အချိုးကျ ကိုယ်စားပြုစနစ် (PR) ကြောင့် နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်ပြီး တိုင်းရင်းသား ကိုယ်စားလှယ်များလည်း လွှတ်တော်၌ ကွယ်ပျောက်သွားနိုင်

ပို့စ်တင်ချိန် - 6/16/2014 10:51:00 AM


၂ဝ၁၅ နှစ်သို့ရောက်ရှိရန် နီးကပ်လာသည့်အချိန်၌ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး
ကိစ္စရပ်က မရေရာသော အခြေအနေတွင် ရှိနေဆဲဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရန်
အဓိကအချက်ဖြစ်သော ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ရေးအတွက် မသေချာသည့် အနေအထား ရှိနေချိန်တွင် ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်ပေးမည် မဟုတ်ဆိုသော သတင်းများလည်း ထွက်ပေါ်နေသည်။ အခြားတစ်ဖက်၌လည်း သမ္မတဦးသိန်းစိန်အစိုးရ၏ ပေးထားသော ကတိများနှင့် လက်တွေ့အကောင်အထည်ပေါ်မှုက ပြည်သူများအတွက် စိတ်ပျက်စရာ ဖြစ်နေသည်။ နိုင်ငံ၏ အနာဂတ် ခရီးအတွက် အဖြေကောင်း ရှာဖွေနိုင်မည့် လေးပွင့်ဆိုင် တွေ့ဆုံရေးမှာလည်း ဖြစ်လာခြင်း မရှိသေးပေ။

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် လွတ်လပ်မှုနှင့် တရားမျှတမှု မည်မျှရှိမည်ဆိုခြင်း၌ ခိုင်မာသော အာမခံချက်မှာ မေးခွန်းထုတ်စရာအဖြစ် ရှိနေသည်။ ထိုအချိန်တွင် အသွင်ကူးပြောင်းစ နိုင်ငံတစ်ခုအတွက် နိုင်ငံရေး မတည်ငြိမ်မှု အန္တရာယ်ကို အလွယ်တကူ ဖြစ်ပေါ်နိုင်စေပြီး လွှတ်တော်တွင်း၌ တိုင်းရင်းသားကိုယ်စားလှယ်များ ကွယ်ပျောက်သွားနိုင်သည့် အချိုးကျကိုယ်စားပြုစနစ် (PR)ကို ကျင့်သုံးရန် အမျိုးသားလွှတ်တော်တွင်း ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ပြည်သူ့လွှတ်တော်၌ ဆွေးနွေးရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည်။

PR ကို ဘယ်သူတွေ အသက်သွင်း 

ပြီးခဲ့သည့် ဇွန် ၁၁ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် PR စနစ်ဖြင့် ကိုယ်စားလှယ်ရွေးချယ်မှု ပြုလုပ်ရန် အမျိုးသားလွှတ်တော်၌ အတည်ပြုခဲ့သည်။

ထိုနေ့အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ကိုယ်စားလှယ် ၂ဝ၄ ဦးအနက် တပ်မတော်သား ကိုယ်စားလှယ်များ အပါအဝင် ကိုယ်စားလှယ် ၈၅ ဦးက ကန့်ကွက်ခဲ့သော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုးပါတီ) မှ ကိုယ်စားလှယ်များ အပါအဝင် အခြားကိုယ်စားလှယ် ၁၁၉ ဦးက ထောက်ခံခဲ့သဖြင့် အတည်ပြုလိုက်ခြင်း ဖြစ်သည်။ ထို့အတူ အမျိုးသားလွှတ်တော်တွင်း PR စနစ် ပုံဖော်ရန် အကောင်အထည်ဖော်ရေး ကော်မတီတစ်ရပ်ကို ကိုယ်စားလှယ် ၄ဝ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။      

၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ မကျင်းမမီမှာပင် PR စနစ်ကို ကျင့်သုံးရန် ဒီမိုကရေစီပါတီက တင်ပြခဲ့ဖူးသည်။ သို့သော် လက်ရှိကျင့်သုံးခဲ့သော မဲအများဆုံးရသူက အနိုင်ရသည့်စနစ် (First Past the Post-FPTP) ကိုသာ အသုံးပြုရန် ရွေးကောက်ပွဲကော်မရှင်က ကျင့်သုံးခဲ့သည်။ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း FPTP  စနစ်ကိုသာ ကျင့်သုံးခဲ့သည်။

၂ဝ၁၂ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)အပါအဝင် နိုင်ငံရေးပါတီ ၁ဝ ပါတီဖြင့် ဖွဲ့စည်းထားသည့် ဒီမိုကရေစီ မိတ်ဆွေပါတီများအဖွဲ့က လာမည့်ရွေးကောက်ပွဲများတွင် PR စနစ် သို့မဟုတ် PR နှင့် FPTP ကို ရောနှောထားသည့် ကိုယ်စားလှယ်နှော အချိုးကျစနစ် (MMP) ကို ကျင့်သုံးရန် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထိုသဘောထားကြေညာချက်နှင့် ပတ်သက်၍ အဖွဲ့တွင်း သဘောထားကွဲမှုများ ရှိခဲ့ပြီး အဖွဲ့ဝင်ဖြစ်သည့် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီအပြင် ကျန်တိုင်းရင်းသား ပါတီများက လက်ခံခြင်း မရှိခဲ့ပေ။

၂ဝ၁၃ ခုနှစ်တွင်၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲ၌ PR စနစ်ကျင့်သုံးရေး ဆွေးနွေးဆုံးဖြတ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ထိုစနစ်ကျင့်သုံးရန် တင်ပြမှုအား ပြည်ခိုင်ဖြိုးပါတီက ထောက်ခံမည့် အခြေအနေရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးအောင်သောင်းက ဧရာဝတီသတင်းဌာနသို့ ထုတ်ဖော်ပြောကြားခဲ့သည်။

သို့သော် ၂ဝ၁၃ ခုနှစ် ဇူလိုင် ၁ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က PR စနစ် ပြောင်းလဲရေးကို ဆွေးနွေးမှုပြုလုပ်မည် မဟုတ်ဟု ပြောကြားသည်။

