လောဘနှင့်ဆန္ဒ ကွာခြားပုံ

ပို့စ်တင်ချိန် - 5/24/2014 08:11:00 AM



လိုချင်မှုကို လောဘဟုခေါ်သလို ဆန္ဒလို့လဲခေါ်ပါတယ်။
အခေါ်အဝေါ်ခြင်း တူပေမယ့်
သဘောသွား ကတော့ကွာခြား တယ်လို့ဆိုရမှာပါ။
လောဘရဲ့လိုချင်မှုသည် အစေးရှိပေမယ့်၊ ဆန္ဒရဲ့လိုချင်မှုကတော့ အစေးမရှိဘူးလို့ ဆိုလိုခြင်းဖြစ်ပါတယ်။

" တွယ်တာကပ်ငြိ တက်မက်မှုပါတဲ့ လိုချင်မှုဟာ လောဘဖြစ်ပြီး၊ တွယ်တာကပ်ငြိမှု တက်မက်မှုမပါတာကိုတော့ဆန္ဒ လို့ခေါ်ရမှာပါ။ "

ကာမဂုဏ်အာရုံကိုတွေကိုလိုချင်တာ၊ရချင်တာ၊ခံစားချင်တာကို လောဘလို့ခေါ်ပြီး၊ ကုသိုလ်ပြုချင်တာ၊သီလဆောက်တည်ချင်တာ၊ဘာဝနာပွားချင်တာ၊ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကိုရချင်တာ စာပေတတ်ချင်တာ၊ဆင်းရဲသူများကိုပေးကမ်းလိုပြီး ပစ္စည်းဥစ္စာကို လိုချင်မှုမျိုးကျတော့ ဆန္ဒလို့ခေါ်ပါတယ်။ လွယ်လွယ်လေးမှတ်ချင်ရင်တော့ ကောင်းသောအရာမှာလိုချင်မှုသည် ဆန္ဒ၊ကာမဂုဏ်စတဲ့မကောင်းတဲ့လိုချင်မှုမျိုးကို တော့ လောဘလို့ခေါ်ပါတယ်။

ဤလောဘကို ချစ်ခင်ခြင်းပေမ ဟုလည်းကောင်း၊ တက်မက်ငတ်မွတ်ခြင်းတဏှာ ဟုလည်းကောင်း၊ မေထုန်မှုများတွင် လိုချင်မှုရာဂဟုလည်းကောင်း၊ တွယ်တာကပ်ငြိ ခြင်းသမုဒယဟုလည်းကောင်း အမျိုးမျိုးနာမည်တပ်၊ ခေါင်းစဉ်တပ်ပြီးပြောဆိုသုံးနှုန်း ကြပါတယ်။

" ပေမဟူသော အမည်ကို သားသမီး၊ညီအစ်ကို၊သမီး၊ခင်ပွန်း စသော အိမ်သူ အိမ်သားချင်း ဆွေမျိုးသားချင်း ချစ်ခင်မှုနှင့် ဆွေလိုမျိုးလို ချစ်ခင်မှုကို ပေမဟုခေါ်ပါတယ်။ "

ပေမ-လို့ခေါ်တဲ့ စကားမှာ ချစ်ခင်ခြင်းလို့အဓိပ္ပါယ်ရပါတယ်။ဤချစ်ခင်ခြင်းမျိုးကိုပင် သံယောဇဉ်လို့တစ်မျိုးခေါ်ဆိုပြီး၊သံယောဇဉ်ဆိုတဲ့စကားမှာ ကြိုးဟု အဓိပ္ပာယ်ရပါတယ်။ကြိုးဖြင့်ချည်နှောင်ထားသကဲ့သို့ တစ်ယောက်နှင့်တစ်ယောက်ကို မခွဲနိုင် မခွာရက်အောင်ချည်နှောင်ခြင်းလို့ဆိုလိုပါတယ်။

