လေဘေးသင့် ဒေသခံများ ဆန်နှင့်ဆီမှအပ အခြားထောက်ပံ့မှု မရရှိ

ပို့စ်တင်ချိန် - 5/11/2014 01:06:00 PM




ပြည်၊ မေ ၁၀

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် ရွှေတောင်မြို့တွင် မေလ ၇ ရက်နေ့က တိုက်ခတ်သွားသည့် လေပြင်းကြောင့် အိမ်ပြိုကျ ပျက်စီးခဲ့ရသူများမှာ ဆန်နှင့် ဆီတို့မှအပ အခြားထောက်ပံ့မှုများ မရရှိသေးကြောင်း လေဘေးသင့် ဒေသခံများထံမှ သိရသည်။

ရွှေတောင်မြို့နယ်တွင် မေလ ၇ ရက်နေ့က တိုက်ခတ်ခဲ့သည့် လေပြင်းဒဏ်ကြောင့် ရွှေဟင်္သာ ကျေးရွာအုပ်စု ညောင်ကုန်းရွာဟောင်းနှင့် ကျီးသဲကျေးရွာအုပ်စု ချောင်းထောင့် ကျေးရွာတို့ရှိ အိမ်ခြေ ၂၄ လုံး ပြိုကျခဲ့ပြီး အိမ်ခြေ အနည်းဆုံး ၂၀ ကျော် ပျက်စီးခဲ့၍ လူဦးရေ ၁၇၄ ဦး လေဘေးသင့်ခဲ့ရပြီး ကျပ်သိန်း ၃၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ခရိုင်မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

“အိမ်တိုင်ကနေ ကျွတ်ထွတ်သွားတယ်။ ခုတော့ ယာယီ တဲထိုးနေရတာပဲ။ ဆန်နဲ့ဆီ ထောက်ပံ့ပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အခြေအနေ ဆိုတော့ အလုပ်မလုပ်နိုင်တော့တဲ့ အတွက် ငွေကြေးကတော့ ခက်ခဲတာပေါ့။ မိုးကလည်း ရွာနေတော့ တဲမှာ မိသားစု သုံးယောက် မလုံ့တလုံနေ နေရတာပဲ” ဟု ညောင်ကုန်းရွာဟောင်းက ဦးအောင်မင်းက The Voice သို့ ပြောဆိုသည်။

လေဘေးသင့် ဒေသခံများကို မြို့နယ် သဘာဝဘေး တားဆီးကာကွယ်ရေး အဖွဲ့က တစ်အိမ်လျှင် ဆန် ၁၀ ပြည်နှုန်း ထောက်ပံ့နေပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်တို့က ဆန်ငါးပြည် ထပ်မံ ထောက်ပံ့ပေးထားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးက တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကယ်ဆယ်ရေး ပစ္စည်းတွေအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားတယ်။ လေဘေးသင့်တဲ့ သူတွေက ဆွေမျိုးနီးစပ် အိမ်တွေ၊ စာသင်ကျောင်းတွေမှာ နေတယ်။ တချို့လည်း တဲထိုးနေကြတယ်။ ထောက်ပံ့မှုထဲမှာ ငွေပါ မပါတော့ အစိုးရအဖွဲ့က ပြန်ချပေးမှပဲ သိမယ်” ဟု ၎င်းက ထပ်မံ ရှင်းပြသွားသည်။

ရွှေတောင်မြို့နယ်တွင် ဧပြီလ ၁၂ ရက်နေ့ ညနေပိုင်းကလည်း လေပြင်းဒဏ်ကြောင့် လူသုံးဦး သေဆုံးခဲ့ကာ ကသစ်တိုင်း အုပ်စု၊ မဲတောအုပ်စု၊ ဆည်ကြီးကုန်းအုပ်စု အစရှိသည့် ကျေးရွာအုပ်စုများမှ လူဦးရေ ၁၃၈ ဦးခန့် လေဘေးဒဏ်သင့်ခဲ့ပြီး ထိုစဉ်က ပြိုကျ ပျက်စီးခဲ့သည့် နေအိမ် အများစုမှာလည်း ငွေကြေး အခက်အခဲကြောင့် ပြန်ဆောက်ရန် အကူအညီ လိုအပ်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။
The Voice Weekly