ရဲ ပစ်ခတ်မှူကြောင့် ကလေးငယ် တစ်ဦး ကျည်ဆံထိမှန်


ယနေ့ ညနေ ၄ နာရီကျော်အချိန်တွင် စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက် စစ်ကဲလမ်းဘေးရှိ နေအိမ်မှ အသက် ၁၀ နှစ်ခန့်အရွယ် ကလေးငယ်တစ်ဦး အနီးအနားတွင် လုံးခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်သောကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း သိရသည်။

၎င်းရပ်ကွက်ရှိ ကမ္ဘာ့စားနပ်ရိက္ခာ ဆန်ဂိုဒေါင်အနီး လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင်များကို မိမိအိမ်ပေါ်မှ ရပ်ကြည့်နေစဉ် သေနပ်ထိမှန်ခဲ့သည့်ဟု အဒေါ်ဖြစ်သူ တစ်ဦးက အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားသည်။

ယင်းကလေးမှာ တင်ပါးတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ယခု စစ်တွေဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေကြောင်း ယင်းအဒေါ်က ဆက်ပြောသည်။

စစ်တွေမြို့တွင် ယခုရက်များအတွင်း ဖြစ်ပေါ်နေသော မငြိမ်မသက်မှုများကို ရဲတပ်ဖွဲ့က ပစ်ခတ်ထိန်းသိမ်းရာတွင် အကြောင်းမဲ့ ပထမဆုံးဒဏ်ရာရရှိသူတစ်ဦးဖြစ်သည်။

စစ်တွေမြို့တွင် ယခု ညမထွက်ရအမိန့်ကို ည ၆ နာရီ၊ မနက် ၆ နာရီဟု မြို့နယ်အုပ်ချုပ်ရေးမှူါ်းက ထုတ်ပြန်ထားသည်။

နောက်ဆက်တွဲသတင်းများကို ဆက်လက်ဖေါ်ပြပေးပါမည်
ယခုဓါတ်ပုံများမှာ အဆိုပါ ကလေးငယ်၏ဓာတ်ပုံပင်ဖြစ်ပါသည်

ဓာတ်ပုံ- Ko Moe
Share Arakan News

မန္တလေးသင်္ကြန်မဏ္ဍပ်တိုင်းတွင် မိုင်းရှင်းလင်းရေး ဆောင်ရွက်မည်


မန္တလေး၊ မတ် ၂၆

မန္တလေးမြို့တော်၌ လာမည့် မဟာသင်္ကြန်ပွဲတော် ကာလတွင် ဆောက်လုပ်မည့် မဏ္ဍပ်အရေအတွက် များပြားလာမှုနှင့်အတူ ရေကစားသူများ၏ လုံခြုံရေး၊ မှုခင်းဖြစ်ပွားမှု လျော့ကျစေရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား တိုးချဲ့ချထားပေးမည့်အပြင် မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။

ရေကစားမဏ္ဍပ်တိုင်းတွင် CCTV လုံခြုံရေးကင်မရာ တပ်ဆင်သွားရမည် ဖြစ်ပြီး မိုင်းရှင်းလင်းရေး လုပ်ငန်းများကို မိုင်းရှင်းတပ်စု အင်အား ၃၆ ဦးနှင့် ဆောင်ရွက်သွားမည်ဖြစ်ကာ မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်ကို နံနက် ၅ နာရီ တစ်ကြိမ်၊ ညနေ ၆ နာရီတွင်တစ်ကြိမ် ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“ဒီနှစ်လုံခြုံရေးကို မနှစ်ကထက် တိုးပြီးချမှတ်မယ်၊ အင်အားကတော့ ရေးဆွဲတုန်းပဲ ရှိသေးတယ်၊ မဏ္ဍပ် အရေအတွက် တိုးတာနဲ့အမျှ လုံခြုံရေးကို ပိုချမယ်၊ လုံခြုံရေး တပ်ဖွဲ့တွေလည်း ရှိလာတယ်၊ နောက်ပြီး ဒုရဲအုပ် သင်တန်းဆင်းတွေလည်း ရှိတယ်၊ မဏ္ဍပ်တိုင်း CCTV ကင်မရာ တပ်ဆင်ရမယ်၊ မတပ်ရင် ဥပဒေအတိုင်း အရေးယူသွားမယ်” ဟု ၎င်းကဆိုသည်။

ယင်းအပြင် သင်္ကြန်ကာလအတွင်း ကွပ်ကဲရေးရုံးများ ထားရှိသွားမည် ဖြစ်ကာ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့်အတူ အသင့်အနေအထားဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင် ပေးမယ်ဆိုတော့ ကောင်းပါတယ်၊ လုံခြုံရေးလည်း ချပေးမယ်လို့ သိရတယ်၊ ကျွန်တော်တို့အပြင် သီးသန့် လုံခြုံရေး အယောက် ၃၀ လောက် ငှားထားပါတယ်၊ CCTV ကင်မရာကိုလည်း နှစ်စုံလောက် တပ်ဆင်မှာပါ” ဟု မန္တလေးကျုံး မြောက်ဘက်တွင် ဆောက်လုပ်မည့် SIR မဏ္ဍပ် ပွဲစီစဉ်သူ ဦးတင်မောင်ဦးက The Voice သို့ ပြောကြားသည်။

လာမည့် ၂၀၁၄ခုနှစ် သင်္ကြန်ပွဲတော်အတွက် မန္တလေးကျုံးဘေး ပတ်လည် မဏ္ဍပ်အရေအတွက် လျှော့ချကာ နေရာချထားပေးမည်ဟု ဆိုသော်လည်း ယမန်နှစ်ကထက် မဏ္ဍပ် ၁၁ ခု ပိုမိုချထား ပေးထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်က ကျုံးဘေးတွင် မဏ္ဍပ်ပေါင်း ၃၀ ခု ချပေးထားခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မဏ္ဍပ်ပေါင်း ၄၁ ခုချထားကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့်နှစ် သင်္ကြန်အကြိုနေ့မှ အတက်နေ့အတွင်း အမှုဖွင့် အရေးယူမှု ၁၃၉ မှုရှိရာ မူးယစ်ရမ်းကားမှုမှာ ၄၃ မှုရှိပြီး လက်နက်ကိုင်ဆောင်မှု နှစ်မှု၊ တာဝန်ဝတ္တရား နှောင့်ယှက်မှု၊ ပြည့်တန်ဆာ ဖမ်းဆီးရမိမှုတို့ ပါဝင်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

The Voice Weekly 

ဖခင်ဖြစ်သူက သမီးအရင်းအား သားမယားအဖြစ် အဓမ္မပြုကျင့်


သတင်း၊ ကိုတိုးကြီး
စစ်ကိုင်း၊ မတ် ၂၆
စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်ရှိ၊ တည်းခိုခန်းတစ်ခုတွင် ဖခင်ဖြစ်သူတစ်ဦးက သမီးအရင်းအား သားမယား အဖြစ်ပြု့ကျင့်ခဲ့သည့်အတွက် စစ်ကိုင်းမြို့မရဲစခန်းက ယခုလ ၂၅ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်တွင် အမှု ဖွင့်အရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ပြောကြားသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဇီးအုပ်ကျေးရွာနေ ဦး….. အသက်(၄၂)နှစ်ဆို သည် ယခုလ ၂၃ ရက်နေ့ မနက် ၈ နာရီအချိန်က သမီးဖြစ်သူ အသက်(၁၅)နှစ်၊ ခြောက်လအရွယ်ရှိ မ ….. ဆိုသူကို ပန်းရံဆင်းနေသည့် လုပ်ငန်းခွင်သို့လိုက်ပါခဲ့ရန် ဆိုင်ကယ်ဖြင့်တင်ဆောင်၍ခေါ်ခဲ့ သည်။
ထို့နောက် စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်ရှိ အိုကေ တည်းခိုခန်းရှိ အခန်းအမှတ်(၇)အား ငှားရမ်းခဲ့ပြီး နောက် သူမကိုယ်ခန္ဒာပေါ်ရှိ အ၀တ်အထည်းများအား ချွတ်ခိုင်းပြီးနောက် အခန်းအတွင်းရှိကုတင်ပေါ်တွင် သားမယားအဖြစ် သုံးကြိမ်ပြုကျင့်ခဲ့သည်ဟု စစ်ကိုင်းမြို့မရဲစခန်းတွင် ကာယလံရှင်ကိုယ်တိုင်မှ ထွက်ဆို တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ရဲစခန်းက ပြစ်မှုကြီးဖြစ်စဉ် အမှတ် ၃/ ၂၀၁၄ ရဲစခန်း(ပ) ၁၂၄/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း

