အစိုးရ ကယ် ပါ မြတ်ဆရာတွေ ညှာတာ ပါ

ပို့စ်တင်ချိန် - 5/24/2014 06:38:00 PM



ဖြစ်နေတာကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပဲ။ ဒါပေမဲ့ ကျွန်တော်တို့ရွာက ကျူရှင်ယဉ် ကျေးမှုအကြောင်းလေးကို ပြောချင်ပါတယ်။ ဘယ်လောက်အတိုင်းအတာအထိ ဖြစ်နေလို့လဲလို့မေးရင် အသက်ငါးနှစ်ပြည့်ပြီးစ သူငယ်တန်းကလေးတွေကအစ ကျောင်းပြင်ပကျူရှင်ကျောင်းကို တက်နေရတယ်။ ဒါက သူ့အရပ်နဲ့ သူ့ဇာတ်လိုကိုဖြစ်နေတာပါ။ ကိုယ့်သားသမီး ကို စာတတ်စေချင်တဲ့ မိဘတွေရဲ့ စိတ်စေတနာကတော့ အံ့မခန်းပါပဲ။

ဆိုးတာကတော့ အဲဒီကျူရှင်ဝိုင်းလေးတွေကို အဓိက သင်ကြားပေးနေတာက ရွာအရှေ့ပိုင်းက အထက်တန်း ကျောင်းခွဲက ဆရာ၊ဆရာမတွေကိုယ်တိုင် ဖြစ်နေတာပါ ပဲ။ သူတို့သင်တဲ့ကျူရှင်ဝိုင်းကိုမှ
မတက်ရင် ကျောင်းခန်းအတွင်း
မျက်နှာငယ်ရတဲ့အဖြစ်မျိုးကိုလည်း ဘယ်မိဘကမှ အလို မရှိကြပါပကော။ ဒါကြောင့် သူတို့က အစိုးရဝန်ထမ်း ကျောင်းဆရာတွေသင်ကြားတဲ့ ပြင်ပကျူရှင်ဝိုင်းကိုတက် ဖြစ်ခဲ့ရတာပါ။

မန္တလေးတိုင်း သာစည်မြို့နယ် သာဂရရွာဆိုရင် အဲဒီ အနီးနားပတ်ဝန်းကျင်က ရွာတိုင်းသတိပြုမိကြပါတယ်။ ရွာ က အိမ်ခြေတော်တော်များတယ်။ ရွာသူရွာသားတွေထဲမှာ ဘွဲ့ရပညာတတ်၊ ဆယ်တန်းအောင် တော်တော်များပါ တယ်။ တချို့များ ဘွဲ့ရတာတောင် ရွာမှာတင် ဆိတ်ကျောင်း၊ နွားကျောင်းအလုပ်ကို လုပ်နေကြတုန်း။ တချို့လည်း မိဘ လက်ငုတ်လက်ရင်း တောင်သူအလုပ်လုပ်ကြတယ်ဗျ။

သတင်းသမားကလည်းဖြစ်၊ စပ်စပ်စုစုကလည်းနေ တတ်တော့ တစ်နှစ်တစ်ခေါက်ရွာပြန်ရောက်တာနဲ့ သတင်း ဖြစ်လောက်တဲ့ အကြောင်းအရာတွေစုပြုံပြီး ကျွန်တော့်ဆီ ရောက်လာတော့တာပဲ။ တချို့အကြောင်းတွေများဆိုရင် ရေးလို့ပင်မကောင်းပါဘူး။ ရွာလယ်လမ်းမကြီး၊ လှည်း လမ်းကြောင်းနေရာမှာ လမ်းဘေးအိမ်တွေက ကျလာတဲ့ ရေတွေကြောင့် ဗွက်ထနေတာကအစ ရွာကျောင်းမှာ ကျောင်းသားတွေအတွက် စာသင်ခုံမလောက်ငတာအဆုံး ပေါ့ဗျာ။