ပြီးခဲ့သည့် ဇွန် ၃ ရက်တွင်မူ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ PR စနစ်ကို ကျင့်သုံးရန် လွှတ်တော်က အဆုံးအဖြတ်ပေးရန်နှင့် ဥပဒေပြင်ဆင်ရေး လုပ်ငန်းများကို လိုအပ်သလို ဆောင်ရွက်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့သည်။

ဒေါ်ခင်ဝိုင်းကြည်က ဇွန် ၃ ရက်တွင် အဆိုတင်သွင်းခဲ့ပြီး ဇွန် ၁၁ ရက်တွင် အမျိုးသားလွှတ်တော်၌ PR စနစ်ဖြင့် ကိုယ်စားလှယ်ရွေးရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။

PR ဆိုတာ ဘာလဲ

ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ် ကျင့်သုံးနေသော နိုင်ငံပေါင်း ၁၆၇ နိုင်ငံအနက် နိုင်ငံ ၉ဝ တွင် PR စနစ်ကို ကျင့်သုံးနေသည်။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ ကမ္ဘောဒီးယား၊ အိန္ဒိယ(အထက်လွှတ်တော်)၊ အင်ဒိုနီးရှား၊ နီပေါ၊ သီရိလင်္ကာနိုင်ငံများတွင်လည်း ပုံသဏ္ဌာန်ကွဲပြားမှုရှိသည့် PR စနစ်ကို ကျင့်သုံးနေကြသည်။

ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ပါတီ၊ အနိုင်ရရှိသည့် ကိုယ်စားလှယ်က လွှတ်တော်တွင်း ဝင်ရောက်နိုင်သည့် FPTP စနစ်နှင့် နှိုင်းယှဉ်ပါက ရွေးကောက်ပွဲတွင် ရရှိသော မဲအရေအတွက်၊ ဆန္ဒပြုသူ အချိုးကျအလိုက် ပြန်လည်ခွဲဝေပြီး လွှတ်တော်တွင်း ဝင်ရောက်နေရာယူနိုင်သည့် PR စနစ်တွင် ရှုပ်ထွေးမှုများစွာ ရှိနေသည်။

PR စနစ်ဖြင့် ရွေးကောက်ပွဲအနိုင်ရ ပါတီကြီးတစ်ခု သို့မဟုတ် နှစ်ခုက ရွေးကောက်ခံ အာဏာရှင်စနစ်ဖြစ်မည်ကို ကြိုတင်ကာကွယ်နိုင်မည် ဖြစ်သော်လည်း ဒီမိုကရေစီရင့်ကျက်မှု မရှိသေးသော် မြန်မာနိုင်ငံကဲ့သို့ နိုင်ငံများတွင် PR စနစ်ကြောင့် တိုင်းပြည်မတည်ငြိမ်မှု ပိုဖြစ်လာနိုင်သည့်အပြင် စစ်အာဏာသိမ်းမှု ဖြစ်ပေါ်လာနိုင်သည်အထိ အန္တရာယ်ရှိနေသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာပင် သက်ဆင်ကိုဖြုတ်ချပြီး ပြန်လည်ပြင်ဆင် ရေးဆွဲခဲ့သော အခြေခံဥပဒေ၌ PR စနစ်၏ အသွင်တစ်ခုဖြစ်သည့် Mix Member Majoritation System ကို အသုံးပြုခဲ့သော်လည်း အောင်မြင်မှုမရခဲ့ဘဲ လက်ရှိအချိန်၌ စစ်အာဏာသိမ်းနိုင်ငံတစ်ခု ဖြစ်နေခဲ့သည်။

PR လေးမျိုး

အခြေခံအားဖြင့် PR စနစ်၌ ပုံသဏ္ဌာန် လေးမျိုးရှိပြီး ပါတီကိုသာ မဲပေးရွေးချယ်ရသော (Party List System) စနစ်၊ ကိုယ်စားလှယ်လောင်းအား တစ်ကြိမ်၊ ပါတီအား တစ်ကြိမ် မဲပေးရွေးချယ်ရသော (Mix Member Proportional System) စနစ်၊ ကိုယ်စားလှယ်လောင်းအား တစ်ကြိမ်၊ ပါတီအား တစ်ကြိမ် မဲပေးရွေးချယ်ရမည် ဖြစ်သော်လည်း လူပုဂ္ဂိုလ်အား နေရာအများစု ပေးထားသော (Mix Member Majoritarian System) စနစ်နှင့် ကိုယ်စားလှယ်လောင်းများအနက် မိမိတို့ နှစ်သက်မှုအရ ဦးစားပေး နံပါတ်စဉ် ၁၊ ၂၊ ၃၊ ၄ တပ်ပြီး ရွေးချယ်ရသော (Single Transferable Vote System) စနစ်တို့ ဖြစ်ကြသည်။

ပါတီကိုသာ မဲပေးရွေးချယ်ရသော စနစ်

ပါတီကိုသာ ရွေးချယ်ရသော စနစ်တွင် ရွေးကောက်ပွဲဝင်ရန်အတွက် ပါတီအလိုက် အမည်စာရင်း တင်သွင်းရပြီး ရွေးကောက်ပွဲတွင် ရရှိသော မဲအရေအတွက်ကို စုပေါင်းရေတွက်၍ ပါတီအလိုက် ရရှိသော မဲအရေအတွက် အချိုးအရ လွှတ်တော်အမတ်နေရာ ခွဲဝေသည့် စနစ်ဖြစ်သည်။ ထိုစနစ်အရ ပါတီတစ်ခုချင်းစီအလိုက် ပါတီဥက္ကဋ္ဌ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များမှာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခွင့်ကို သေချာပေါက် ရရှိမည်ဖြစ်သည်။