နိုင်ငံရေး အကျပ်အတည်းများ မဖြစ်စေရန် လေးပွင့်ဆိုင် တွေ့ဆုံရန် တောင်းဆိုခြင်းဖြစ်


အိအိတိုးလွင်နှင့် စုလှိုင်ထွန်း   |   Thursday, 27 March 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းချက်များသည် နိုင်ငံရေး အကျပ်အတည်း မဖြစ်စေရန်
တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေရခြင်း ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၂၆ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားလိုက်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဆန္ဒထုတ်ဖော်မှုများ အရှိန်မြင့်တက်
လာသည့်အချိန်တွင် ပြင်ဆင်ရေးအတွက် တာဝန်ယူထားသူများအနေဖြင့် နိုင်ငံရေးအကျပ်အတည်း
ကိုရှောင်ဖယ်ကာ သိမ်မွေ့စွာကိုင်တွယ်သွားရန် သမ္မတဦးသိန်းစိန်က လွှတ်တော်တွင် သတိပေး
ပြောကြားချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု လွှတ်တော် နာယက သူရ
ဦးရွှေမန်းနှင့် ပူးတွဲ ရှင်းလင်းပွဲ၌ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် မတ်လ ၂၆ ရက်နေ့မနက်ပိုင်းတွင် ၎င်း၏ တာဝန်ယူမှု
သက်တမ်းသုံးနှစ်ပြည့်သည့် အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်း
လာရောက်ပြောကြားခဲ့ပြီး ညနေပိုင်း လွှတ်တော် အစည်းအဝေးများ ပြီးဆုံးချိန်တွင် ပြည်ထောင်စု
လွှတ်တော် နာယက သူရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ပူးတွဲ သတင်းစာ
ရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။

"နိုင်ငံရေးအကျပ်အတည်းကို ဦးတည်နိုင်စရာ အကြောင်းမရှိပါဘူး။ စောစောက ပြောသလိုပဲ
ပြဿနာတွေမှာ ပြဿနာကို ဖြေရှင်းပုံ ဖြေရှင်းနည်းပဲလိုပါတယ်။ တွေ့ဆုံ ဆွေးနွေးတယ်ဆိုတာ
လည်း အခုမှမဟုတ်ပါဘူး။ အမြဲတမ်း တွေ့ဆုံဆွေးနွေးရေးကိုဘဲ တောင်းဆိုခဲ့တာပါ။ ဘယ်လို
ပြဿနာဘဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်တယ်ဆိုတဲ့မူကို ကျွန်မတို့ ကိုင်စွဲထားပါ
တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေး ပြဿနာများအား နိုင်ငံရေးအရ တရားဝင်တွေ့ဆုံ
ဆွေးနွေးခွင့်ရရန် လွန်ခဲ့သည့်နှစ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လွှတ်တော် နာယက သူရ ဦးရွှေမန်းတို့ ပါဝင်သည့်
တွေ့ဆုံ ဆွေးနွေးခွင့်ကို သမ္မတထံ လိပ်မူတောင်းဆိုခဲ့သည်။

"အမျိုးသားရင်ကြားစေ့ရေးဆိုတာ တွေ့ဆုံ ဆွေးနွေးခြင်းအပေါ်မှာပဲ အခြေခံထားပါတယ်။
မတွေ့ဆုံဘဲနဲ့ မဆွေးနွေးဘဲနဲ့ ဘယ်လိုမှ အမျိုးသားရင်ကြားစေ့ရေးကို လုပ်လို့မရပါဘူး။ မတွေ့ဘဲနဲ့
မတူညီတဲ့သဘောထားတွေကို ညှိမရပါဘူး။ အဲဒါကြောင့် ကျွန်မတို့က နိုင်ငံရေးမှာ သဘောမတူ
တာတွေ ရှိတိုင်း အကျပ်အတည်း ဖြစ်မသွားနိုင်ပါဘူး။ ဒါကြောင့်မို့လည်း ကျွန်မက လေးပွင့်ဆိုင်
တွေ့ဆုံရေးကို တောင်းဆိုတာပါ။ အကျပ်အတည်းကိုလည်း မဖြစ်စေချင်ဘူး"ဟု ၎င်းက ပြောသည်။

လေးပွင့်ဆိုင်တွေ့ဆုံရေး ဖြစ်မြောက်ရေးမှာ မိမိတစ်ဦးတည်း မတတ်နိုင်ဘဲ သမ္မတတစ်ဦးတည်း
ကသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

သတင်းစာရှင်းလင်းပွဲသို့ အတူတကွ တက်ရောက်လာသည့် သူရ ဦးရွှေမန်းကမူ တွေ့ဆုံညှိနှိုင်းရေး
မူကို လက်ခံကြောင်း ပြောဆိုလိုက်ပြီး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးသည် အခြေခံ ဥပဒေ
ပြင်ဆင်ရေးအတွက် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း ပြောကြားလိုက်သည်။

Myanmar Times

အိုဘားမား၏ လုံခြုံရေးဝန်ထမ်း အရက်မူးနေ၍ အမေရိကပြန်ပို့ခံရ


ဝါရှင်တန်၊ မတ် ၂၆

နျူကလီးယား လုံခြုံရေးထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ရန် နယ်သာလန်နိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်သမ္မတ အိုဘားမား၏ လုံခြုံရေး ဝန်ထမ်းများတွင် အရက်မူးနေသူ တစ်ဦးနှင့် အခြား ၂ ဦးကို စည်းကမ်းပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြင့် အမေရိကသို့ ပြန်ပို့လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဝါရှင်တန်ပို့စ် သတင်းစာတွင် ဖော်ပြချက်အရ အမေရိကန်သမ္မတ အိုဘားမားကို ကာကွယ်ပေးရသော လုံခြုံရေး ဝန်ထမ်းများထဲမှ စည်းကမ်းချိုး ဖောက်သူသုံးဦးကို အမေရိကသို့ ပြန်ပို့ခဲ့ခြင်း ဖြစ်သည်။

စည်းကမ်းချိုးဖောက်သူ သုံးဦးတွင် တစ်ဦးမှာ အမ်စတာဒမ် ဟိုတယ်တွင် သတိလက်လွတ် ဖြစ်သည်အထိ အရက်မူးနေသည်ကို ဟိုတယ်ဝန်ထမ်းများက တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး၊ ကျန်နှစ်ဦးမှာ ၎င်းကို တားမြစ်ခြင်း မရှိသောကြောင့် အလိုတူ အလိုပါအဖြစ် မှတ်ယူခံရခြင်း ဖြစ်ကြောင်း ယင်းဖြစ်ရပ်ကို ကောင်းမွန်စွာ သိရှိသော အမည်မဖော်လိုသူ သတင်းရင်းမြစ်ကို ကိုးကား၍ ဝါရှင်တန်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

လုံခြုံရေးအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားရာတွင် သမ္မတအိုဘားမား၏ လုံခြုံရေး ဝန်ထမ်းသုံးဦးကို တာဝန်မှ ခေတ္တဆိုင်းငံ့၍ ခွင့်ပေးထားကြောင်းသာ ပြောကြားခဲ့ပြီး အသေးစိတ် ထုတ်ပြန် ပြောကြားရန်ကိုမူ ငြင်းဆန်ခဲ့သည်။

အမေရိကန်သမ္မတ အိုဘားမား၏ လုံခြုံရေး ဝန်ထမ်းများသည် လွန်ခဲ့သောနှစ်များအတွင်း မလျော်ကန်သော အပြုအမူများ ပြုလုပ်ခဲ့ခြင်းကြောင့် ဂုဏ်သရေ ကျဆင်းနေမှုကို ပြန်လည် မြှင့်တင်ရန် ကြိုးပမ်းနေချိန်တွင် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၁၃ ခုနှစ်ကလည်း သမ္မတ အိုဘားမား၏ လုံခြုံရေးဝန်ထမ်း နှစ်ဦးသည် လိင်ပိုင်ဆိုင်ရာ စည်းရုံးဆွဲဆောင်မှုနှင့် မလျော်ကန်သော အပြုအမူများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရပြီး ရာထူးမှ ဖယ်ရှားခဲ့သည်။

ထို့ပြင် ၂၀၁၂ ခုနှစ်တွင်လည်း ကိုလံဘီယာနိုင်ငံ ကာတန်ဂျီနာမြို့တွင် သမ္မတအိုဘားမား၏ လုံခြုံရေးဝန်ထမ်း အချို့က ပြည့်တန်ဆာများ ခေါ်ယူပျော်ပါး ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် လုံခြုံရေး ဝန်ထမ်း အများအပြားကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။