အဆင်း၊အသံ၊အနံ့၊အရသာ၊အတွေ့ ဤငါးပါးကိုလူတို့ လိုလားအပ်သောကြောင့် 'ကာမဂုဏ်ငါးပါး' ဟုခေါ်ပြီး ထိုကာမဂုဏ်ကိုသာမာန်လိုချင်မှုမျိုးမဟုတ်ပဲ ကတ်ကတ် သတ်သတ်လိုချင်မှုမျိုး၊မရမကလိုချင်မှုမျိုးဖြစ်သဖြင့် 'တဏှာ' ဟုသုံးစွဲကြပြန်တယ်။
ထိုကာမဂုဏ်ငါးပါးတို့မှာ မေထုန်မှုကို အလွန်လိုလားခြင်းကိုကျတော့ ရာဂဟုသုံးစွဲပါတယ်။ ရာဂဟူသော စကား၌ ငြိကပ်ခြင်း၊စွဲလမ်းခြင်း ဟု အဓိပ္ပာယ်ပြန်ဆိုရပါတယ်။ ထို့ကြောင့် ကာမဂုဏ်စတဲ့မကောင်းတဲ့အရာတွေကို လိုချင်မှု၊ တက်မက်မှုကို လောဘလို့ခေါ်တာပါ။ ကာမဂုဏ်တွေကိုခံစားချင်တာ၊ ခံစားတာ၊ ခံစားပြီးရင်းခံစားတာဟာလောဘလို့သတ်မှတ် ရမှာပါ။

" လောဘဆိုတဲ့အရာသည် သတိတရားဖြင့်မထိန်းနိုင်ရင်တော့ နွားငယ်ကလေး၏ ဦးချိုသည် ကြီးလေ ရှည်လေဖြစ်သကဲ့သို့ မွေးကတည်းက ပါလာတဲ့ ထိုတဏှာ လောဘသည်လည်း အရွယ်ကြီးလေ လောဘကြီးလေပင်ဖြစ်ပါတယ်။ "

ထိုကဲ့သို့လောဘကို မတားဆီးနိုင်သူ ဇရာအိုကြီးတို့အတွက်

" ယောင်ကြီးလျှင်ငိုက်၊ လူကြီးလျှင်မိုက်"

ဟု မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးကဆိုထားပါတယ်။

လောဘသည် ကုသိုလ်အထောက်အပံ့မရဘဲ သူချည်းသက်သက်ဖြစ်နေမည်ဆိုပါက သေးငယ်သောလောဘပင်ဖြစ်လင့်ကစား အပါယ်လေးပါးရောက်နိုင်ပါတယ်။

ဥပမာ သေးငယ်တဲ့ကျောက်မှုန့်လေးပင်ဖြစ်လင့်ကစား ရေသို့ကျပါကနစ်မြုပ်သကဲ့သို့ ဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှု အကူအညီပါလျှင်တော့ အပါယ်သို့မကျနိုင်ဘူးလို့ ပြောရမှာပါ။ ဆိုလိုတာက ကျောက်မှုန့်သေးသေးလေးသည်သူချည်းသက်သက်ဆို ရေတွင်နစ်မြုပ်နိုင်သော်လည်းလှေအကူအညီရလျှင် ရေတွင်မနစ်ဘဲ လှေ၏ အလိုအကျ လှေပေါ်တွင်ပါရသကဲ့သို့အတိုင်းဖြစ်သလိုမျိုးပါ။ ထို့ကြောင့်ဇတ်ဝတ္ထုတို့၌ တဏှာပေမ မကင်းသူချင်း ရင်းနှီးစွာ အကျိုးပေးလျက်ပါရမီဖြည့်ဖက်များဖြစ်ကြလေသည်။

ဥပမာ မြတ်စွာဘုရားလောင်းတော် သုမေဓာဘဝမှာ ယသော်ဓရာလောင်း သုမိတ္တာ မည်တဲ့အမျိုးကောင်းသမီးက ဘုရားရှင်နှင့်မကွဲမကွာဖြစ်ရလိုကြောင်း ဆုတောင်းခဲ့ ပါတယ်။ ထိုဝတ္ထုမှာ သူတော်ကောင်းနှင့်ဘဝဆက်တိုင်းပေါင်းသင်းလိုမှုသည် လောဘဟုမဆိုနိုင်ပဲ တမင်တကာဆုတောင်းရသော ကုသိုလ်ဆန္ဒကောင်းပင် ဖြစ်ပါတယ်။ ထို့ကြောင့် သမီး၊ ခင်ပွန်းစသူတို့အနေနဲ့ စိတ်တူကိုယ်တူ သဘောတူဖြစ် ကြတဲ့အခါမှာ တစ်ယောက်နှင့်တစ်ယောက်မခွဲခွာလိုကြ၊ သံသရာဝယ်ပါရမီဖြည့်ကျင့်ပြီး ကောင်းတဲ့ဘုံဘဝမှ နိဗ္ဗာန်လိုချင်မှုသည် ဆန္ဒသာဖြစ်ပေသည်။

