ရန်ကုန်မြို့၏ တစ်ပေပတ်လည်မြေဈေးနှုန်းကို အောက်တိုဘာလတွင် ပြင်ဆင်ထုတ်ပြန်မည်

ပို့စ်တင်ချိန် - 6/16/2014 05:42:00 PM


ရန်ကုန်တိုင်းအတွင်း ပြင်ဆင်သတ်မှတ်ထားသည့် တစ်ပေပတ်လည် မြေဈေးနှုန်း ပြန်လည်သတ်မှတ်ချက်ကို အောက်တိုဘာလခန့်တွင် ထုတ်ပြန်ပေးသွားမည်ဟု ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက မဇိ္ဈမကို ပြောသည်။

အိမ်ခြံမြေအခွန် ထမ်းဆောင်ရန်အတွက် ရန်ကုန်တိုင်းတွင် မြို့နယ်အလိုက် တစ်ပေပတ်လည် မြေဈေးနှုန်း များကို သတ်မှတ်ပေးထားခြင်းဖြစ်ပြီး တစ်ပေပတ်လည် မြေဈေးနှုန်းများကို ပုံသေသတ်မှတ်ပေးထား ခြင်းမဟုတ်ဘဲ လက်ရှိအိမ်ခြံမြေကာလပေါက်ဈေးနှင့် လျော်ညီမှုရှိစေရန်အတွက် ပြန်လည်ပြင်ဆင် သတ်မှတ်ပေး ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ကာလတန်ဖိုးစိစစ်သတ်မှတ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ တစ်ပေပတ်လည်မြေဈေးနှုန်း သတ် မှတ်ချက်ကို ပြန်လည် ပြင်ဆင်သတ်မှတ်သွားမှာဖြစ်တဲ့ အတွက် စပြီးတော့ ပြင်ဆင်သတ်မှတ်ဖို့ ဆောင် ရွက်နေပါပြီ။ ခဏခဏအပြောင်း အလဲလုပ်နေရင် ပြည်သူတွေနားလည်မှု ရှုပ်ထွေးသွားမှာဖြစ်တဲ့အတွက် တစ်နှစ်ပတ်လည်အချိန်လောက်ဖြစ်တဲ့ အောက်တိုဘာလောက်မှာ ထုတ်ပြန်ပေးဖို့ရှိတယ် ” ဟု ပြောသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁ရက် တွင် ရန်ကုန်တိုင်းတွင် တစ်ပေပတ်လည် မြေဈေးနှုန်း စတင်သတ် မှတ်ပေးခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်တစ်ပေပတ်လည် မြေဈေးနှုန်းသတ်မှတ်ချက်များကို ရန်ကုန် မြို့၏ အိမ်ခြံမြေဈေးနှုန်းပေါက်ဈေးထက် သုံးပုံတစ်ပုံခန့် လျော့နည်းသတ်မှတ်ပေးထားသည်။ အိမ်ခြံမြေကဏ္ဍမှ အခွန်ကောက် ခံရရှိမှုဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်သတ်မှတ်ပေးခြင်းဖြစ်သည်ဟု ဘဏ္ဍာရေးဝန် ကြီးဌာန၏ ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောဆိုထားသည်။

ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက “ တစ်ပေပတ်လည် မြေဈေးနှုန်းထား အသစ်ကို လက်ရှိအိမ်ခြံမြေဈေးတွေနဲ့ချိန်ဆပြီး ဈေးနှုန်းအတိုးအလျှော့တွေ ရှိမှာပါ။ ကာလပေါက်ဈေး တွေထက်ကိုများတယ်၊ နည်းတယ်မဖြစ်အောင် သတ်မှတ်ဆောင်ရွက်နေတယ် ” ဟု ပြောသည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ၀င်ငွေ ခွန်ဥပဒေကို ပြန်လည်ပြင်ဆင်သတ်မှတ်ပြီးနောက်တွင် အိမ်ခြံမြေ အခွန်ထမ်းဆောင်သူ ယခင်နှစ်များထက် နှစ်ဆခန့်အထိမြင့် တက်လာပြီးကာလတန်ဖိုးစိစစ်သတ်မှတ် ရေးအဖွဲ့မှ နှစ်ပတ်တစ်ကြိမ် စိစစ်သတ်မှတ်ရာမှ ယခုအချိန်တွင် တစ်ပတ်တစ်ကြိမ် စိစစ်ပေးနေသည်ဟု ၎င်းက ဆိုသည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အိမ်ခြံမြေ လုပ်ငန်းကဏ္ဍမှ အခွန်စုစုပေါင်း ကျပ် ၁၀၀ ဘီလီယံရရှိခဲ့ပြီး အခွန်ကောက်ခံရရှိမှု ကဏ္ဍအရပ်ရပ်၏ သုံးရာခိုင်နှုန်း ရှိခဲ့သည်ဟု ပြည်တွင်းအခွန်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

Mizzima