ယင်းကဲ့သို့ မလျော်ကန်သော အပြုအမူများကြောင့် လုံခြုံရေးအေဂျင်စီ အနေနှင့် လုပ်ထုံးလုပ်နည်း အသစ်များ ထပ်မံချမှတ်ခဲ့ရပြီး ယခင်က အမျိုးသား များသာ လွှမ်းမိုးထားသည်ဟု ရှုမြင်ခံထားရသော လုံခြုံရေးလုပ်ငန်းကို ပြောင်းလဲမှုများ ပြုလုပ်ရန် အမေရိကန် အစိုးရအရာရှိများက ကတိပြုခဲ့ကြသည်။

ယမန်နှစ်က သမ္မတအိုးဘားမားသည် ၎င်း၏ လုံခြုံရေးအဖွဲ့ ဒါရိုက်တာ ရာထူးကို ပထမဆုံးအကြိမ်အဖြစ် ဝါရင့် ထောက်လှမ်းရေး အမျိုးသမီးဖြစ်သူ ဂျူလီယာပီယာဆင်ကို အမည်စာရင်း တင်သွင်းခဲ့သည်။

The Voice Weekly

MH370 ပျောက်ဆုံးမှုအပေါ် နိုင်ငံတကာလေယာဉ်မှုများရဲ့ အယူအဆ


ဘိုးရင်း ၇၇၇ ကို မောင်းနှင်ပျံသန်းနေကြပြီး သူတို့ အားလုံး
ရဲ့ပျံသန်း ချိန်စုစုပေါင်း နာရီ ၅၀ ၀၀၀ ကျော်ရှိတဲ့ လေယာဉ်မှုး
တစ်ချို့ဟာ ချီကာဂိုမြို့က ဟိုတယ်တစ်ခုမှာတွေ့ကြပါတယ်။

လေကြောင်းလိုင်းပေါင်းစုံက လေယာဉ်မှုးတွေဟာ ခရီးတစ်
ထောက်နားရင်း တွေ့ကြတော့ လတ်တလောပြောစရာဖြစ်
နေတဲ့ MH 370 အကြောင်းဟာ ခေါင်းစဉ်အောက်အလိုလို
ရောက်လာပါလေရော။ MH 370 ခရီးစဉ်မှာသုံးတဲ့လေယာဉ်
အမျိုးအစားဟာ သူတို့ နိုင်နင်းကျွမ်းကျင်စွာပျံသန်းနေတဲ့
လေယာဉ်အမျိုးအစားဖြစ်နေတာကိုး။

ပြောကြဆိုကြတဲ့ အချိန်ကလည်း MH 370 လေယာဉ်ဟာ
ပျက်ကျတာသေချာသလောက်နီးပါးဖြစ်နေချိန်ဆိုတော့
ကင်းလှည့်လေယာဉ်တွေ စစ်သင်္ဘောတွေကလည်း
ဝေးလံတဲ့ရေပြင်ကိုဦးတည်ရှာနေကြပါပြီ။

စားရင်းသောက်ရင်းပြောခဲ့တာတွေထဲက တညီတညွတ်ထဲ
သဘောတူကြတဲ့ အချက် ၁၂ ချက် ကို တင်ပြပါ့မယ်။

၁။ MH-370 ရဲ့ ဆက်သွယ်ရေးစက်တွေ ထားရာခုံမှ မီးလောင်
ခဲ့သည်။ ထိုခုံကို ပဲ့ထိန်းစင်လို့ခေါ်သလို အလယ်ခုံမြင့်လို့လည်း
ခေါ်သည်။ VHF အသံလွှင့်စက် သုံးလုံး၊ HF စက် ၂ လုံး၊ ထရန်
စပွန်ဒါခေါ်တဲ့ရေဒါအခြေခံလေယာဉ်အမှတ်အသားပေးပို့စက်၊ CDUခေါ်တဲ့ဂြိုလ်တုဆက်သွယ်ရေးနဲ့VHFအချက်အလက်ဆက်
သွယ်ချိတ်ဆက်တဲ့မျက်နှာပြင်ယူနစ်တွေရှိတယ်။အဲဒါဟာက
လေယာဉ်မှုးနှစ်ယောက်ရဲ့ထိုင်ခုံတွေကြားမှာပါ။

၂။ မီးဟာလျှပ်စစ် ပတ်လမ်းတွေကို ပူးစေပြီး ချက်ခြင်းဆိုသလို
မြေပြင်နဲ့ဝေဟင် အဆက်အသွယ်ပြတ်စေခဲ့တယ်။

၃။ MH370 ရဲ့ ကွာလာလမ်ပူလေကြောင်းထိန်းမျှော်စင်ကို နောက်
ဆုံး သတင်းပို့တဲ့ အသံဟာ ရေးကြီးသုတ်ပြာနဲ့ပုံမှန်မဟုတ်ဘူး။
လက်ထောက်လေယာဉ်မှုး ဖာရွတ် အဘ်ဒူ ရာမာန်ရဲ့ အသံလို့
ဖော်ထုတ်ထားတဲ့ ဆက်သွယ်မှုအဆုံးသတ်နှုတ်ဆက်သံ
“All right, good night” ဟာ ၀၁း၀၉ နာရီမှာ။ နားထောင်ကြည့်
ရတာ ပုံမှန်မဟုတ်။ အဖြစ်အပျက်တစ်ခုခုဖြစ်နေလို့ သူ့စိတ်ထဲမှာ
အဲဒါကို အာရုံစိုက်နေရင်းပြန်ပြောသလိုထင်ရတယ်။

ပုံမှန်အဆက်အသွယ်ဆိုရင်ပြောရမှာက “Roger. Changing over
to Ho Chi Minh Control on (the next frequency).
Malaysian 370. Good night.”

ကောင်းပြီ။ ဟိုချီမင်းထိန်းချုပ်ရေး(နောက်ပြောင်းမယ့်လေ
လှိုင်းမီတာ) မလေးရှား ၃၇၀။ မင်္ဂလာညပါ လို့ဖြစ်ရမယ်။

၎။မီးစလောင်နေချိန်မှာ လေယာဉ်မှုးနှစ်ယောက်ထဲက တစ်
ယောက် အဝေးရောက်နေလိမ့်မယ်။ အိမ်သာဖြစ်ရင်လည်းဖြစ်မှာ
ပေါ့။ မီးသတ်ဆေးဘူးဟာ ဘယ်ဖက်ထိုင်ခုံ (လေယာဉ်မှုးကြီးခုံ)
အနောက်ဖက်မှာရှိပါတယ်။ ဒါကြောင့် လက်ထောက်လေယာဉ်မှုး
ဟာ သူ့ရဲ့ညာဖက်ခုံမှာ ခါးပါတ်ပါတ်ထိုင်လျှက်သား၊လေယာဉ်ကို
ထိန်းချုပ်နေရင်းနဲ့ လှမ်းယူရန်မလွယ်ပါ။

၅။လေယာဉ်မှုးဟာ ဘေးတစ်ဖက်တစ်ချက်လက်တလှမ်းမှာရှိတဲ့
အောက်ဆီဂျင်မျက်နှာဖုံးကိုလှမ်းဆွဲယူပါလိမ့်မယ်။ ဒီမျက်နှာဖုံး
ဟာအရေးပေါ်အခြေအနေမှာသုံးဖို့ အောက်ဆီဂျင်သန့်သန့်
ထုတ်လွှတ်ပေးတော့ လေယာဉ်မောင်းခန်းထဲ မီးလောင်ချိန်
အောက်စီဂျင်ဟာ မီးပိုလောင်ဖို့ဆွပေးသလိုဖြစ်သွားလိမ့်မယ်။

၆။ သူတို့ဟာ အရေးပေါ်အခြေအနေမှာလုပ်ဆောင်ရမယ့် သတ်
မှတ် နည်းလမ်းအတိုင်း သွားနေတဲ့ သတ်မှတ်လေကြောင်းလမ်းက
ခွာပြီး အနီးဆုံးသင့်တော်မယ့် လေယာဉ်ကွင်းကိုလှည့်ကွေ့မယ်။ ပြီးရင်သံမဏိစည်းကမ်းဖြစ်တဲ့ ပျံသန်း(လေယာဉ်ကိုထိန်းပါ)
လမ်းကြောင်းရှာ(ရည်ရွယ်တဲ့ လမ်းကြောင်းကို ဦးတည်ပျံပါ)
ဆက်သွယ်(ထိန်းသိမ်းရေးမျှော်စင်ကို) ဆိုတာကို လိုက်နာ
ခဲ့ကြပါတယ်။ဒါကြောင့် ညာဘက်ကိုချိုးပြီး အနီးဆုံးလေယာဉ်
ကွင်းကိုရှာတာပါ။ဒီဖြစ်စဉ်မှာလန်ကာဝီ ဒါမှမဟုတ် ကွာလာလမ်ပူ
ကို ပြန်လှည့်မှာပါ။