လာမယ့်နှစ်ဆိုရင် ဆယ်တန်းတက်ရတော့မယ့် ကျွန် တော့်ညီမဝမ်းကွဲလေးအကြောင်း တွေးပူနေရတဲ့ ကျွန် တော့်ဒေါ်လေးကပဲ စပြောရတော့မှာပဲ။ ကိုးတန်းအောင် ပြီးတဲ့အခုအချိန်အထိ သူ့သမီးက စာလိုက်နိုင်တယ်တဲ့။ ရွာကျောင်းကသာ ကောင်းကောင်းသင်ပေးရင် အပြင်မှာ ကျူရှင်တက်စရာလိုမှာမဟုတ်ဘူးလို့ သူကယုံကြည်တယ်။ ဒါပေမဲ့ အပြင်ကျူရှင်ကတော့ မထားလို့ကိုမဖြစ်တဲ့အခြေ အနေဖြစ်လို့ ထားရဦးမှာတဲ့။ ဘာလို့လဲမေးတော့ ကျောင်း ကဆရာမတွေက စာမသင်ကြလို့တဲ့။ ဘာလို့ မသင်လဲ မေးတော့ သူတို့က အပြင်ကျူရှင်ဝိုင်းမှာသင်တာတဲ့။ သူ တို့သင်တဲ့ကျူရှင်ကိုမတက်ရင် ကျောင်းမှာ မျက်နှာမရ ဘူးတဲ့။ နားလည်အောင်လည်း သင်မပေးဘူးတဲ့။

သာဂရရွာက စာသင်ကျောင်းက မကြာသေးခင်နှစ် ကမှ အထက်တန်းကျောင်းခွဲဖြစ်တာပါ။ ကျွန်တော်တို့ ကျောင်းသားဘဝကဆိုရင် တွဲဖက်အထက်တန်းကျောင်း အဆင့်ပဲရှိသေးတာ။ ရွာအနောက်ဘက်ခပ်ယွန်းယွန်းက ဟံဇားဆိုတဲ့မြို့ကျောင်းရဲ့ ကျောင်းခွဲသဘောမျိုးပေါ့။ အဲဒီ တုန်းက ကျွန်တော်တို့ရွာကျောင်းမှာ ကိုးတန်း၊ ဆယ်တန်း အတွက် အပြင်က တက္ကသိုလ်ဘွဲ့ရပြီးသား၊ စာသင်ဝါသနာ ပါတဲ့သူကို ငှားရမ်းပြီး သင်ပေးခဲ့တာပေါ့။ အခု အထက် တန်းကျောင်းခွဲဖြစ်ပြီဆိုတော့ အဲဒီလို ဆရာငှားရပြီးသင် ရတဲ့သဘောမျိုးမဟုတ်တော့ဘူး။ တိုးတက်လာတယ်ဆို ရမှာပေါ့။ နှစ်ကာလကလည်း ဆယ်စုနှစ်တစ်ဝက်လောက် ရှိပြီကိုး။

ဒါပေမဲ့ ကျူရှင်ဝိုင်းတွေတိုးပွားလာတာကတော့ မရှု မလှပါပဲ။ ကျူရှင်ဆိုတဲ့ ဝေါဟာရကို ဘယ်လိုအဓိပ္ပာယ် ဖွင့်ကြလဲတော့ ကျွန်တော်လည်း သိပ်နားမလည်ပါဘူး။ သို့သော် ကျူရှင်ရဲ့အကျိုးသက်ရောက်မှုတွေကတော့ တော် တော်ကို ပြင်းရှပါတယ်။ တချို့ကျောင်းသား၊ ကျောင်းသူ လေးတွေဆိုရင် ကျောင်းတက်ရတဲ့စရိတ်ထက်ပဲ ကျူရှင် စရိတ်မတတ်နိုင်လို့ ကျောင်းတက်ဖို့ကို မစဉ်းစားနိုင်တော့ တဲ့ အဖြစ်မျိုးရှိပါတယ်။
ကျူရှင်ဆိုတာ ကျောင်းသားတွေအတွက် အထောက် အပံ့ပေးရာ စာသင်ဝိုင်း၊ စာကျက်ဝိုင်းလေးပဲဖြစ်သင့်ပါ တယ်။ ကျူရှင်သင်တာကို အပြစ်ဖို့ပြောဆိုနေတာ မဟုတ် ပါဘူး။ စာမလိုက်နိုင်တဲ့ကလေးတွေအတွက် ကျူရှင်တွေ ရှိသင့်ပါတယ်။ ဒါပေမဲ့ အစိုးရဝန်ထမ်းဆရာ၊ ဆရာမတွေ ကိုယ်တိုင်က ကျူရှင်ပြပြီး ငွေရှာနေတာတော့ မကောင်း ဘူးလို့ပဲ မြင်ပါတယ်။