PR စနစ်ဖြင့် ရွေးကောက်ပွဲအနိုင်ရ ပါတီကြီးတစ်ခု သို့မဟုတ် နှစ်ခုက ရွေးကောက်ခံ အာဏာရှင်စနစ်ဖြစ်မည်ကို ကြိုတင်ကာကွယ်နိုင်မည် ဖြစ်သော်လည်း ဒီမိုကရေစီရင့်ကျက်မှု မရှိသေးသော် မြန်မာနိုင်ငံကဲ့သို့ နိုင်ငံများတွင် PR စနစ်ကြောင့် တိုင်းပြည်မတည်ငြိမ်မှု ပိုဖြစ်လာနိုင်သည့်အပြင် စစ်အာဏာသိမ်းမှု ဖြစ်ပေါ်လာနိုင်သည်အထိ အန္တရာယ်ရှိနေသည် . . . . .
ထိုစနစ်အရ အင်အားကြီးနိုင်ငံရေး ပါတီတစ်ခုက လွှတ်တော်ကို စိုးမိုးထားမှုအား ကာကွယ်နိုင်မည်ဟု ဆိုသော်လည်း ပါတီထိပ်ပိုင်း ခေါင်းဆောင်များ ဩဇာကြီးမားလာမည့်အပြင် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ချင်သူများက ပါတီခေါင်းဆောင်များအား ချဉ်းကပ်မှုမျိုးစုံပြုလုပ်ပြီး မလျော်ဩဇာ အသုံးပြုမှုများ ရှိလာနိုင်သည်။ ထို့ပြင် ပါတီတွင်း ဒီမိုကရေစီ ကွယ်ပျောက်လာနိုင်ပြီး ကိုယ်စားလှယ်များက ပြည်သူအပေါ် သစ္စာစောင့်သိမှု လျော့ကျသွားပြီး ကိုယ်စားလှယ်များသည် မည်သည့်မဲဆန္ဒနယ်ကို ကိုယ်စားပြုသည် ဆိုခြင်းအား ပြည်သူများ ရှင်းရှင်းလင်းလင်း မသိနိုင်တော့ဘဲ ပြည်သူနှင့် ကိုယ်စားလှယ်များအကြား ဆက်ဆံရေး အားနည်းမှုများ ဖြစ်လာနိုင်သည်။

ကိုယ်စားလှယ်လောင်းအား တစ်ကြိမ်၊ ပါတီအား တစ်ကြိမ် မဲပေးရွေးချယ်ရသော စနစ်

ကိုယ်စားလှယ်လောင်းအား တစ်ကြိမ်၊ ပါတီအား တစ်ကြိမ် မဲပေးရွေးချယ်ရသောစနစ်မှာ နှစ်ဆင့် ထပ်မဲပေးရွေးချယ်ရသော စနစ်ဖြစ်သည်။ ထိုစနစ်တွင် မဲဆန္ဒနယ်အလိုက် လူပုဂ္ဂိုလ်အရပေးသည့် ဆန္ဒမဲ အများဆုံးရရှိသူက လွှတ်တော်ကိုယ်စားလှယ် တိုက်ရိုက်ဖြစ်နိုင်ပြီး ပါတီအားပေးသည့် မဲရလဒ်အလိုက် ကိုယ်စားလှယ်နေရာကို ခွဲဝေယူရန် ဖြစ်သည်။

ရှုပ်ထွေးမှုမှာ ဥပမာအားဖြင့် ပါတီတစ်ခု၌ ကိုယ်စားလှယ်ဦးရေ ၁ဝဝ က တိုက်ရိုက်အနိုင်ရချိန်တွင် ပါတီက မဲအရေအတွက် ရာခိုင်နှုန်းအရ ကိုယ်စားလှယ် ၁၅ဝ နေရာ အနိုင်ရရှိမည် ဆိုပါက လိုအပ်သော ကိုယ်စားလှယ် ၅ဝ ကို ပါတီစာရင်းမှ ထပ်မံပေါင်းထည့်ရမည် ဖြစ်သည်။ ထိုအခြေအနေကြောင့် ပေါင်းထည့်ခဲ့သည့် ကိုယ်စားလှယ် ၅ဝ မှာ ပြည်သူ့ဆန္ဒအရ ရွေးချယ်သူများ မဟုတ်ဘဲ လွှတ်တော်တွင်း ဝင်ရောက်နေရာယူနိုင်ခြင်း ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ထိုစနစ်ကျင့်သုံး၍ ကိုယ်စားလှယ်များကို ရွေးချယ်ပြီး သမ္မတနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများကို ပြည်သူက တိုက်ရိုက်ရွေးချယ်ပါသည်။ သို့သော် ထိုစနစ်ကြောင့် သမ္မတ (အစိုးရ)အဖွဲ့နှင့် လွှတ်တော်အကြား မကြာခဏ ပဋိပက္ခများ ပေါ်ပေါက်လေ့ရှိပြီး အုပ်ချုပ်ရေးနှင့် ဥပဒေပြု မဏ္ဍိုင်တို့အကြား စေ့စပ်မရနိုင်သော ကိစ္စရပ်များဖြစ်ကာ နိုင်ငံရေးမတည်ငြိမ်မှုများ ပေါ်ပေါက်လေ့ရှိသည်။

ထိုစနစ်၏ အားနည်းချက်မှာ ပါတီကိုသာ အဓိက ရွေးချယ်ရခြင်း ဖြစ်သောကြောင့် ပြည်သူများက မိမိတို့၏မြို့နယ်၊ ဒေသအတွက် ရွေးချယ်လိုသော ကိုယ်စားလှယ်အား မဲပေးရွေးချယ်ခွင့် ဆုံးရှုံးမည်ဖြစ်သည်။ ထို့ပြင် မိမိမြို့နယ်၊ ဒေသမှ ဝင်ရောက်ရွေးချယ်ခံသော ကိုယ်စားလှယ်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရွေးချယ်ခွင့် မရှိတော့ဘဲ ပါတီကိုသာ ရွေးချယ်ရသဖြင့် နိုင်ငံရေးလုပ်စားသူများ ကိုယ်စားလှယ် ဖြစ်လာနိုင်ပါသည်။ ပါတီအဓိကပုံစံ ဖြစ်သောကြောင့် ပါတီရန်ပုံငွေကို အများဆုံး ထည့်ဝင်ကူညီနေသော လုပ်ငန်းရှင်များ၊ ခရိုနီများသည်လည်း နိုင်ငံရေးနယ်ပယ်၌ ဝင်ရောက်ခြယ်လှယ်မှုများ ပြုလုပ်လာနိုင်သည်။

