ်လီဖုန်းအမှတ်များကို ၂.၅.၂၀၁၄ ရက်နေ့ ကြေးမုံသတင်းစာတွင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကြေညာချက်၌ ဖော်ပြထားသည်။ အဆိုပါ အာမခံအရ ခရီးတစ်ခေါက်အတွက် အာမခံကြေး (ပရီမီယံ) ကျပ် ၃၀၀ ကျသင့်မည်ဖြစ်ပြီး အကျိုးခံစားမှုမှာ အများဆုံးကျပ်သိန်း ၃၀ (အာမခံ၏ အဆတစ်သောင်း) ရရှိမည်ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရမှုအတွက် ဆေးကုသစရိတ်အများဆုံး ၂၄ သိန်းအထိ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ယင်းအထူးခရီးသွားအာမခံကို အဝေးပြေးယာဉ်လိုင်းများဖြင့် ခရီးသွားလာသူများအားလုံး အလွယ်တကူ ဝယ်နိုင်စေရန် အဝေးပြေးယာဉ်လိုင်းများ ယာဉ်လက်မှတ်ဝယ်ယူသည်နှင့်တစ်ပြိုင်တည်း အဆိုပါ အာမခံကို ဝယ်ယူနိုင်စေရန် စီစဉ်ထားပြီးလည်းဖြစ်ကြောင်း၊ အဝေးပြေးယာဉ်စီးခရီးသည်များအနေဖြင့် ဆန္ဒရှိပါကလည်း နှစ်ယူနစ် (စုစုပေါင်းအကာအကွယ် ကျပ်သန်း ၆၀ အထိ) လည်း ဝယ်ယူနိုင်ကြောင်း၊ ယင်းအထူးခရီးသွားအာမခံကို စင်းလုံးငှားယာဉ် (သို့မဟုတ်) ကိုယ်ပိုင်ယာဉ်ဖြင့် ခရီးသွားသူများအနေဖြင့်လည်း နှစ်ယူနစ်အထိ ဝယ်ယူခွင့်ရှိကြောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က ကြေညာထားသည်။

Internet Journal