အထူးချွန်ဆုံး ကျောင်းသား (၅)ဦးစီ ရွေးချယ်ကာ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ မှ ပြည်ပသို့ ပညာတော်သင် စေလွှတ်မည်

ပို့စ်တင်ချိန် - 6/16/2014 07:52:00 PM



ပထမဆုံးအကြိမ် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အထူးချွန်ဆုံး ကျောင်းသား (၅) ဦးစီ ရွေးချယ်ကာ ထူးဖောင်ဒေးရှင်း နာယက ဦးတေဇမှ နိုင်ငံခြား သို့ ပညာတော်သင် စေလွှတ် သွားမည် ဖြစ်ကြောင်း ထူးဖောင်ဒေးရှင်း မှ သတင်းရရှိသည်။
မိမိ အနေနဲ့ ပညာသင်ဆု ပေးအပ်ကာ အနာဂတ် ကာလ တိုင်းပြည် အတွက် ပညာတော်သင် သွားမယ့် ကျောင်းသူ ကျောင်းသားများ အတွက် ၎င်းတို့ ကြိုက်နှစ်သက်ရာ ပါတီ နိုင်ငံရေး လုပ်ငန်းခွင်ကို လွပ်လပ်စွာ လုပ်ခွင့်ပေးမှာ ဖြစ်သလို သဘောတူညီမှု အနေနဲ့ ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်း များအတွက် အမှန်တကယ် စိတ်ရော ကိုယ်ပါ နှစ်ပြီး ကြိုးပမ်း ဆောင်ရွက်ရန် ဖြစ်ပါတယ် ဟု ဦးတေဇက ၎င်း ၏ လူမှု ကွန်ရက် စာမျက်နှာတွင် ဖော်ပြားသည်။

၂၀၁၃-၁၄ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် အောင်မြင်ခဲ့သူများ ထဲမှ အထူးချွန်ဆုံး ကျောင်းသား(၅) ဦးစီကို ရွေးချယ် လေ့ကျင့်ပေးပြီး မိမိဒေသနယ်မြေ အတွက် အနာဂတ် ခေါင်းဆောင်ကောင်းများ ဖြစ်ပေါ်လာ စေရန် နိုင်ငံတကာ တက္ကသိုလ်များသို့ နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေပြု ဘာသာရပ်များ သင်ကြားစေနိုင်ရန် ပညာသင်ဆု အပြည့်အ၀ ပေးအပ် သွားမည် ဖြစ်ကြောင်း ထူးဖောင်ဒေးရှင်း မှ သိရသည်။

ကျွန်တော်တို့ ပညာတော်သင် စေလွှတ်တာကတော့ အရှေ့မှာ အများကြီးပါ။ အခုလို ပြည်နယ်နှင့် တိုင်းကနေ ရွေးချယ်ပြီး ပို့တာကတော့ ပထမဦး ဆုံးအကြိမ်ပါ။ အစီအစဉ် တကျ ကတော့ ဥက္ကဋ္ဌကြီး ခရီးသွားနေတဲ့အတွက် ခရီးက ပြန်လာမှ အတိအကျ သိရမှာပါ ဟု ထူးဖောင်ဒေးရှင်းမှ အမှုဆောင် အရာရှိချုပ် ဦးပေါ်မြင့်ဦး က The Messenger သတင်းစာသို့ ပြောသည်။

ပညာတော်သင် စေလွှတ်မည့် ကျောင်း သား/သူ များ ရွေးချယ် ပြီးပါက အင်္ဂလိပ်စာ အခြေခံ ကောင်းစေရန် ပြုစုပေးရမည်ဖြစ်ပြီး ယင်းအတွက် အသေးစိတ် စီစဉ်လျက် ရှိကြောင်း ၎င်း က ပြောသည်။ ပညာသင်ကြားမည့် ကျောင်းသား/သူများ အတွက် သြစတြေးလျနိုင်ငံရှိ University Of New South Walesမှ ဒုတိယ ကျောင်းအုပ်နှင့် ဆွေးနွေးတိုင်းပင်ထားပြီးဖြစ်ကြောင်း ထူးဖောင်ဒေးရှင်းမှ သိရသည်။

Messenger News Journal