ကိုယ်စားလှယ်လောင်းအား တစ်ကြိမ်၊ ပါတီအား တစ်ကြိမ် မဲပေးရွေးချယ်ရမည် ဖြစ်သော်လည်း လူပုဂ္ဂိုလ်အား နေရာအများစု ပေးထားသောစနစ်

ထိုင်းနိုင်ငံတွင် ကျင့်သုံးခဲ့သည့် ပုံစံဖြစ်သည်။ ကိုယ်စားလှယ်လောင်းအား တစ်ကြိမ်၊ ပါတီအား တစ်ကြိမ် မဲပေးရွေးချယ်ရသောစနစ်နှင့် တူညီမှုရှိသော်လည်း ကိုယ်စားလှယ်လောင်း အရေအတွက် အချိုးကို ပိုမိုသတ်မှတ်ပေးထားသည့် စနစ်ဖြစ်သည်။

ထိုစနစ်၏ အားသာချက်အရ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက် ပိုများလာနိုင်ပြီး အရည်အသွေးပြည့်ဝသည့် ကိုယ်စားလှယ်များကို ပိုမိုရွေးချယ်နိုင်မည် ဖြစ်ပါသည်။

အားနည်းချက်မှာ လွှတ်တော်တွင်း၌ မကြာခဏ ပြဿနာများ ရင်ဆိုင်ရခြင်း၊ လွှတ်တော်နှင့် အစိုးရအဖွဲ့အကြား ပြဿနာများ မကြာခဏ ပေါ်ပေါက်ခြင်း၊ အစိုးရအဖွဲ့ မကြာခဏ နုတ်ထွက်ပေးရခြင်းများ ဖြစ်ပေါ်တတ်ပြီး နိုင်ငံရေး မတည်ငြိမ်မှုကို ဖြစ်ပေါ်စေသည့် စနစ်မျိုး ဖြစ်သည်။ အဆိုပါစနစ်ကို သုံးစွဲနေသော ဂျပန်နိုင်ငံမှာပင် ထိုအဖြစ်အပျက်မျိုးကို မကြာခဏ ကြုံတွေ့နေရပြီး အခြားနိုင်ငံများဖြစ်သည် ဘိုလီးဗီးယား၊ ဟန်ဂေရီ၊ လီဆိုသို၊ မက္ကဆီကို၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့် ဗင်နီဇွဲလား နိုင်ငံများတွင်လည်း အလားတူပြဿနာများကို မကြာခဏ ကြုံတွေ့ရလေ့ ရှိသည်။

ကိုယ်စားလှယ်လောင်းများအနက် မိမိတို့နှစ်သက်မှုအရ ဦးစားပေး နံပါတ်စဉ် ၁၊ ၂၊ ၃၊ ၄ တပ်ပြီး ရွေးချယ်ရသော စနစ်

ကိုယ်စားလှယ်လောင်းများအနက် မိမိတို့ နှစ်သက်မှုအရ ဦးစားပေးနံပါတ်စဉ် ၁၊ ၂၊ ၃၊ ၄ တပ်ပြီး ရွေးချယ်ရသော စနစ်တွင် ကိုယ်စားလှယ်လောင်းများအား မဲပေးသူ ပြည်သူများက ဦးစားပေး၍ နံပါတ်စဉ်တပ် ရွေးချယ်ရခြင်း ဖြစ်သည်။ ထိုစနစ်အရ ကိုယ်စားလှယ်သည် သတ်မှတ်ထားသော မဲအရေအတွက် ရရှိပါက ချက်ချင်းအရွေးခံရမည်ဖြစ်ပြီး သတ်မှတ်မဲအရေအတွက်ထက် ပိုမိုရရှိနေပါက ၎င်းရရှိသော ပိုမဲများအား အခြားသူများထံ ဝေငှပြီး ဆက်လက်တွက်ချက်ရမည် ဖြစ်သည်။ ကိုယ်စားလှယ်လောင်းတစ်ဦးသည် သတ်မှတ်ထားသည့် မဲအရေအတွက် မရရှိပါက မဲအနည်းဆုံးရရှိသော ကိုယ်စားလှယ်လောင်းကို ထုတ်ပယ်ပြီး ၎င်း၏မဲများကို အခြားကိုယ်စားလှယ်များထံ ဝေငှရမည် ဖြစ်သည်။ သတ်မှတ်ထားသော ကိုယ်စားလှယ်အရေအတွက် မပြည့်မချင်း တွက်ချက်ရမည် ဖြစ်သောကြောင့် ရှုပ်ထွေးမှုများစွာရှိပြီး ကျွမ်းကျင်သူများ လိုအပ်သည့်အပြင် အချိန်တိုအတွင်း အဖြေမှန် ရရှိရန်လည်း ခက်ခဲသည်။

သတ်မှတ်ချက်အတိုင်း လုပ်ဆောင်မည်ဆိုပါက အလွန်မျှတသည့်စနစ်ဟု ဆိုသော်လည်း စနစ်အရ မဲကျန်များကို အနည်းအများအလိုက် ထပ်ပေါင်းပေးရခြင်းကြောင့် ရှုပ်ထွေးသည့် ပြဿနာများစွာ ရှိနေသည်။

မြန်မာနိုင်ငံမှာ PR စနစ်ကျင့်သုံးရင် ဘာတွေဖြစ်လာနိုင်မလဲ

မြန်မာနိုင်ငံ၌ PR စနစ်အား ပြောင်းလဲကျင့်သုံးမည် ဆိုပါက ပထမအချက် အနေဖြင့် မဲဆန္ဒရှင် ပြည်သူများအကြား ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်သည်။ ယခုကျင့်သုံးနေသည့် ရိုးရှင်းသော FPTP စနစ်မှာပင် မဲဆန္ဒရှင် ပြည်သူများ၏ နားလည်သဘောပေါက်မှုမှာ အားနည်းချက်များ ရှိနေသည်။