ဆန္ဒရဲ့သဘောကား အထက်တွင်ဖော်ပြထားတဲ့အတိုင်း အာရုံတစ်ခုခုကို ပြုလိုခြင်း၊ (ရယူလိုခြင်း)သဘောပင်ဖြစ်ပါတယ်.ပြုလိုခြင်း၊ရယူလိုခြင်းဆိုရာမှာလည်း လောဘကဲ့သို့စွဲလမ်းတတ်ခြင်း၊ ကပ်ငြိတက်ချင်းမဟုတ်ဘဲ ပြုလိုရုံမျှ ရလိုမျှသာဖြစ် ပါတယ်။ ဤဆန္ဒသဘောသည် သတ္တဝါတို့၌ အလွန်ထင်ရှားပါတယ်။ ကလေးငယ် တစ်ယောက်ဟာ ဖခင်လက်မှ မိခင်လက်သို့ လိုက်ချင်၍ လက်လှမ်း၏။ ဤလိုက်ချင်မှု သည် ဆန္ဒတည်း။ ဟိုသွားချင်၊သည်လာချင်၊တစ်စုံတစ်ယောက်ကို တွေချင်မြင်ချင်၊ ကြားချင်၊နာချင်၊နမ်းချင်၊စားချင်၊ကိုင်ချင်၊ထိချင်၊တတ်သိနားလည်ချင်မှုအစုစုသည် ဆန္ဒသဘောသာဖြစ်ပါတယ်။

နိဗ္ဗာန်လိုချင်၊ အဂ္ဂသာဝက၊ မဟာသာဝကဖြစ်ချင်၊ ဘုရားဖြစ်ချင်၊ ရှင်ဘုရင်ဖြစ်ချင်၊ သူဌေးဖြစ်ချင်၊ နတ်ဖြစ်ချင်၊ ဗြဟ္မာဖြစ်ချင်၊ ရသေ့ ရဟန်းပြုချင်၊ လှူဒါန်းချင်၊ ဥပုသ်စောင့်၍နေချင်၊ ကုသိုလ်ရချင်စသည်တို့သည်လည်း ဆန္ဒသဘောပင်ဖြစ်ပါသည်။ တော်ရုံတန်ရုံလိုချင်မှုမျိုး၌ ဆန္ဒအားသေးပြီး၊ မဖြစ်မနေ ရချင်၊ ဖြစ်ချင်မှုမျိုး၌ ဆန္ဒအားကြီး၏။ ဤဆန္ဒကိုအရင်းခံပြီး ဝီရိယသန်သန်ဖြင့် ပါရမီတော်တွေကိုဖြည့်ကျင့် တော်မူခဲ့သောကြောင့် နောက်ဆုံးမှာ ဆန္ဒတော်အတိုင်း ဘုရားဖြစ်တော်မူရသည်။
ဒါကြောင့်ဆန္ဒဆိုတာ လူတိုင်းတွင်ရှိအပ်ပါတယ်။ထိပ်တန်းရောက်ရန် အခြေခံ ဆန္ဒမျှ မရှိသေးလျှင် ထက်သန်သော ဝီရိယကို မည်သူမျှ ပြုကြမည်မဟုတ်။ သို့ဖြစ်၍ အကျိုးကျေးဇူး တစ်ခုခုရလိုသော ဆန္ဒကို ပထမဖြစ်ရမည်။ ဤဆန္ဒမျိုးကို အာသာဟုခေါ်သည်။ (အာသာ=လိုလားတောင်းတခြင်း) ထို့နောက် အာသာဆန္ဒရှိနေရုံနှင့် (ဆုတောင်းနေရုံမျှဖြင့်) မရနိုင်ကြောင်းကိုနားလည်ကာ စိတ်ပါလက်ပါ ဝီရိယစိုက်ရမည်။ (ဥပမာ)ရန်ကုန်မှ မန္တလေးသို့သွားလိုခြင်းသည်ဆန္ဒ ဖြစ်သည်။ ထိုဆန္ဒဖြစ်နေရုံမျှဖြင့် မန္တလေးသို့မရောက်နိုင်၊ မန္တလေးသို့သွားနိုင်အောင် ကားခ၊ မီးရထားခ၊ လေယာဉ်ခ စရိတ်ကို လုံလောက်အောင်ရှာရမည်။ထိုသို့ရှာခြင်းကား ဝီရိယ သဘောတည်း၊ ထို့အတူပင် နိဗ္ဗှာန်ရလိုလျှင် ဘုရားအဖြစ်၊သာဝကအဖြစ် အမျိုးမျိုးနှင့်တန်အောင် ပါရမီကောင်းမှုများကိုကြိုးစားအားထုတ်ရမည်။
ယခုခေတ် အထက်တန်း ထိပ်တန်းရောက်နေသူများသည် ဘုန်းနှင့်သမ္ဘာ ထက်ကြပ်ပါပြီး စိတ်သွားတိုင်းကိုယ်ပါလျက် လိုရာပြီးနိုင်သော မိုးပေါ်ကျ ရွှေကိုယ်တော်များမဟုတ်ပဲ အာသာဆန္ဒအလိုက် ဝီရိယ စိုက်ထားသူများသာ ဖြစ်ပါတယ်။ ထို့ကြောင့် အလွန်ရခဲသော လူဘဝကိုရနေလျက် တိုးတက်လိုသော အာသာဆန္ဒကင်းလျက် အဖျင်း အ.အ၊အပျင်းအနတွေဖြစ်နေပါလျှင် တိရိစ္ဆာန်ဘဝနှင့် မခြားရတော့ကား မိမိကိုယ်တိုင် ယခုဘဝလည်းအထက်တန်းရောက်အောင် နောင်သံသရာလည်း မဂ်လမ်း ပေါက်အောင် ထက်သန်သော အာသာဆန္ဒကို ကိုယ်စီကိုယ်ငှလက်ကိုင်ထားသင့်ပါတယ်။ (ဆန္ဒဝတော ကိံ နာမ
နသိဇ္ဈတိ=ဆန္ဒရှိသူမှာ မပြီးနိုင်သော အရာမရှိ၊ အာသာ ဖလဝတီ သုခါ=တောင်တမှုသည် ကြိုးစား၍အကျိုးရလျှင် ချမ်းသာကိုဖြစ်စေနိုင်၏။)

