ကင်ညာနိုင်ငံသားတို့၏ အချစ်တော် ဆင်ရိုင်းကြီး ဆင်စွယ်မုဆိုးတို့ လက်ချက်ဖြင့် သေဆုံး

ပို့စ်တင်ချိန် - 6/16/2014 05:46:00 AM


ကင်ညာနိုင်ငံသားတို့ အချစ်ခင်ဆုံး၊ တန်ဖိုးအထားဆုံး အာဖရိက ဆင်ရိုင်းကြီး တစ်ကောင်မှာ ဆင်စွယ်မှောင်ခို မုဆိုးများ လက်ချက်ကြောင့် အသက်ဆုံးရှုံးသွားကြောင်း သိရှိရသည်။

ဆာတာအိုခေါ် ဆင်ကြီးသည် ကမ္ဘာပေါ်တွင် အရွယ်အစား အကြီးဆုံး ဆင်များအနက် တစ်ကောင်ဖြစ်ပြီး ကင်ညာနိုင်ငံသားများကြား ရေပန်းအစားဆုံး ဂုဏ်ပြုခံ တိရစ္ဆာန် တစ်ကောင်လည်း ဖြစ်သည်။

မြေကြီးနှင့် ထိလုနီးပါး ရှည်လျားပြီး တုတ်ခိုင်သန်စွမ်းသော အစွယ်များကြောင့် လူသိများသည့် ဆင်ကြီးကို ဆာဗိုး အမျိုးသားဥယျာဉ်၏ အစွန်အဖျား နေရာတစ်ခုတွင် သေဆုံးလျှက်သား ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

လင်းတများ ဝဲပျံနေသည့် အလောင်းကောင်အဖြစ် ဆာတာအိုကို ပြန်လည်တွေ့ရှိချိန်တွင် ၎င်း၏ မျက်နှာ အစိတ်အပိုင်း အချို့နှင့် ဆင်စွယ်တို့မှာ လှီးဖြတ်ခံထားရပြီး ဖြစ်နေကြောင်း သိရသည်။

(၁၉၆၀)ပြည့်လွန်နှစ်များက မွေးဖွားခဲ့သည်ဟု ယူဆရသော ဆင်ရိုင်းကြီး၏ အစွယ်သည် ပေါင်(၁၀၀)မျှ အလေးချိန် ရှိသည်။ ဆင်စွယ်မုဆိုးများသည် ပြင်းထန်သော အဆိပ်ရည်များ သုတ်လိမ်းထားသည့် မြားဖြင့် ဆာတာအိုအား ပစ်ခတ် သတ်ဖြတ်သွားခြင်း ဖြစ်သည်။

ဆာတာအို အသတ်ခံရခြင်းသည် အာဖရိကတလွှားတွင် ဆင်ရိုင်းများ အစွယ်အတွက် အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရမှုကို ပိုမိုထင်ဟပ် ပေါ်လွင်လာစေသည်။ စာရင်းများအရ (၂၀၁၃)ခုနှစ်၊ တစ်နှစ်တည်းတွင်ပင် ဆင်စွယ်မှောင်ခိုသမားများ လက်ချက်ကြောင့် အာဖရိကဆင်ရိုင်း (၂၀၀၀၀)ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

_edition.cnn
7Day Daily