PR စနစ်ကို ကျင့်သုံးခြင်းအားဖြင့် ပါတီတစ်ခုတည်းက ကြီးစိုးခြင်းမှ ကာကွယ်နိုင်ပြီး အနည်းစုဖြစ်သည့် ပါတီငယ်များအတွက် မျှတသော ကိုယ်စားပြုခွင့် ရရှိမည်ဟု ဆိုသော်လည်း ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီအနေဖြင့် ထိခိုက်မှုကြီးစွာ ဖြစ်ပေါ်နိုင်မည် မဟုတ်ပေ။

သို့သော် တိုင်းရင်းသားဒေသများရှိ တိုင်းရင်းသားပါတီများမှာ အခက်အခဲ ကြုံတွေ့ရမည်ဖြစ်ပြီး တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်တွင်း ဝင်ရောက်နိုင်မှု အခြေအနေမှာလည်း နည်းပါးသွားမည် ဖြစ်သည်။ လက်ရှိအချိန်တွင် အမျိုးသားလွှတ်တော် ဖွဲ့စည်းမှုအရ တိုင်းရင်းသားများ၏ ဝင်ရောက်နေရာယူမှုမှာ အားနည်းနေသဖြင့် နေရာပိုရရန် တောင်းဆိုမှုများ ရှိနေချိန်တွင် PR စနစ် ကျင့်သုံးလိုက်သည်နှင့် ယခုထက်ပိုနည်းသော အခြေအနေကို ကြုံတွေ့ရမည်ဖြစ်သည်။

ထို့အတူ ပါတီငယ်များစွာ ပေါ်ပေါက်လာနိုင်ပြီး ဘာသာရေး၊ လူမျိုးရေးနှင့်သက်ဆိုင်သော အစွန်းရောက်ဝါဒီများ၏ ပါတီများလည်း ပေါ်ထွက်လာကာ လွှတ်တော်တွင်း၌ အစွန်းရောက်ဝါဒီများလည်း နေရာယူလာနိုင်မည် ဖြစ်သည်။

(ယခုသတင်းဆောင်းပါး၌ ဖော်ပြခဲ့သော PR စနစ်၏ အားသာချက်၊ အားနည်းချက်ဆိုင်ရာ အချက်အလက်များသည် အမျိုးသားအကျိုးစီးပွား သုတေသနအဖွဲ့က တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များထံ ဖြန့်ဝေထားသော စာတမ်းမှ ရယူထားခြင်းဖြစ်သည်)

အချိုးကျကိုယ်စားပြုစနစ် အားသာချက်များ

(၁)    ပါတီတစ်ခုတည်းက လက်ဝါးကြီးအုပ် ကြီးစိုးခြင်း (သို့မဟုတ်) အနိုင်ရပါတီကြီးများ အချင်းချင်း အင်အားပြိုင်ခြင်းဖြင့် ရွေးကောက်ခံ အာဏာရှင်စနစ် (Elective Dictatorship) အရ ပေါ်ပေါက်လာနိုင်သည့် အများစုမှ ဗိုလ်ကျသည့်ပုံစံမျိုး (tyranny of supermajority) ကို တားဆီးနိုင်မည်ဖြစ်ပြီး စစ်မှန်သော ပါတီစုံစနစ် ထွန်းကားလာနိုင်ခြင်း၊

(၂)    အနည်းစုဖြစ်သည့် ပါတီငယ်များအတွက် မျှတသောကိုယ်စားပြုခွင့် ရရှိခြင်း၊

(၃)    မဲဆန္ဒရှင်များ အနေဖြင့် ဆန္ဒမဲပေးပြီး ဖော်ထုတ်ပြသသည့်ဆန္ဒကို ပိုမိုရှင်းရှင်းလင်းလင်း ကိုယ်စားပြု ဖော်ပြနိုင်ခြင်း၊

(၄)    ဆန္ဒမဲများ အလဟဿ  အကျိုးမဲ့ဖြစ်မှု နည်းပါးသွားသည့်အတွက် ရွေးကောက်ပွဲတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှု များပြားလာပြီး ဒီမိုကရေစီလမ်းစဉ် အောင်မြင်လာရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်လာနိုင်ခြင်း၊

(၅)    လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အသွေးနှင့် အမျိုးသမီးများ ပါဝင်လာမှု တိုးတက်လာခြင်း၊

(၆)    တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက်အရွေးခံသူများ အနေဖြင့်လည်း ဆန္ဒမဲနည်းနည်းဖြင့် အရွေးချယ်ခံရနိုင်ခြေ ရှိလာခြင်း၊

(၇)    ၀င်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း များပြားလာမည်ဖြစ်သဖြင့် မဲဆန္ဒရှင်များ အနေဖြင့် မိမိစိတ်ကြိုက် ရွေးချယ်နိုင်ခြင်း၊ ကိုယ်စားလှယ်လောင်းများ၏ အရည်အချင်းလည်း အပြိုင်အဆိုင် တိုးတက်လာခြင်း၊

(၈)    တိုင်းရင်းသားလူနည်းစုများ အနေဖြင့် မိမိတို့ဒေသအတွက် သာမက တစ်နိုင်ငံလုံး၏ အရေးကိစ္စများတွင်လည်း ပါဝင်လာခွင့် ရရှိလာနိုင်ခြင်း၊

(၉)    လူနည်းစုများအတွက် ကိုယ်စားပြုနိုင်သဖြင့် လူမှုရေးကွာဟချက် ကြီးသော ဒီမိုကရေစီ နိုင်ငံငယ်လေးများကပါ လိုက်လံကျင့်သုံးနိုင်ခြင်း၊

(၁၀)    နိုင်ငံရေးကို ခုတုံးလုပ်မည့်သူများ လျော့နည်းသွားပြီး အရည်အချင်း စစ်မှန်သူများသာ ၀င်ပြိုင်နိုင်မည့် အခြေအနေဖြစ်ခြင်း၊