၇။ ဖြစ်နိုင်တာက သူတို့ မီးမသတ်နိုင်ခဲ့ဘူး။ မီးတောက်ပိုများ
လာနိုင်သလို မီးခိုးဖြစ်စေ မမြင်ရတဲ့အဆိပ်ငွေ့ဖြစ်စေဖုံးလွှမ်း
သွားပြီး လေဆိပ်ကို မဆင်းနိုင်ခင်သတိလစ်သွားနိုင်တယ်။

၈။လေယာဉ်အမှုထမ်းတွေနဲ့ ခရီးသည်တွေလည်းဒီအရေးပေါ်
အခြေအနေကို ရိပ်စားမိပုံမရကြဘူး။ ဒါကြောင့် မလေးရှားကို
ပြန်ဖြတ်နေတာတောင်ခရီးသည်တစ်ဦးကမှ သူတို့ဖုန်းကိုထုတ်
မဆက်ကြဘူး။ နောက်ပြီး ညနက်ပိုင်းထွက်တဲ့ လေယာဉ်က
ခရီးသည်တွေဟာ အများဖြင့် ခပ်မြန်မြန် အိပ်ပျော်သွားလေ့ရှိ
ကြတယ်။ လေယာဉ်မောင်းခန်းထဲလည်း ကင်မရာမရှိဘူး။

ဒီတော့လေယာဉ်မောင်းခန်းထဲက လောင်နေတဲ့မီးကို တခြား
လေယာဉ်အမှုထမ်းတွေကလည်း မြင်ရမှာမဟုတ်ဘူး။ နောက်
တစ်ခုက လေယာဉ်မောင်းခန်းရဲ့ အင်တာကွန်းစံနစ်ဟာလည်း
ခုနက ဆက်သွယ်ရေးစက်တွေထားတဲ့ အလယ်စင်မှာပဲရှိတာ။ မီးလောင်နေလောက်ရင် လေယာဉ်မှုးကလည်းသုံးလို့ရမှာ
မဟုတ်။

၉။ လေယာဉ်မှုးမထိန်းချုပ်နိုင်တဲ့လေယာဉ်ဟာ ပုံမှန်ဦးတည်ရာ
တောင်ဖက်ကို အလိုလျောက်ထိန်းတဲ့ အော်တို ပိုင်းလော့ စံနစ်နဲ့
ဆီမကုန်မချင်း နောက် ၆ နာရီလောက်ပျံနေဦးမှာ။လေယာဉ်
အမှုထမ်းတွေ က တခုခုတော့လွဲနေပြီလို့ သဘောပေါက်တဲ့ အချိန်
ကျတော့ လေယာဉ်မောင်းခန်းတံခါးရဲ့ လျှို့ဝှက်ကုဒ်သုံးပြီးဖွင့်ဖို့
ကြိုးစားကြမှာပါ။ အဓိကကျတဲ့အစိတ်အပိုင်းတွေဟာ လေယာဉ်
ရဲ့ ပဲ့ထိန်းစင်ကြားမှာရှိလေတော့ တံခါးသော့စံနစ်လည်း ပျက်နေ
လောက်ဖွယ်ရှိပြီး လေယာဉ်အမှုထမ်းတွေ လက်မှိုင်ချနေတာက
လွဲပြီးဘာမှလုပ်မရတော့။ ကုန်းမြေနဲ့အတော်ဝေးနေပြီဆိုတော့
လည်း ဘယ်ဆဲလ်ဖုန်း ကွန်ယက်မှ အနီးအနားမှာရှိဖို့မမြင်။

၁၀။ ဒီလေယာဉ်ခရီးစဉ်မှာ ၇ နာရီစာလောက် ဆီပါလာလောက်
တယ်။ ဒါဟာ ကွာလာလမ်ပူကနေ ကျေင်းအထိပျံသန်းဖို့ဖြစ်ပြီး
ရာနှုန်းနဲနဲကတော့ လမ်းမှာ အရေးအကြောင်းပေါ်ရင်သုံးဖို့ပါ။
အကြမ်းဖျင်း တနာရီခွဲစာလောက်ပေါ့။ တစ်နာရီစာဆီက တခြား
လမ်းလွှဲလေဆိပ်ကို သွားဖို့ နဲ့ နာရီဝက်စာက လမ်းလွှဲလေဆိပ်
မှာဆင်းဖို့စောင့်ဆိုင်းရင်းပျံဝဲနေဖို့ပါ။

၁၁။ ဆီလည်းကုန်ရော MH370 ရဲ့ကြီးမားလှတဲ့ တာဘို အင်ဂျင်ကြီး
နှစ်လုံး၊တစ်လုံးကို ပေါင် ၁၀၀ ၀၀၀ တွန်းအားပေးတဲ့ အကောင်ကြီး
တွေဟာ တစ်လုံးပြီးတစ်လုံး စက်သေသွားပါမယ်။ သို့ပေမယ့်
လေယာဉ်ယာ ရေပြင်ဆီကို ဝဲ ဆင်းလာမှာပါ။

Thrust Asymmetry Compensator (TAC) Automatic Flight
Director System (AFDS)တို့က လေယာဉ်ကို တန့်နေပြီး
ကောင်းကင်ကနေ ပြုတ်ကျမလာအောင် အနဲဆုံး အရှိန်မှာ တဖြည်းဖြည်းဆင်းသက်လာအောင် ထိန်းပေးနေမှာပါ။

ဒါကြောင့် သတင်းတွေမှာဖတ်ခဲ့ရသလို လေယာဉ်ဟာ အနိမ့်ဆုံး
အမြင့်ပေကနေဝဲဆင်းသွားခဲ့တယ်လို့ဆိုကြတာပါ။

၁၂။ နောက်ဆုံး ပျံသန်းခဲ့တဲ့ အမြင့်ပေပေါ်မူတည်ပြီး အလှုပ်အရှား
မရှိတဲ့လေထဲဝဲနေခြင်းဟာမိုင်အနည်းငယ်အထိဆက်သွားနေပြီး
ရေပြင်နဲ့ထိသွားမှာပါ။ လေယာဉ်နဲ့ ရေပြင်ထိရာမှာလည်း ဆောင့်
ပြီးခပ်ကြမ်းကြမ်း ရိုက်ခတ်မိမှာမဟုတ်ပါဘူး။ အဲဒီတော့ ခပ်ကြမ်းကြမ်း
ဆောင့်မိမှ အသက်ဝင်တဲ့ အရေးပေါ်တည်နေရာထုတ်လွှင့်စက်ဟာ
လည်း အလုပ်လုပ်မှာမဟုတ်ပါဘူး။ ဒါမှမဟုတ် အလုပ်လုပ်တယ်ထားဦး
အဆက်အသွယ်ပြု အချက်ပြသင်္ကေတတွေဟာလည်း ဖမ်းမိဖို့ရာ သိပ်
အားနည်းနေနိုင်ပါတယ်။ ပြောထားကြတဲ့ အတိုင်း လေယာဉ်ပျက်ကျတဲ့
နေရာဟာ သမုဒ္ဒရာချောက်နက်ကြီးထဲ ကျနေရင်ဖြစ်ဖြစ်၊ ရေအောက်မှာ
ရှိတဲ့ အတွန့်အခေါက် တောင်တွေထူထပ်တဲ့ရေအောက်ထဲ ရောက်သွား
ရင်ဖြစ်ဖြစ်ပေါ့လေ။

(ကိုဇော်)
ZawMinnHtun‬

ရန်ကုန်မြို့မှာ လျှပ်စစ်မီတာခနှုန်းမတက်ဖို့ ဆန္ဒပြသူတွေထဲက ၂ ဦးကို ကျောက်တံတားရဲက တရားစွဲ (ရုပ်/သံ)


ရန်ကုန်မြို့မှာ လျှပ်စစ်မီတာခနှုန်းမတက်ဖို့ ဆန္ဒပြသူတွေထဲက ၂ ဦးကို ကျောက်တံတားရဲက တရားစွဲဆိုလိုက်ပါတယ်။ ကောင်းထက်ကျော် သတင်းပေးပို့ထားပါတယ်။


