ကာတာနိုင်ငံအပေါ် ဗြိတိန်မီဒီယာများ၏ စွပ်စွဲချက်များအား ဖီဖာတုံ့ပြန်

ပို့စ်တင်ချိန် - 6/16/2014 06:27:00 AM


ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)သည် ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင် ကာတာနိုင်ငံအပေါ် ဗြိတိန်မီဒီယာများက စွပ်စွဲပြောဆိုနေမှုများနှင့် ပတ်သက်၍ တုံ့ပြန်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗြိတိန်နာမည်ကျော် သတင်းစာတစ်စောင်ဖြစ်သည့် Sunday Times သတင်းစာသည် ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင် ရွေးချယ်ပွဲတွင် ကာတာနိုင်ငံ အနိုင်ရခဲ့သည့်နောက်ကွယ်မှ ဖြစ်ရပ်များကို ဆက်တိုက်ရေးသား ဖော်ပြလျက်ရှိနေပြီး ယခုအခါ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံတွင် ကျင်းပခဲ့ပါက အကြမ်းဖက်မှုများကြောင့် ပရိသတ်များ၊ ကစားသမားများနှင့် နည်းပြများ၏ လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေကြောင်း ရေးသားဖော်ပြခဲ့သည်။ သို့ဖြစ်ရာ ဖီဖာက Sunday Times သတင်းစာ၏ ရေးသားချက်များအပေါ် ပြန်လည်တုံ့ပြန်ခဲ့ပြီး ယင်းသတင်းများမှာ ခိုင်လုံမှုမရှိကြောင်း ဆိုခဲ့သည်။

ဖီဖာ၏ ပြန်ကြားရေးဌာန အကြီးအကဲ ဒီလီယာဖစ်ရှာက “Sunday Times သတင်းစာရဲ့ ဖော်ပြချက်တွေဟာ စဉ်းစားစရာမလိုတဲ့ ကိစ္စတွေပါ။ မြို့ကြီးတွေမှာ၊ လူတွေအများကြီးနေထိုင်တဲ့ နေရာမျိုးမှာ အကြမ်းဖက်မှု ဖြစ်ရပ်တွေ ဖြစ်ပွားဖို့ အလားအလာရှိတာ အားလုံးအသိပါပဲ” ဟုဆိုခဲ့သည်။

Eleven Media Group