အချိုးကျ ဗဟုကိုယ်စားလှယ် ရွေးချယ်ခြင်း၏ အားနည်းချက်များ

(၁)    ဤစနစ်မှာ တိုင်းပြည်၏ ကွဲပြားများပြားနေသော အမြင်အမျိုးမျိုးကြောင့် ပါတီငယ်များ အဆမတန် ကွဲပြားနေမှု ဖြစ်နိုင်ပြီး နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုကို ထိခိုက်လာစေနိုင်၏။ (ဥပမာ-အစ္စရေး) ဆန့်ကျင်ဘက်အားဖြင့် တစ်ခါတစ်ရံတွင် ဤစနစ်အသုံးပြုသော နိုင်ငံများအတွင်း၌ပင် အဓိကနှစ်ပါတီ ကြီးစိုးပြီး ကျန်ပါတီငယ်လေးများကလည်း ဆက်လက်ရုန်းကန်နေရသော အနေအထားရောက်သွားသည့်    နိုင်ငံများလည်းရှိသည်။ (ဥပမာ-ဆွီဒင်၊ စပိန်)

(၂)    အင်အားအကြီးဆုံးပါတီမှ ယျေဘူယျအားဖြင့် ထောက်ခံမှု (၅၀) ရာခိုင်နှုန်း ပတ်ဝန်းကျင်အထိ ရရှိရန် မစွမ်းဆောင်နိုင်သောအခါ ပါတီငယ်ကလေးများနှင့် ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရ ဖွဲ့ရသောကြောင့် မူဝါဒရေးရာ ဆုံးဖြတ်ချက်များကို ပြတ်ပြတ်သားသား မချနိုင်ဘဲ နိုင်ငံရေးဖြစ်စဉ် နှောင့်နှေးမှုများနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကို ကြုံတွေ့လာရနိုင်သည်။

(၃)    PR စနစ် လက်တွေ့ကျင့်သုံးကြသော နိုင်ငံများ၏ အတွေ့အကြုံအရ၊ စနစ်၏ လုပ်ထုံးလုပ်နည်းများမှာ၊ ရှုပ်ထွေးပြီး အသေးစိတ်သည်။

(၄)    ဒီမိုကရေစီ သက်တမ်းအရရော၊ အတွေ့အကြုံအရပါ နုနယ်သေးသော ဤစနစ်ကို ကျင့်သုံးမည်ဆိုပါက (စွမ်းဆောင်ရည်အရရော၊ မရိုးသားမှုများကြောင့်ပါ) အားနည်းချို့ယွင်းချက်များ ရှိလာနိုင်ပါသည်။

(၅)    နိုင်ငံရေးပါတီငယ်များသည် ဤစနစ်ကို ကျင့်သုံးမည်ဆိုလျှင် ယခုထက်ပိုမို၍ ငွေကြေးတောင့်တင်းမှသာ (သို့မဟုတ်) အစိုးရ၏ လုံလောက်သော ထောက်ပံ့မှုကို ရရှိမှသာ ကျယ်ပြန့်စုံလင်သော ကိုယ်စားပြုမှုကို ဖန်တီးနိုင်မည် ဖြစ်ပါသည်။

(၆)    မည်သို့သော အရည်အချင်းနှင့် ပြည့်စုံသူများကို ကိုယ်စားလှယ်လောင်းများအဖြစ် စာရင်းပြုစု တင်သွင်းမည်ဆိုသည်ကို ပါတီဖွဲ့စည်းပုံ စည်းမျဉ်းများတွင် အတိအလင်း သတ်မှတ်ထားခြင်း မရှိပါက အမတ်ဖြစ်လိုသူများက ပါတီခေါင်းဆောင်များသို့ မိမိအမည်စာရင်း ပါရှိစေရန် နည်းမျိုးစုံဖြင့် ချဉ်းကပ်လာနိုင်ပါသည်။

(၇)    PR စနစ်က နိုင်ငံရေးပါတီများ ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ရာ ဘုံတူညီချက် (Common ground) ရှာရန် ခက်လိမ့်မည်။

(၈)    PR စနစ်၏ လွှတ်တော်တွင် နိုင်ငံရေးပါတီ တော်တော်များများ အချိုးကျပါဝင်ခွင့် ရကြမည်ဖြစ်ရာ အရေးကြီးသော ဆုံးဖြတ်ချက်များ (ဥပမာ-ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး) ချမှတ်နိုင်ရန်၊ လုံလောက်သည့် ရာခိုင်နှုန်း မပြည့်နိုင်သည့်အတွက် ဥပဒေပြင်ဆင်ရေး လွယ်ကူမည် မဟုတ်ပါ။

(၉)    အစွန်းရောက် ပါတီငယ်များ အပါအ၀င် ပါတီအများအပြား လွှတ်တော်ထဲ ရောက်လာသည့်အတွက် အမြင်တူညီမှု နည်းပါးသွားကာ ထိပ်တန်းရောက်လာနိုင်သဖြင့် အစွန်းရောက်ပါတီများမှ အာဏာရလာနိုင်သည့် အလားအလာ ရှိလာနိုင်သည်။

(၁၀)    ပါတီငယ်များ ပေါ်ပေါက်လာမည်ဖြစ်ပြီး နိုင်ငံရေးစနစ် မတည်မငြိမ် ဖြစ်စေပါသည်။



မြန်မာနိုင်ငံမှာ PR စနစ် ကျင့်သုံးပါက ဖြစ်ပေါ်နိုင်သည်များနှင့် ပတ်သက်သော အမြင်များ