DVB TV News

ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်သူ ၄ဦးကို ရဲတပ်ဖွဲ့ အင်အား ၁၀၀နီးပါးလောက်က တားဆီး






လျှပ်စစ်မီတာခ လျှော့ချပေးရေးအတွက် မန္တလေးမြို့ မတ်လ ၂၇ရက် အခုညနေပိုင်းက ၃၃လမ်း ၇၈လမ်းဒေါင့် ဒိုင်းမွန်းပလာဇာနားမှာ ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်သူ ၄ဦးကို ရဲတပ်ဖွဲ့ အင်အား ၁၀၀နီးပါးလောက်က တားဆီးခဲ့ပါတယ်။ အဲဒီ့နောက် ဆန္ဒထုတ်ဖော်သူ ကိုသိန်းအောင်မြင့်၊ ကိုစောလှအောင်၊ မခက်ခက်ဇော်နဲ့ ကိုကျော်မျိုးထွန်းတို့က ရဲတွေက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ မနေ့ညကလည်း မီတာခလျှော့ချရေးအတွက် ရန်ကုန်မြို့လယ်မှာ ဆန္ဒပြသူ ၂ယောက်ကို ကျောက်တံတားရဲစခန်းက တရားစွဲထားပါသေးတယ်။

ဓာတ်ပုံ - အိမ်ခိုင်မြဲ
DVB TV News

လက်အိတ်စွပ်ထားသော်လည်း သင်၏စမတ်ဖုန်းအားအသုံးပြုနိုင်ပြီ




ကျွန်ုပ်တို့အနေဖြင့် စမတ်ဖုန်း၊တက်ဘလက် များ၏ မျက်နှာပြင်များကို ကိုင်တွယ်ထိတွေ့ အသုံးပြုနိုင် ရန်မှာ လူ့အရေအပြားနှင့်သာ ထိတွေ့လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ သင်၏ လက်ချောင်းများကို တစ်စုံတစ်ခု ဖြင့် ဖုံးကွယ်၍ (အထူးသဖြင့် လက်အိတ်) အသုံးပြုပြီး ခိုင်းစေပါက သင်၏ စမတ်ဖုန်း၊သို့မဟုတ် တက်ဘလက်အနေဖြင့် အလုပ်လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။

ထို့အပြင် အေးမြသောရာသီဥတုတွင် တယ်လီဖုန်းအား ကိုင်တွယ် အသုံးပြုရန်မှာ တယ်လီဖုန်း အသုံးပြုချိန် ကြာမြင့်လေ အသုံးပြုသူ၏ လက်များ အနေဖြင့် ထုံကြဉ်မှု ဝေဒနာများ၊ ကိုက်ခဲသော ဝေဒနာများကို စတင်၍ ခံစားလာရမည်ဖြစ်ပေသည်။ ထို့ကြောင့် လက်အိတ်ကိုပြန်လည်စွပ်ထား လျှင်လည်း ဖုန်းကိုခိုင်းစေနိုင်မည် မဟုတ်ပေ။ ၄င်းအချက်အလက်မှာ အပြန်အလှန်ဆက်နွယ်နေပေသည်။
၎င်းပြဿနာများကို ဖြေရှင်းနိုင်ရန် မည်သည့်လက်အိတ်ကိုဝတ်ဆင်ထားသည်ဖြစ်စေ စမတ်ဖုန်းအား ထိတွေ့ခိုင်းစေနိုင်တော့မည့် Nanotips ဟုခေါ်သော အရည်တစ်မျိုးအား ကနေဒါနိုင်ငံရှိ အသက် ၂၃ သာရှိသေးသူ Tony Yu ဆိုသူမှ တီထွင်ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါအရည်အား Polyamide မှ ထုတ်လုပ်ခဲ့ ခြင်းဖြစ်ပြီး အသုံးပြုမည့်သူအနေဖြင့် ၄င်းအရည်အား လက်ချောင်းထိပ်တွင် စွတ်လိုက်ရုံဖြင့် စမတ်ဖုန်းအား အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။

ကန့်သတ်ချက်တစ်ခုအနေဖြင့် Nanotips အရည်အား လက်ချောင်းထိပ်တွင် စွတ်ထားသော်လည်း ၄င်းအရည် မခြောက်သွေ့မီ အချိန်၌သာ အသုံးပြုနိုင်မည်ဖြစ်ပြီး အရည်၏ ခြောက်သွေ့ချိန်မှာ မိမိတို့ အသုံးပြုသောလက်အိတ်၏ ပြုလုပ်ထားသော အမျိုးအစားပေါ်တွင် မူတည်မည်ဖြစ်ပါသည်။

ယခုတီထွင်နိုင်မှုအား အစပိုင်းတွင် လူအများအနေဖြင့် မယုံကြည်နိုင်ခဲ့ပြီး ၄င်းတို့ ၏ စိတ်ထဲ၌ စမ်းသပ်ချင်စိတ်များ ရှိနေခဲ့ကြောင်းလည်း Yu မှ ပြောကြားခဲ့ပါသည်။ Nanotips တစ်စုံလျှင် အမေရိကန် ၂၀ ဒေါ်လာ တန်ဖိုးရှိပြီး အပြာရောင်မှာ ချည်မျှင်နှင့်ရက်လုပ်ထားသော လက်အိတ်များနှင့် အခြား စိမ့်ဝင်နိုင်သော မည်သည့်အမျိုးအစားလက်အိတ်တွင်မဆို အသုံးပြုနိုင်မည်ဖြစ်ပြီး အမည်းရောင်မှာ သားရေနှင့်ရာဘာ လက်အိတ်များအတွက် ဖြစ်ပါသည်။

Ref:dailymail.co.uk
WorldWide(BMSTU)
TechSpace Journal 

အမေရိကန်ကြည်းတပ်အနေဖြင့် အတွဲလိုက်လမ်းညွှန်ပဲ့ထိန်းဒုံးပျံ(GMLRS Rocket) ထုတ်လုပ်ရန် လော့ဟိမာတင်နှင့် စာချုပ်ချုပ်ဆိုခဲ့


လော့ဟိမာတင်အနေဖြင့် အတွဲလိုက်လမ်းညွှန်ပဲ့ထိန်းဒုံးပျံစနစ် ( Guided Multiple Launch Rocket System-GMLRS) ထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ အမေရိကန်ကြည်းတပ်နှင့် ဒေါ်လာ ၂၅၅ မီလီယံ တန်ဖိုးရှိသော စာချုပ်တစ်ခုအား ချုပ်ဆိုနိုင်ခဲ့ပါသည်။

ထုတ်လုပ်ပြီးပါက အဆိုပါဒုံးပျံများအား အမေရိကန်ကြည်းတပ်၊ မရိန်းတပ်ဖွဲ့နှင့် အီတလီနိုင်ငံများသို့ ခွဲဝေတင်ပို့သွားမည်လည်းဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်၊ ဧပြီလတွင် စတင်ပေးပို့သွားမည်ဖြစ်ပြီး Camden၊ Ark၊ Dallas နှင့် Texas ရှိ လော့ဟိမာတင်၏ စက်ရုံများတွင် ထုတ်လုပ်သွားမည်ဖြစ်ပါသည်။

ယခုကဲ့သို့ ယုံကြည်မှုရှိစွာဖြင့် စာချုပ်ချုပ်ဆိုခဲ့ခြင်းအတွက် လော့ဟိမာတင်မှ ဒုတိယဥက္ကဌ Ken Musculus မှ ပြောကြားခဲ့ပြီး Guided MLRS သည် တိုက်ခိုက်ရေးအပိုင်းတွင် တိကျသောလက်နက်စနစ်တစ်ခု ဖြစ်ကြောင်းနှင့် မိမိတို့ဘက်မှလည်း ယခုကဲ့သို့ ရရှိခဲ့သည့် ယုံကြည်မှုအတိုင်း ထုတ်လုပ်သွားမည်ဟု ဆက်လက်ပြောကြားခဲ့ပါသည်။