နိဂုံးချုပ်အနေနဲ့ လူအများသုံးစွဲနေကြတဲ့ စကားတွေမှာ လိုချင်တယ်၊ ရချင်တယ်၊ ခံစားချင်တယ်၊ စတဲ့ “ချင်” ဆိုတဲ့စကားပါတိုင်းလောဘဟုမသတ်မှတ်သင့်ပါ။ "ချင်"ပါတိုင်းလောဘဟုသတ်မှတ်လျှင် လောဘနှင့် ဆန္ဒကို ကွဲကွဲပြားပြားနားမလည်၍ သာဖြစ်ပါတယ်။ ကာမဂုဏ်နဲ့ဆိုင်တဲ့ အာရုံတွေကို လိုချင်တာ၊ ခံစားချင်တာ၊ တက်မက်စွဲလန်း ငန်းငန်းတက်တက်လိုချင်မှုသည်လောဘဖြစ်ပြီး၊ဆန္ဒ၏သဘောမှာ တက်မက်စွဲလန်းခြင်းကင်းပြီး ရချင်လိုမှု ဖြစ်ချင်လိုမှုစိတ်သက်သက်သာ ဖြစ်ပါတယ်။ လောဘ၏ သဘောသည် မကောင်းမှုဘက်သို့ညွတ်ပြီး၊ ဆန္ဒ၏သဘောမှာ အကောင်းဘက်သို့ယိမ်းပါတယ်။ လောဘ၏ လိုချင်မှုသည် ဆင်းရဲပူလောင် စေပြီး၊ ဆန္ဒ၏လိုချင်မှုသည် ချမ်းသာအေးငြိမ်းစေ၏။ ထို့ကြောင့်ကောင်းသည့်အရာများတွင် လိုချင်မှု၊ ဖြစ်ချင်မှု၊ လွတ်မြောက်ချင်မှု၊ ကယ်တင်ပေးချင်မှုသည် ဆန္ဒဖြစ်ပြီး၊ မကောင်းတဲ့အရာများကို တက်မက်ခြင်း၊ ငြိတွယ်ခြင်း ငန်းငန်းတတ်လိုချင်မှုများသည်လောဘသာဖြစ်ကြောင်း၊ လောဘကိုပယ်ပြီး၊ ဆန္ဒကိုတည်ဆောက်ကာ အားထုတ်ခြင်းဆိုတဲ့ ဝီရိယကို ဖြည့်လိုက်ပါက ပစ္စုပ္ပာန် သံသရာ နှစ်ဖြာကောင်းကျိုးများရစေမည်ဖြစ်ကြောင်း အသိပေးရေးသားလိုက်ရသည်။

ကိုးကား၊ ။ အရှင်ဇနကာဘိဝံသ ၏ (ကိုယ်ကျင့်အဘိဓမ္မာ၊သဂြိုဟ်ဘာသာဋီကာ) မှီငြမ်းရေးသားသည်။
အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ (နာလန္ဒာ တက္ကသိုလ်၊အိန္ဒိယနိုင်ငံ)


buddhismworld မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
worldofwisdom