“PR စနစ် သုံးလိုက်ရင်တော့ ဒေသမှာရှိတဲ့ တိုင်းရင်းသား ပါတီငယ်လေးတွေအတွက် အခွင့်အလမ်း နည်းသွားတာပေါ့။ နောက် PR ၀င်လာခြင်းအားဖြင့် ပြည်သူလူထုရဲ့ ဆန္ဒကလည်း နည်းသွားတယ်။ PR က ရွေးချယ်ခံစရာ မလိုဘဲနဲ့ အဲဒီပါတီ အနေနဲ့ အချိုးရမှာကိုး။ ပါတီက နှစ်ယောက်ရမယ်ဆိုရင် သူ့ကိုရွေးချယ်ဖို့အတွက် ပါတီရဲ့ဆန္ဒကိုပဲ ယူရတော့မှာလေ။ ပြည်သူလူထုရဲ့ဆန္ဒ မလိုတော့ဘူး။ လူထုမဲနဲ့ သူတက်မှာမှ မဟုတ်တာ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ တစ်တိုင်းပြည်လုံးမှာ ၁၀ နေရာလောက် ပေးလိုက်ရတာ ပြဿနာမရှိဘူး။ တိုင်းရင်းသားပါတီငယ်လေးတွေ အနေနဲ့ကျ ၂ နေရာ ၃ နေရာလောက် ပေးလိုက်ရတာ ပြဿနာရှိတယ်။ တိုင်းရင်းသားတွေထဲမှာ ပြောရေးဆိုခွင့် နည်းသွားမယ်ဆိုရင် တိုင်းရင်းသားတွေ လိုလားတဲ့ဖက်ဒရယ်က ပိုပြီးတော့ အင်အားနည်းသွားတာပေါ့။ ဥပမာအားဖြင့် ဘာသာရေးနဲ့ပတ်သက်တဲ့ ပါတီတစ်ခုဝင်လာလို့ ခွဲပေးလိုက်ရရင် အင်အားနည်းသွားမှာပေါ။

အမျိုးသားလွှတ်တော်မှာ အခုကတော့ ကရင် ၁၂ ယောက်ဆိုရင် မွန်လည်း ၁၂ ယောက်ပေါ့။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နှစ်ရပ်ပေါင်းရင် ပြည်ထောင်စုလွှတ်တော်ပေါ့။ အခုကတည်းက အမျိုးသားလွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်နည်းတော့ လွှတ်တော်နှစ်ရပ်ပေါင်းလိုက်ရင် အမြဲတမ်း အားနည်းနေတယ်။ အဲဒီမှာ PR နဲ့ အချိုးကျ ခွဲပေးလိုက်မယ် ဆိုရင်တော့ ကုန်ပြီပေါ့။
- ဒေါ်နန်းခင်ထွေးမြင့် (NLD ၏ ပြောရေးဆိုခွင့်ရှိသူ)

“PR စနစ်လို အချိုးကျစနစ်ကို ကျင့်သုံးဖို့ ကြိုးစားတာဟာ ပြည်သူလူထုရဲ့ လွတ်လပ်စွာရွေးချယ်ခွင့်ကို ပယ်ဖျက်ခံရတဲ့ သဘောမျိုးနဲ့တောင် တူနေတယ်။ အဲဒီတော့ လူများစု တိုင်းရင်းသားတွေကော၊ လူနည်းစု တိုင်းရင်းသားတွေကော သွားချင်နေတာက ဖက်ဒရယ်ပြည်ထောင်စုပေါ့။ ဒီ PR စနစ်က ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်နဲ့တော့ လုံးဝမလျော်ညီဘူးပေါ့။ ဒီစနစ်ဟာ ပိုမိုရှုပ်ထွေးစေတယ်။ အဲဒီတော့ ဖယ်ဒရယ်စနစ်နဲ့ PR စနစ်ဆိုတဲ့ မတူညီတဲ့ ကိစ္စနှစ်ခုကို အတင်းပေါင်းစပ်ဖို့ ကြိုးစားနေတယ် ဆိုရင်တော့ တိုင်းပြည်မှာ မလိုလားအပ်တဲ့ အရှုပ်အထွေးတွေ ဖြစ်ပြီးတော့ နဂိုကတည်းက မရရှိသေးတဲ့ အမျိုးသား သွေးစည်းညီညွတ်ရေးကို တည်ဆောက်လို့မရအောင် ရှုပ်ထွေးသွားစေနိုင်ပါတယ်။ PR စနစ်လုပ်တယ်ဆိုတာဟာ တိုင်းရင်းသားတွေ မဲများများရမယ့်ဟာကို ဖျက်လိုဖျက်ဆီး လုပ်လိုက်ပြီးတော့ သူတို့စိတ်ကြိုက် တည်ဆောက်ထားတဲ့ ပါတီကို ပြည်သူက မရွေးချယ်ဘဲနဲ့ အလိုအလျောက် လွှတ်တော်ကိုယ်စားလှယ် နေရာတွေကို ပေးတာ၊ ခုံတွေကို အတင်းလိုက်လုတာလို့ပဲ ကျွန်တော်တို့က မြင်တယ်။ အဲဒီတော့ တိုင်းရင်းသားတွေရဲ့ နဂိုဆုံးရှုံး နစ်နာမှုတွေကို ထပ်ဆင့်နစ်နာစေပြီးတော့ လူထုက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်နေရာတွေပါ ပျောက်ဆုံးသွားနိုင်တဲ့ အနေအထားမှာ ရှိတယ်။ အမျိုးသားလွှတ်တော်မှာ ပိုပြီးတော့ နစ်နာတယ်။”
- ကိုကျော်ကိုကို (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ)

“ကျွန်တော်တို့က ပြည်နယ်ခုနှစ်ပြည်နယ် အနေနဲ့ကတော့ PR စနစ်ပတ်သက်ပြီး ၂၀၁၅ ခုနှစ်အထိ လက်ခံဖို့ လုံးဝမရှိသေးဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ အဆင်သင့် မရှိသေးဘူး။ အသိပညာအရကော၊ ဗဟုသုတအရကော အနေအထား အမျိုးမျိုးအရကော ကျွန်တော်တို့က ပြည်နယ်မှာ လက်ခံကျင့်သုံးဖို့က PR စနစ်ကို လက်ရှိပြည်နယ် ခုနစ်ပြည်နယ်မှာ လက်ခံဖို့ လုံးဝအစီအစဉ် မရှိဘူး။ တကယ်လို့ ဖြစ်လာရင် အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့က ကန့်ကွက်မယ်။ လိုအပ်လာရင် PR စနစ်ကို ကျွန်တော်တို့က ပြည်နယ်ခုနစ်ပြည်နယ်ကနေ ဆန္ဒပြပြီးတော့ ကန့်ကွက်မယ်။