GMLRS သည် မည်သည့်ရာသီဥတုအခြေအနေမျိုးနှင့်မဆို အသုံးပြုပစ်ခတ်နိုင်ရန် ဒီဇိုင်းထုတ်လုပ်ထား ပြီး သမားရိုးကျလက်နက်များထက် လျင်မြန်တိကျစွာဖြင့် တိုက်ခိုက်နိုင်မည့် လက်နက်တစ်ခုဖြစ်ပါသည်။ GMLRS ဒုံးပျံတစ်ခုချင်းစီကို MLES ပစ်စင်တွင်သာမက လော့ဟိမာတင်ထုတ် HIMARS၊သို့မဟုတ် M270 ပစ်စင်များမှလည်း ပစ်ခတ်နိုင်ပါသည်။ GMLRS စနစ်သည် အမေရိကန်၊ပြင်သစ်၊ဂျာမဏီ၊အီတလီ၊ဗြိတိန် အစရှိ သည့်နိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်သည့် စနစ်ဖြစ်ပြီး ဂျပန်၊ဂျော်ဒန်၊စင်္ကာပူ နှင့် အာရတ်နိုင်ငံတို့မှလည်း ပါဝင်ပါသည်။

Camden စက်ရုံမှ GLMRS ဒုံးပျံအစင်း ၂၅၀၀၀ ကျော်အားထုတ်လုပ်မည်ဖြစ်ပြီး ၄င်းစက်ရုံသည် လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း ဆုတံဆိပ်ပေါင်း ၆၀ ကျော်ရရှိခဲ့သည်ဟု သိရှိရပါသည်။ လက်ရှိတွင် Lockheed Martin သည် လုပ်သားပေါင်း ၁၁၅၀၀၀ ခန့်ဖြင့် ကမ္ဘာအနှံ့ သုတေသန၊ဒီဇိုင်း၊ထုတ်လုပ်၊ပေါင်းစပ်၊ ၀န်ဆောင်မှုပေး စသည့် လုပ်ငန်းများကိုလုပ်ဆောင်လျက်ရှိပေသည်။

Ref:defensetalk
WorldWide(BMSTU)
TechSpace Journal

အလုံမြို့နယ်တွင် မီတာခ ပြန်လည်လျှော့ချရေး ဆန္ဒပြ (ရုပ်/သံ)





မကြာသေးခင်က လျှပ်စစ်ဓာတ်အားခ တိုးမြှင့်လိုက်မှုအပေါ် ယနေ့ တပ်မတော်နေ့ (မတ်လ၊ ၂၇ရက်) ည ၈နာရီခန့်တွင် အလုံမြို့နယ်၌ ဆန္ဒထုတ်ဖော်သူ တစ်စုက မီးထွန်းထားသော ဖယောင်းတိုင်များ ကိုင်ဆောင်ကာ အောက်ပါအကြောင်းအရာတို့ကို ရွတ်ဆို ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

မီတာခ လျှော့ချရေး --------- ဒို့အရေး၊ ဒို့အရေး
တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး ------ ဒို့အရေး၊ ဒို့အရေး
မီတာခ တိုးမြှင့်ကောက်ခံမှု ---- အလိုမရှိ၊ အလိုမရှိ
ပြည်သူ့ဆန္ဒလစ်လျှူရှုသောအစိုးရ ------- အလိုမရှိ၊ အလိုမရှိ

ဆန္ဒပြရင်း ဘေးဘီတိုက်ခန်းများမှ ဆန္ဒထုတ်ဖော်လိုသူများကိုလည်း ကြိုဆိုလျှက်ရှိသည်ဟု Myanmar CNN မှ သတင်းရရှိပါသည်။

=============================
သတင်းပေးပို့သူအား Myanmar CNN မှ ကျေးဇူးတင်ရှိပါသည်။ သတင်းများကို [email protected] သို့ ပေးပို့နိုင်ပါသည်။

အလုပ်ခွင်အန္တရာယ်ရှိပါက အလုပ်သမားဘက်မှ အလုပ်လုပ်ရန်ငြင်းဆန်ခွင့်ရှိ


စက်ရုံအလုပ်ရုံအလုပ်သမား များနှင့် ဆောက်လုပ်ရေးလုပ်ငန်း ခွင်အတွင်း လုပ်သားအများစု သည် လုပ်ငန်းခွင်အန္တရာယ်ကင်း ရှင်းရေး လုပ်ငန်းစဉ်များတွင် လိုက်နာဆောင်ရွက်မှုအားနည်း နေသေးကြောင်းနှင့်  အလုပ် သမားများသည်လည်း လုပ်ငန်း ခွင်အတွင်း မိမိအတွက်အလုပ် အန္တရာယ်ကျရောက်နိုင်ခြေရှိပါက အလုပ်လုပ်ကိုင်ရန်ငြင်းဆန်ပိုင်ခွင့် ရှိကြောင်း အလုပ်ရုံနှင့် အလုပ် သမားစစ်ဆေးရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဥက္ကာသိန်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင်စက်ရုံအလုပ် ရုံ လုပ်သားများသည်ဘေးအန္တရာယ် ကင်းရှင်းမှုကိုအလေးထားဆောင် ရွက်မှုအားနည်းနေသေးကြောင်း၊ အချို့အလုပ်သမားများနှင့်ဆောက် လုပ်ရေးအလုပ်သမားများ ဆို လျှင် Safety Hat (လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးဦးထုပ်) များကို မေးသိုင်းကြိုးတပ်ဆင်မှု မပြုလုပ်ဘဲ ဖြုတ်ပစ်ကြကြောင်း၊ အချို့ကမူ ယင်းဦးထုပ်ကိုထမင်း ထည့်စားရန်၊ ရေခပ်သောက်ရန်နှင့် ခေါင်းအုံးအိပ်ရန်အတွက်သာအသုံး ပြုသည့်အရာဟု ပြက်ရယ်ပြု ပြောဆိုနေကြကြောင်း  ၎င်းက ထပ်လောင်းပြောကြားသည်။
ထို့အပြင် ၎င်းကအန္တရာယ် ရှိနိုင်သည့် လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေရသည့် အလုပ်သမား များအနေဖြင့် လုပ်ငန်းခွင်အတွင်း မိမိအတွက်အန္တရာယ်ကျရောက် နိုင်ခြေရှိပါက အလုပ်ရှင်နှင့်ညှိနှိုင်း တိုင်ပင်၍ အဆိုပါနေရာတွင် အလုပ်ဆက်လက်လုပ်ကိုင်ရန် ငြင်းဆန်ပိုင်ခွင့်ရှိကြောင်း ယတိ ပြတ်ပြောကြားသည်။
““ကျွန်တော်တို့ အခုတစ်လကို အလုပ်ရုံ(၃၀)ကိုစစ်ဆေးမှုတွေ လိုက်လံပြုလုပ်နေပါတယ်။တောင်း ဆိုမှုတွေ  ရှိရင်လည်း  စစ်ဆေး ပေးပါတယ်။ အန္တရာယ်ဖြစ်ရင် လည်း စစ်ဆေးပါတယ်။ စက်မှုနဲ့ ပတ်သက်တဲ့အန္တရာယ်ရှိအဆောက် အအုံနဲ့ စက်ပစ္စည်းတွေမရှိစေရေး အတွက် အလုပ်ရှင်တွေဘက်က တာဝန်ယူပေးရတယ်။ ဒါတွေကို လည်း အလေးထား ဆောင်ရွက် ပေးဖို့ ပြောချင်ပါတယ်””ဟု ဦး ဥက္တာသိန်းက ပြောသည်။ လုပ် ငန်းခွင်အတွင်းဘေးအန္တရာယ်များ လျော့ချနိုင်ရေးအတွက် အလုပ် ရှင်များဘက်မှ လုပ်ငန်းခွင်ပစ္စည်း များကို အသစ်ပြန်လည်ဝယ်ယူ လိုသော်လည်း ငွေကြေးမတတ် နိုင်ပါက မိမိတို့ဝန်ကြီးဌာနအနေ ဖြင့် နိုင်ငံတကာနည်းတူ အလုပ် ရှင်များထံ အတိုးမဲ့ငွေချေးပေးနိုင် ရေးအတွက် စီမံကိန်းများရေးဆွဲ ဆောင်ရွက်နေကြောင်းအလုပ်ရုံနှင့် အလုပ်သမားစစ်ဆေးရာဦးစီးဌာန မှဒုတိယညွှန်ကြားရေးမှူး ဦးဥက္ကာ သိန်းကပြောကြားသည်။

ဝင်းကိုကို
BY HOTNEWS

ကလေးငယ်သေဆုံးမှုအတွက် မိခင်ဖြစ်သူကို တရားစွဲ


သည် ဟာဖင်တန်ပို့စ်

ဒါကိုတာ၊ မတ် ၂၆၊

အမေရိကန်ပြည်ထောင်စု မြောက်ဒါကိုတာ (North Dakota) ပြည်နယ်တွင် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး ၎င်း၏မိခင်ဖြစ်သူအား တရားစွဲဆိုထားသည်ဟု အာဏာပိုင် များက မတ်လ ၂၅ ရက်ကပြောကြားခဲ့သည်။

