၃၅ တန်ရှိ ကျောက်စိမ်းတုံး သက်နုကျောက်စိမ်းဟု အတည်ပြု

ပို့စ်တင်ချိန် - 2/28/2014 01:38:00 PM


ဟိန်းကိုစိုး

ကချင်ပြည်နယ် ဖားကန့်တွင်တွေ့ရှိထားသော ၃၅ တန်အလေးချိန်ရှိ ကျောက်တုံးသည် သက်နုကျောက် စိမ်းတုံးဖြစ်သည်ဟု သတ္တုတွင်းဦးစီးဌာန၊ ကျောက်စိမ်းတူးဖော်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်က မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

ယင်းကျောက်စိမ်းတုံးကို ဖားကန့် ရတနာမြေ မြစိမ်းရောင်ခြယ် သ/မအသင်း ဝှေခေါမှော်လုပ်ကွက်အမှတ် (၁၀)တွင် ဖေဖော်ဝါရီလ ၉ ရက်က တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ရာ ၎င်းကို သက်ဆိုင်ရာကုမ္ပဏီကသာ စီမံခန့် ခွဲသွားမည်ဖြစ်သည်။

“လုံးခင်းမှာဆို လမ်းဘေးမှာတောင် ကျောက်စိမ်းတွေ တွေ့နိုင်တယ်။ ဒီဟာက သက်တမ်းနုကျောက်စိမ်း တုံး၊ အဖိုးမတန်ဘူးလို့လဲ ပြောရခက်တယ်။ တန် ၃,၀၀၀ ကျောက်စိမ်းတုံးတောင်မှ ကျောက်စိမ်းပါချင်မှပါ တာတွေ ရှိတယ်။ ဒီဟာကိုလည်း ဓာတ်ခွဲနေတယ်။ ဘယ်လိုပါဝင်မလဲဆိုတာ အခုပြောလို့မရသေးဘူး”ဟု ဦးသက်နိုင်က ဆိုသည်။

အဆိုပါကျောက်စိမ်းတုံးတွင် အယ်ဘိုး၊ အမ်ပီဖိုး ပါဝင်မှုများပြားသည်ဟု ဆိုသည်။ ၎င်းကျောက်စိမ်းတုံးကို ဖေဖော်ဝါရီ ၂၂ ရက်တွင် လုံးခင်းရှိ ကျောက်စိမ်းတူးဖော်ရေးဌာနအတွင်းသို့ ပြောင်းရွှေ့ထားသည်။

Mizzima - News in Burmese