ကျွန်တော်တို့ တိုင်းရင်းသားပါတီ အားလုံးရဲ့ NBF ရဲ့ သဘောထားအရကော တိုင်းရင်းသား Arms Group တွေပေါ့နော်။ လက်နက်ကိုင်အားလုံးရဲ့ သဘောထားက ဖက်ဒရယ်ပဲ လိုတယ်လေ။ ဖက်ဒရယ်ပြည်ထောင်စု သွားတဲ့အခါမှာ PR စနစ်က မလိုတော့ဘူးဗျ။ PR စနစ်ကို တိုင်းနဲ့ပြည်နယ်အားလုံး ကျင့်သုံးမယ်ဆိုရင် ကျွန်တော်တို့ ခုနစ်ပြည်နယ်မှာ PR စနစ်ကျင့်သုံးဖို့ ကန့်ကွက်တဲ့အတွက် PR စနစ် ကျင့်သုံးမယ်ဆိုရင် ကျွန်တော်တို့ ခုနစ်ပြည်နယ်ကနေ ဘာလုပ်သင့်တယ်ဆိုတာ မကြာခင် ဆွေးနွေးမှာ ဖြစ်ပါတယ်။ လုံးဝဆန့်ကျင်သွားမယ်။ လုံးဝကန့်ကွက်သွားမယ်။ လိုအပ်လာရင် တစ်ကယ်လို့ နောက်ဆုံး အဆုံးစွန်ထိ ရောက်လာရင် ကျွန်တော်တို့က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ ၀င်ဖို့မ၀င်ဖို့အတွက် စဉ်းစားတဲ့ အနေအထားထိ ရောက်လာလိမ့်မယ်ဗျ။ အဲဒီ အနေအထား ရောက်မယ်ဆိုရင် လက်ရှိငြိမ်းချမ်းရေးက လုံးဝပျက်ပြားသွားမယ်။ လက်ရှိ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ ပတ်သက်ပြီး လုံးဝပျက်ပြားသွားမယ်လို့ လုံးဝမြင်တယ်။
- ဦးစိုင်းစောသန်းမြင့် (ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) ၏ ပြောရေးဆိုခွင့်ရှိသူ)

“ကန့်ကွက်မှာပဲလေ။ ပြည်နယ်မှာသုံးဖို့ဆိုရင် ကန့်ကွက်မှာပဲ။ ပါတီကို မဲပေးတာကို ဒီဟာက လူနည်းစုတွေက အများကြီး ထိခိုက်နိုင်တာပေါ့။ အဲဒီဟာကို ပြင်ဖို့ဆိုရင် အခြေခံဥပဒေပါ ပြင်ရမှာကို။ တိုင်းရင်းသားရေးရာ ၀န်ကြီးတွေက ဘယ်လိုလုပ်မလဲ။ ဖက်ဒရယ်ကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူရည်တူ အခွင့်အရေးဆိုတော့ ဒါတော့ သိပ်တော့ မဆိုင်လှဘူး။ ဒါပေမဲ့ အထိုက်အလျောက်တော့ ဆိုင်မှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဖက်ဒရယ်က ပြည်နယ်အစိုးရ ကိစ္စပဲကို။ ဒါက အမျိုးသားနဲ့ဆိုင်တယ်။ အမျိုးသားလွှတ်တော်နဲ့ သူတို့က ဒီ PR ကို လုပ်မှာ။ ၁၂ ဦးကတော့ ၁၂ ဦးပဲပေါ့။ ဌာနေတိုင်းရင်းသားပါဝင်ခွင့် အခွင့်အရေး နည်းသွားတာပေါ့။ ဒီ PR ကို တိုင်းဒေသကြီးမှာ ကျင့်သုံးရင်တော့ ပိုအဆင်ပြေတယ်။ ပြည်နယ်တွေမှာ မကျင့်သုံးဖို့ လိုတယ်”
- ဦးစိုင်းအိုက်ပေါင်း (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ)

“ကျွန်တော်ပါတီကတော့ ဒါကိုလက်မခံဘူး။ ဘာတွေဖြစ်လာနိုင်လဲဆိုတော့ တို့တိုင်းရင်းသားအပေါင်း အားနည်းတဲ့ ပါတီတွေကတော့ လွှတ်တော်မှာ နေရာရဖို့ မရှိဘူး။ နောက်တစ်ချက်က ဒီ PR စနစ် မဲပေးပုံပေးနည်း ရေတွက်ပုံရေတွက်နည်း တော်တော်ရှုပ်ထွေးတယ်။ ရှုပ်ထွေးသည့်အတွက် Educated မရှိသေးတဲ့ ဒို့တိုင်းရင်းသား နယ်မြေဒေသတွေမှာ ဒါအတွက်က တော်တော်လေးရင်လေးစရာ ဖြစ်နေတယ်။ နောက်ပါတီကြီးတွေကသာလျှင် ရနိုင်တဲ့ အနေအထားမျိုး ဖြစ်တယ်။ နောက်တစ်ခုကတော့ အခုဟာက သူတို့ပြောပုံအရ ရှင်းတော့မရှင်းသေးဘူး။ အမျိုးသားလွှတ်တော် တစ်ခုတည်းမှာပဲ လုပ်မယ်ဆိုတဲ့ဟာက ဘယ်လိုသဘောနဲ့လည်းပေါ့။ အဲဒီလို အနေအထားမျိုးကြောင့် လက်မခံနိုင်ဘူး။ သိထားတာက ပါတီတစ်ခုလုံး အနေနဲ့ တစ်ပြည်လုံး အတိုင်းအတာမှာ မဲပေါင်း ဘယ်လောက်ရသလဲ။ အဲဒီရတဲ့ မဲပေါ်မှာ မူတည်ပြီးတော့ ၁ ကနေ ၁၀ ထိပေါ့လေ။ ကိုယ်စားလှယ်တွေ ထည့်မယ်။ တိုင်းရင်းသားပါတီတွေ၊ ပါတီငယ်လေးတွေကတော့ တစ်ပြည်လုံး အတိုင်းတာနဲ့ မ၀င်နိုင်ဘဲ တစ်ပြည်လုံးအတိုင်းနဲ့ စုပေါင်းစဉ်စားကြမယ်ဆိုရင် ပါတီငယ်တွေ တိုင်းရင်းသားပါတီတွေကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

- ဦးမန်းအောင်ပြည်စိုး (ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ)

Eleven Media Group