ပြည်နယ်ကျန်မာရေးမှူး ၀ီလီယံ မာဆယ်လိုက ပြောကြားရာတွင် ဂျက်ဆီကာ လိဂျန်ဆန် အမျိုးသမီး၏ သားဖြစ်သူမှာ အစာစားချင်စိတ်ကင်းမဲ့သည့် ဝေဒနာကို ခံစားခဲ့ရပြီး သေဆုံးခဲ့သည်ဟု ဆိုသည်။ ထိုဖြစ် ရပ်မှာ လူသတ်မှုဖြစ်သည်ဟုဆိုသည်။

အန်ဒီယံအက်ဒ်ဝေါ့ ဘော်ဆင်ဟပ်အမည်ရှိ ၎င်းကလေးငယ်၏ ကိုယ်အလေးချိန်မှာ ဇန်န၀ါရီလက ၎င်းသေဆုံးချိန်တွင် ပေါင်ချိန် ၂၁ ပေါင်သာ ရှိခဲ့သည်။

မိခင်ဖြစ်သူ ဂျက်ဆီကားက ၎င်း၏ ကလေးငယ်မှာ ဟော်မုန်းကြီးထွားမှု ပြဿ နာရှိခဲ့ပြီး ၎င်း၏ ပက်ကျူထရီ (ဂလင်း)မှာ အလုပ်လုပ်ခြင်း မရှိဟုဆိုသည်။ ထို့ပြင် ကလေးငယ်မှာ အစာစားပြီးနောက် ပြန်လည်အန် ထုတ်ပစ်လေ့ရှိပြီး ၎င်းကို ဆရာဝန်နှင့် ပြသခြင်းမရှိသည်မှာလည်းကြာပြီး ဖြစ်သည်။

လက်ရှိတရားရုံးမှ စစ်ဆေးမေးမြန်းမှုအရ အန်ဒီယံမှာ မိသားစု၏လျစ်လျူရှုခြင်းကိုခံခဲ့ရပြီး ပြီးခဲ့သည့်နွေရာ သီက ၎င်းတို့ အိမ်မှာထွက်၍ အပြင်တွင် သီးခြားနေထိုင်နေခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားသည့်နေ့က အန်ဒီယံသည် မနက်စာကို ဂျုံဖြင့် ပြုလုပ်ထားသော မုန့်နှင့်အတူ စပရိုက်နှင့် အခြားအိမ်လုပ်မုန့်များ စားသောက်ပြီးနောက် သေဆုံးခဲ့ခြင်း ဖြစ်သည်။ ဂျက်ဆီကာက ပြဿနာများကို သူမ ဖြေရှင်းနိုင်သည်ဟု ယုံကြည်သောကြောင့် သူမ၏ ကလေးများအတွက် ဆရာဝန်နှင့် ပုံမှန်ပြသခြင်းမရှိခဲ့ဟု ပြောသည်။

ဆေးစစ်ချက်များအရ ၎င်းကလေးငယ်၏ အစာအိမ်တွင် မည်သည့်အစားအစာမှ မရှိပေ။ ထို့ပြင် ဂျက်ဆီ ကာ၏ နေအိမ်မှာ အမှိုက်သရိုက်များဖြင့် ရှုပ်ပွလျက်ရှိပြီး အိပ်ခန်းများမှာလည်း ညစ်ပတ်လျက်ရှိသည်။

Mizzima Burmese

မြောက်ကိုရီးယားအန္တရာယ်မှ ဂျပန်နှင့် တောင်ကိုရီးယားကို ကာကွယ်မည်ဟု အိုဘားမားပြော


အေအက်ဖ်ပီ

သဟိဂ်၊ မတ် ၂၆

နျူကလီးယားလက်နက်များ ပိုင်ဆိုင်တပ်ဆင်ထားသည့် မြောက်ကိုရီးယားနိုင်ငံနှင့်ရင်ဆိုင်ရာတွင် မိမိ၏ရပ် တည်ချက်ကို မယိမ်းမယိုင် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း သမိုင်းဝင်ဂျပန်၊ တောင်ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးကို ဦးဆောင်ပြီး လက်ခံကျင်းပနေစဉ်အတွင်း အမေရိကန်သမ္မတ ဘားရက်အိုဘား မားက ကတိပြု ပြောကြားခဲ့သည်ဟု မတ်လ ၂၆ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထား သည်။

ဂျပန်နိုင်ငံနှင့် ကိုးရီးယားသမ္မတနိုင်ငံ နှစ်နိုင်ငံစလုံး၏ လုံခြုံရေးအတွက် မိမိချမှတ်ထားသည့် သံန်္နိဋ္ဌာန် သည် မည်သည့်အခါမျှ ယိမ်းယိုင်မည်မဟုတ်ကြောင်း သဟိဂ်မြို့တွင် ကျင်းပပြုလုပ်နေသည့် ညီလာခံတွင် အိုဘားမားက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံနှင့် အရင်းနှီးဆုံး မိတ်ဖက်နိုင်ငံ နှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာလာနေခြင်းကို ပြန်လည် ပြင်ဆင်ရန် အိုဘားမား၏ ကြိုးပမ်းချက်ကြောင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တောင်ကို ရီးယားသမ္မတ ပတ်ဂွမ်ဟေးတို့၏ တွေ့ဆုံဆွေးနွေးပွဲ ပေါ်ပေါက်လာခဲ့သည်။

လွန်ခဲ့သည့်ငါးနှစ်အတွင်း မိမိတို့သုံးနိုင်ငံ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းခဲ့သဖြင့် မြောက် ကိုရီးယားနှင့် ရင်ဆိုင်ရာတွင် အားကောင်းခဲ့ကြောင်း အိုဘားမားက ပြောဆိုခဲ့သည်။

သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကြောင့် မြောက်ကိုရီးယား၏ ရန်စခြိမ်းခြောက်မှုများသည် ညီညွတ်စွာတုံ့ ပြန်မှုနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း ပြုံယမ်းကို အချက်ပေးနိုင်ခဲ့သည်ဟု ၎င်းက ဆက်လက် ပြော ကြားခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း မြောက်ကိုရီးယားနိုင်ငံသည် တာလတ်ပစ် ဒုံးကျည်များကို ဆက် တိုက်ဆိုသလို ပစ်လွှတ်ပြီး ၎င်းတို့အခေါ် အမေရိကန်အစိုးရ၏ ရန်စလှုံ့ဆော်မှုဟု ယူဆရသည့် လုပ်ရပ် များကို မစွန့်လွှတ်ပါက နျူကလီးယား လက်နက်ကိုအသုံးပြုပြီး တုံ့ပြန်မည် ဖြစ်ကြောင်း ကွန်မြူနစ်ဖြစ်သည့် မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့သည်။

Mizzima Burmese

အီဘိုလာဗိုင်းရပ်စ်ကြောင့် လင်းနို့သား စားသုံးခြင်းကို ဂီနီံတွင် ပိတ်ပင်


အေအက်ဖ်ပီ

ကိုနာကီ၊ မတ် ၂၆

ဂီနီနိုင်ငံတွင် အအြိတ်ခ်ျအိုင်ဗီအသိပညာ မြှင့်တင်ရေးအတွက် ဘောလုံးအဖွဲ့ချုပ်နှင့်သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကီးအကျယ်ဒုက္ခပေးလျက်ရှိသော အီဘိုလာ (Ebola) ဗိုင်းရပ်စ် ပြန့်ပွားနေခြင်းကို တားဆီး ရပ်တန့်နိုင်ရန်အတွက် လင်းနို့သားရောင်းချခြင်းနှင့် စားသုံးခြင်းကို ပိတ်ပင်တားမြစ်လိုက်ကြောင်း ဂီနီကျန်း မာရေးဝန်ကြီးက ပြောကြားလိုက်သည်ဟု မတ်လ ၂၆ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။

ဒေသဆိုင်ရာ စားကောင်းသောက်ဖွယ် ဖြစ်သော လင်းနို့သားဟင်းလျာမှာ တောင်ပိုင်းတွင် အီဘိုလာ ရောဂါကို ကူးစက်ပျံ့နှံ့ စေခဲ့သော အဓိကလက်သည် ဖြစ်ဖွယ်ရှိကြောင်း ၀န်ကြီးရီနီလာမာခ်ျကပြောခဲ့ သည်။

