သမ္မတဖြစ်ခွင့် ကြိုးပမ်းဆောင်ရွက်ရာတွင် အကူအညီပေးရန် နိုင်ငံတကာသို့ ဒေါ်အောင်ဆန်းစုကြည် တောင်းဆို

ပို့စ်တင်ချိန် - 6/16/2014 11:18:00 AM

ဇွန်လ ၁၄ ရက်က ခတ္တမန္ဒူမြို့ သမ္မတအိမ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ − ရိုက်တာ)



သမ္မတဖြစ်ခွင့် ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတကာအနေဖြင့် အကူအညီပေးရန် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။


လွန်ခဲ့သော ခြောက်နှစ်က စစ်ဘက်က ရေးဆွဲခဲ့သော အခြေခေံဥပဒေအရ လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတနေရာ ၀င်ရောက်ယှဉ်ပြိုင်ခြင်းမှ ပိတ်ပင်ထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနေရာယှ ဉ်ပြိုင်ခြင်းမှ ထိထိရောက်ရောက်ပိတ်ပင်ထားသော အခြေခံဥပဒေပုဒ်မ၅၉(စ)ကို ပြင်ဆင်ခြင်းမပြုရန် ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီက ကော်မတီအတွင်း မဲခွဲဆုံးဖြတ်ရာ မပြင်လိုသော မဲက ပိုများပြီး မပြင်ရန် ဆုံးဖြတ်ခဲ့သည်။ ယင်းမဲခွဲမှုတွင် မပြင်လိုသောမဲ ၂၆ မဲ ရှိပြီး ငါးမဲသာ ပြင်ရန် မဲပေးခဲ့သည်ဟုကော်မတီဝင်အချို့ကို ကိုးကား၍ မီဒီယာများက ဖော်ပြသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် ဇနီး၊ ခင်ပွန်းနှင့်သားသမီးများ နိုင်ငံခြားသားများ ဖြစ်နေသော မည်သူ့ကိုမဆို နိုင်ငံကိုဦးဆောင်ခြင်းမှ ပိတ်ပင်ထားသည်။

နီပေါနိုင်ငံသို့ အလည်အပတ်ခရီးတွင် မိမိအနေဖြင့် လွတ်လပ်၍တရားမျှတခြင်းသာမကဘဲ စစ်မှန်သော ဒီမိုကရက်တစ်ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်လိုသည်ဟု အခြေခံဥပဒေဆိုင်ရာ ညီလာခံတွင် ပါလီမန်အမတ်များအား ပြောကြားသည်။

မြန်မာနိုင်ငံ၏ အခြေခံဥပဒေကို ပြင်ဆင်ရေး ၎င်း၏လှုပ်ရှားမှုကို ရှင်းလင်းပြောကြားရင်း မျှတသောရွေးကောက်ပွဲဆိုသည်မှာ မျှတစွာပါဝင်ခွင့်ဟု အဓိပ္ပာယ်ရကြောင်း ပြောကြားသည်။

‘‘အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုဟာ လက်ခံမှုရရှိဖို့ လိုနေပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

‘‘ကမ္ဘာတစ်ဝန်းက ကျွန်မတို့ မိတ်ဆွေတွေအနေနဲ့ မြန်မာနိုင်ငံက ဖြစ်ပေါ်တိုးတက်မှုတွေကို သတိပြုနေကြပြီးစစ်မှန်တဲ့ နိုင်ငံရေး လိုအပ်ချက်တွေကနေ အာရုံလွှဲသွားအောင် လုပ်နေတဲ့လူတွေရှိတယ်ဆိုတဲ့ အချက်ကိုလည်း သတိပြုရပါမယ်’’ဟု နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်မှနေ၍ ၂၀၁၀ ခုနှစ်တွင် လွတ်မြောက်လာသူ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။                

—Ref: AFP
7day news journal