သာဂရရွာမှာဆိုရင် ကိုးတန်း၊ ဆယ်တန်း ကျောင်း သား၊ ကျောင်းသူတွေကို စာသင်ပေးနေတဲ့ ကျူရှင်ဝိုင်း သုံးခုထက်မနည်းရှိပါတယ်။ သူငယ်တန်း၊ တစ်တန်း၊ နှစ် တန်း၊ မူကြိုကအစ ကျူရှင်ရှိပါတယ်။ တော်တော်များများ က အစိုးရဝန်ထမ်းကျောင်းဆရာ၊ ဆရာမတွေကိုယ်တိုင် သင်ကြားနေကြတာပါ။ သူတို့ကျူရှင်ဝိုင်းတွေကို မတက် တဲ့ ကလေးများဆိုရင် ကျောင်းခန်းထဲမှာ နေရာကောင်း ကောင်းမပေးဘူး၊ မျက်နှာသာမပေးဘူး စသည်ဖြင့်ပြော ဆိုမှုများရှိလို့ သာစည်မြို့နယ်ပညာရေးမှူးရုံးကတောင် ခေါ်ယူစစ်ဆေးခဲ့ရတဲ့ သာဓကတွေလည်း ရှေ့မှာရှိခဲ့ပါ တယ်။

အခုကျူရှင်အကြောင်းကိုတော့ ရွာမှာ လက်ရဲ၊ ဇက် ရဲ၊ ပါးစပ်ရဲတဲ့ ကာလသားခေါင်းဆောင် တစ်ယောက် အတွက် အကြံအိုက်နေတဲ့အခြေအနေပါ။ သူက ပြောပါ တယ်။ 'သူ့အရပ်နဲ့ သူ့ဇာတ်လိုကို ဖြစ်နေတာ၊ ဘယ်ကို တိုင်ရမှန်းမသိလို့။' ကျွန်တော်လည်း အားပေးစကားပြော ခဲ့ပါတယ်။ ''သူ့အရပ်နဲ့သူ့ဇာတ်ဆိုပေမယ့် ဇာတ်မကောင်း ရင်တော့ ဖျက်ပစ်ရမှာပဲ''လို့။ ပြောမယ့်သာ ပြောခဲ့ရတာ ကျွန်တော်အားကိုးမယ့် ပညာရေးဝန်ကြီးဌာနက အဆင့်မြင့် အရာရှိကြီးတွေကရော အလေးတယူဖြေရှင်းပေးပါ့မလား ဆိုတာ သံသယဖြစ်မိပါတယ်။

ဦးသိန်းစိန်အစိုးရတက်လာပြီးကတည်းက အစိုးရ ဝန်ထမ်းကျောင်းဆရာ၊ ဆရာမတွေကို ကျောင်းပြင်ပကျူ ရှင်မသင်ဖို့ ပြောဆိုတားမြစ်မှုတွေရှိခဲ့တယ်ဆိုတာ မှန် သောစကားပါ။ ဒီစကားဟာ အောက်ခြေကျေးလက်အ ဆင့်မပြောနဲ့၊ မြို့နယ်အဆင့်မှာတော့ အာဏာစက်သက် ရောက်မှုမရှိခဲ့ဘူးဆိုတာလည်း မှန်သောစကားဖြစ်ပါလိမ့် မယ်။ ဘာကြောင့် အစိုးရဝန်ထမ်းကျောင်းဆရာ၊ ဆရာမ တွေ ကိုယ်တိုင်ကျောင်းပြင်ပမှာ ကျူရှင်သင်နေကြတာလဲ၊ ပိုက်ဆံရှာနေကြတာလဲလို့မေးရင် အဖြေဘယ်လိုရှိပါ့မလဲ။
အားလုံး တညီတညွတ်တည်းဖြေကြမှာကတော့ သူ တို့ရတဲ့လစာနည်းလို့၊ မလောက်ငလို့ဆိုတာပဲ ဖြစ်ပါလိမ့် မယ်။ ကျောင်းသားတွေကို စာပိုတတ်စေချင်လို့ ဆိုတာ တော့ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင် ပဲ ကျောင်းသားတွေကို တစ်နှစ်ပတ်လုံး၊ သတ်မှတ်ထားတဲ့ သင်ရိုးကုန်အောင် သင်ခွင့်ရတယ်မဟုတ်လား။

