ကစားသမားများ၏ ဝတ်လစ်စားလစ် ဓာတ်ပုံများ ထွက်ပေါ်မှုကြောင့် မီဒီယာများကို ခရိုအေးရှား ပိတ်ပင်

ပို့စ်တင်ချိန် - 6/16/2014 07:56:00 PM


ခရိုအေးရှား လက်ရွေးစင် ကစားသမားများ၏ ဝတ်လစ်စားလစ် ဓာတ်ပုံများ ထွက်ပေါ်လာမှုကြောင့် အသင်းတည်းခိုနေသော ဟိုတယ်သို့ မီဒီယာများ လာရောက်သတင်းယူခွင့်ကို ပိတ်ပင်လိုက်သည်။

ဘရာဇီး နိုင်ငံသို့ ရောက်ရှိနေသည့် ခရိုအေးရှား အသင်းမှ ကစားသမားများ အဝတ်အစားများချွတ်ပြီး ရေကူးကန်တွင် စိတ်အေးလက်အေး အနားယူနေသော ဓာတ်ပုံများ အင်တာနက်ပေါ် ပျံ့နှံ့လာခြင်း ဖြစ်သည်။

ရေကူးကန် နံဘေးရှိ ချုံပုတ်တစ်ခုအတွင်းမှ ချောင်းမြောင်း ရိုက်ကူးထားသည်ဟု ယူဆရသော ဓာတ်ပုံများနှင့် ပတ်သက်ပြီး ခရိုအေးရှားနည်းပြ နီကိုကိုဗက်က ဒေါသထွက်နေသည်။

“ခင်ဗျားတို့ မီဒီယာသမားတွေ ကျွန်တော့် ကစားသမားတွေနဲ့ သူတို့မိသားစုတွေအပေါ် လုပ်ခဲ့တဲ့ ကိစ္စကြောင့် ခုချိန်မှာ သူတို့က ခင်ဗျားတို့ကို မတွေ့ချင်ဘူး။ ကျွန်တော်ကလည်း သူတို့ကို ထွက်တွေ့လိုက်ပါလို့ ပြောမှာမဟုတ်ဘူး”ဟု ပရာရီရာဒို ဖော်တေး လေ့ကျင့်ရေးကွင်းတွင် ကိုဗက်က သတင်းထောက်များအား ပြောကြားခဲ့သည်။

“တစ်ယောက်ယောက်က ခင်ဗျားရဲ့ ဝတ်လစ်စားလစ် ဓာတ်ပုံတွေကို ရိုက်ယူသွားမယ်ဆိုရင် ခင်ဗျား ဘယ်လို ခံစားရမလဲ။ ကျွန်တော့် ကစားသမားတွေကတော့ ခင်ဗျားတို့နဲ့ စကားပြောဖို့ ခါးခါးသီးသီး ငြင်းနေကြပြီ။ သူတို့ အသံတိတ်နေတာ မနက်ဖြန်ထိပဲလား၊ ဒါမှမဟုတ် ကမ္ဘာ့ဖလား ပြိုင်ပွဲပြီးတဲ့ အထိလား ဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ ကျွန်တော့် ကစားသမားတွေရဲ့ အတွေးအမြင်ကို ကျွန်တော် လေးစားရမယ်။ ခင်ဗျားတို့ရဲ့ ပရော်ဖက်ရှင်နယ် အခွင့်အရေးကို ကျွန်တော် သဘောပေါက်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ထဲက တစ်ယောက်ယောက်ကပဲ ဒီအခွင့်အရေးကို ဖျက်ဆီးခဲ့တာပဲလေ။ ခုတော့ ဒီဓာတ်ပုံတွေကို တစ်ကမ္ဘာလုံး မြင်ကုန်ပြီ”ဟုလည်း ကိုဗက်က ပြစ်တင်ပြောဆိုသွားသည်။

ခရိုအေးရှားသည် အုပ်စုအဖွင့် ပွဲစဉ်တွင် ဘရာဇီးကို အရေးနိမ့်ထားပြီးနောက် အုပ်စုတက်ရေး မဖြစ်မနေ အနိုင်ရရန် လိုအပ်သည့် ဒုတိယပွဲစဉ်ကို ကင်မရွန်းနှင့် ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသည်။

_Ref; Dailymail
7day daily