အစိုးရကပေးတဲ့လစာမလောက်ငရင်လည်း ကိုယ့် ရဲ့ ကိုယ်ကျင့်တရားကိုတော့ အပျက်မခံဖို့အတွက် မြတ် သောဆရာတွေအနေနဲ့ သတိချပ်စေချင်ပါတယ်။ အခုလို ဆိုတာ ကျွန်တော်တို့သာဂရရွာကျောင်းဆရာ၊ ဆရာမတွေ တင်မကပါဘူး၊ တစ်နိုင်ငံလုံးမှာ ဒီအတိုင်းဖြစ်နေတဲ့ဆရာ၊ ဆရာမတွေအတွက် တိုက်တွန်းရခြင်းဖြစ်ပါတယ်။ လျှာ ပေါ်မြက်ပေါက်ပါစေ၊ ကျောင်းသားဆီကတော့ လက်ဖြန့် မတောင်းဘူးဆိုတဲ့ စိတ်ထားမျိုးရှိတဲ့ ကျွန်တော့် ဆရာ တစ်ယောက်လည်းကြုံဖူးပါတယ်။ သူ့လိုဆရာမျိုးတွေအ တွက်တော့ အခုလိုပြောဆိုရေးသားမိတာ များစွာ စိတ် မကောင်းပါဘူး။
ဒီကိစ္စဟာ ဟိုအရင်တုန်းက စေတနာ၊ ဝါသနာ၊ အနစ် နာဆိုတဲ့ နာသုံးနာလည်း ဘယ်ရောက်သွားကုန်ပြီလဲလို့ မေးစရာဖြစ်လာတယ်။ ကျောင်းဆရာ၊ ဆရာမတွေကိုယ် တိုင် ကိုယ့်ကိုအားကိုးလို့လာတဲ့ တပည့်တွေထံကပိုက်ဆံ တောင်း၊ အမြတ်ရှာနေတဲ့ သဘောရောက်နေပါပြီ။ ဓားမပြ ပေမယ့် ဆရာ့မျက်နှာကို ကြည့်နေရတဲ့ ကျောင်းသားတွေ က တုတ်ပြရင်လည်း ကြောက်ပါတယ်။ မျက်လုံးပြူးပြရင် လည်း ကြောက်ပါတယ်လို့ဆိုရင် အလွန်အကြူးတင်စား ရာမကျပါဘူး။ ဒီသဘောပဲရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အစိုးရပညာရေးဝန်ကြီးဌာနအနေ နဲ့ ပညာရေးအဆင့်အတန်းတိုးတက်ရေးအတွက် အမျိုး သားအဆင့် ပညာရေးမူဝါဒတွေရေးဆွဲနေသလိုမျိုး လက် တွေ့မှာ ဖြေရှင်းလို့ရမယ့် အစိုးရဝန်ထမ်းကျောင်းဆရာ၊ ဆရာမတွေကို ကျောင်းပြင်ပကျူရှင်သင်ပြနေတာတွေကိုတော့ ဦးစားပေးစဉ်းစားသင့်တယ်လို့ မြင်ပါတယ်။ ဘာ လို့လဲဆိုတော့ အခုပဲ အစိုးရကျောင်းတွေ ပြန်ဖွင့်တော့ မှာပါ။ ဒီယဉ်ကျေးမှုတစ်ခုလိုဖြစ်နေတဲ့ ဒီကျူရှင်ဆိုတာ ကြီးကို နိုင်ငံ့သားကောင်း၊ ကလေးငယ်များအားလုံး ရင်ဆိုင် ကြုံတွေ့ရတော့မှာပါ။ အစိုးရ ကယ်ပါ။ မြတ်ဆရာများက ကိုယ့်တပည့်များအပေါ် ညှာတာပါ။ သူတို့လေးတွေက ဖြူစင်ကြပါတယ်။ သူတို့လေးတွေကလည်း နောင်တစ်ချိန် ကျောင်းဆရာ၊ ဆရာမဖြစ်မလာဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး။ သူတို့လေးတွေကို အတုယူမမှားစေချင်ပါဘူး။

အခုလို ပြောဆိုနေတာ ကိုယ့်ကို စာသင်ပေးဖူးတဲ့ ကျေးဇူးကိုမှမထောက်ဘဲ၊ ပြောရက်ဆိုရက်တယ်လို့ မမြင် စေချင်ပါဘူး။ ကိုယ့်ဆရာသမားတွေကို ထာဝရမြတ်သော ဆရာတွေပဲ ဖြစ်စေချင်တဲ့သဘောပါ။

မောင်သာစည် - ရေးသည်။ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ(၁၀) အမှတ် (၁၉)