ဂီနီတွင် ထိုဗိုင်းရပ်စ်ပိုးကြောင့် လူပေါင်း ၆၂ ဦး သေဆုံးခဲ့ရပြီးဖြစ်ကာ အိမ်နီးချင်းလိုက်ဘေးရီးယားနှင့် ဆီရာလီယွန် နိုင်ငံများတွင်လည်း အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းခံခဲ့ရသည်ဟု ယူဆရသော ဝေဒနာ ရှင်များ ရှိနေသည်။

နီးကပ်စွာ ထိတွေ့ဆက်ဆံမှုမှတစ်ဆင့် အီဘိုလာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနိုင်သည်။ ထိုရောဂါကို ကုသနိုင် မည့် ဆေးဝါး နှင့် ကာကွယ်ဆေး မရှိသေးပေ။ ရောဂါ အနုအရင့်အပေါ်မူတည်၍ အီိဘိုလာ ဝေဒနာရှင် ၂၅ ရာခိုင်နှုန်းမှ ၉၀ ရာခိုင် နှုန်းအထိ သေဆုံးလေ့ရှိသည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ကဆို သည်။

ရောဂါလက္ခဏာများထဲတွင် သွေးယို စီးခြင်း၊ ၀မ်းလျှောခြင်းနှင့် ပျို့အန်ခြင်းတို့ ပါဝင်သည်။ ဂီနီနိုင်ငံတွင် အီဘိုလာဗိုင်း ရပ်စ်ရောဂါ ကပ်ဆိုက်ခြင်းမှာ ယခုအခါ ပထမဆုံး အကြိမ်ဖြစ်သည်။ ယခင်က အီဘိုလာ ဗိုင်းရပ်စ် ရောဂါကပ်ဆိုက်ခဲ့သောနိုင်ငံများမှာ ယူဂန်ဒါနှင့် ကွန်ဂိုဒီမို ကရက်တစ်သမ္မတနိုင်ငံများ ဖြစ်ကြ သည်။

လင်းနို့သား ရောင်းချခြင်းနှင့် စားသုံးခြင်းအား ပိတ်ပင်တားမြစ်လိုက်ကြောင်းကိုဝန်ကြီး မစ္စတာရီနီလာ မာခ်ျသည် ထိုကပ် ရောဂါ၏ ဗဟိုချက်ဖြစ်သော သစ်တောနယ်မြေသို့ သွားရောက်လည်ပတ်စဉ်တွင် ပြော ကြားခဲ့ခြင်း ဖြစ်သည်။

လင်းနို့သားကို စပ်သောငရုတ်ကောင်း စွပ်ပြုတ်တစ်မျိုးထဲတွင်ထည့်၍ စားသုံးကြခြင်းဖြစ်သည်။ လူများစု ဝေးကာ အရက်သောက်လေ့ရှိကြသော ရွာစားသောက်ဆိုင်များတွင် ထိုစွပ်ပြုတ်ဟင်းချိုကို ရောင်းချလေ့ရှိ သည်။

Mizzima Burmese

ရေမျော အပိုင်းအစ ၃၀၀ ထိုင်း ဂြိုဟ်တု တွေ့ရှိ


ထိုင်း ဂြိုဟ်တုက ရရှိတဲ့ ဓာတ်ပုံ

အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းက မလေးရှား လေယာဉ် MH370 ပျက်ကျသွားတယ်လို့ ယူဆရတဲ့ နေရာတဝိုက်မှာ ထိုင်း ဂြိုဟ်တုက တစ်ဆင့် အပိုင်းအစ ၃၀၀ လောက် ထပ်တွေ့ရတယ်လို့ ထိုင်းနိုင်ငံရဲ့ အာကာသ အေဂျင်စီက ပြောလိုက်ပါတယ်။

အဲဒီ မျောနေတဲ့ အပိုင်းအစတွေဟာ ၂ မီတာကနေ ၁၅ မီတာ (၆ ပေခွဲကနေ ပေ ၅၀) အထိ အရွယ် အသီးသီး ရှိကြတယ်လို့ ဆိုပါတယ်။

အစောပိုင်းကလည်း ပြင်သစ် ဂြိုဟ်တုတစ်လုံးက လေယာဉ် အပိုင်းအစတွေလို့ ယူဆရမယ့် အစိတ်အပိုင်း ၁၂၀ လောက်ကို တွေ့ရှိခဲ့ပါသေးတယ်။

လောလောဆယ်မှာ ရာသီဥတု ဆိုးရွားနေလို့ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ ဝေဟင်က တဆင့် ရှာဖွေမှုတွေကို ခေတ္တ ရပ်ဆိုင်းထားပါတယ်။

ရှာဖွေရေး လေယာဉ်တွေ ပါ့သ်မြို့ကို ပြန်ရောက်လာကြပေမယ့် ရေယာဉ် သင်္ဘောတွေကတော့ ဆက်လက် ရှာဖွေသွားမှာ ဖြစ်တယ်လို့ သြစတြေးလျ အာဏာပိုင်တွေက ပြောပါတယ်။

BBC Burmese

စစ်တွေမြို့တွင် ညမထွက်အချိန်တိုးမြှင့်



(နိရဉ္စရာ- ၂၇ မတ်လ ၂၀၁၄) / မောင်အေး

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ယနေ့မှ စ၍ ည ၆ နာရီမှ နံနက် ၆ နာရီထိ အချိန် တိုးမြှင့်လိုက်သည်။

ယခင်က ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရဟု အမိန့်ကို ထုတ်ပြန်ထားခဲ့သည်။

ယနေ့ထုတ်ပြန်လိုက်သည့် အမိန့်မှာ ယခင်ကထုတ်ပြန်ထားသည့်အမိန့်ကို ထပ်ပြီး အချိန် တိုးလိုက်ခြင်းဖြစ်ကြောင်း စစ် တွေမြို့မှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးဦးသာပွင့်ကဆိုသည်။

“ ဟုတ်တယ်။ အရင်ရှိပြီးသား အချိန်ကို ထပ်တိုးလိုက်တာဖြစ်တယ်။ မနေ့ကအထိရှိနေတဲ့ ည ၁၂ နာရီကနေ မနက် ၄ နာရီကို အခု  ည ၆ နာရီကနေ နံနက် ၆ နာရီအထိတိုးလိုက်တာဖြစ်တယ်။”

ယမန်နေ့ညက မာတေဇာအဖွဲ့မှ နိုင်ငံခြားသူ ၀န်ထမ်းအမျိုးသမီးတစ်ဦးသည်  အိမ်ပိုင်ရှင်လွင့်ထူထားသည့် ဗုဒ္ဓဘာသာဝင် များ အထွဋ်အမြတ်ထားသည့် သာသနာ့အလံကို မဖွယ်မရာပြုလုပ်မှုကြောင့် ဆူပူမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရသည်။

အဆိုပါလုပ်ရပ်ကို မကြေနပ်သည့် မြို့ခံများက စစ်တွေမြို့တွင် အန်ဂျီအိုအဖွဲ့များမှ ရုံးခန်းအဖြစ်ဖွင့်လှစ် ထားသည့် နေအိမ်များကို ယနေ့ နံနက်ကစပြီး ညနေပိုင်းအထိ ခဲများဖြင့် ပစ်ပေါက်မှုများ ဆက်လက်ပြုလုပ်ခဲ့ကြသည်။

ယင်းနောက်ပိုင်းတွင် အသံချဲ့စက်ဖြင့် မြို့ကို ပတ်ကာ ပုဒ်မ ၁၄၄ အချိန်ကို တိုးမြှင့်ကြောင်း ကျေညာသည်။

“ညမထွက်ရအမိန့်ကို မြို့မှာပတ်ပြီး လော်စပီကာနဲ့ဟောသွားပြီး။ အခုအထိ ဒီမှာက ပြဿနာက မပြေလည် သေးဘူး။ အခု ဖိုးသာရွာဘက်က သေနတ်ပစ်သံတွေကြားနေရတယ်။ ဒါကြောင့် ညမထွက်ရအမိန့်ကို တိုးလိုက် တာဖြစ်တယ်” ဟု စစ်တွေမြို့မှ ရဟန်းတော်တစ်ပါးက မိန်းကြားသည်။

ယခုအခါ စစ်တွေမြို့လူစည်ကားရာ နေရာများတွင် စစ်တပ်များချထားကြောင်းလည်း အဆိုပါရဟန်းတော်မှ ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ဒေသခံရခိုင်တိုင်းရင်းသားများနှင် ဘင်္ဂလီတို့အကြား ဖြစ်ပေါ်ခဲ့သည့် ပဋိ ပက္ခအပြီးတွင် ရခိုင်တိုင်းရင်းသားများက ရခိုင်ပြည်နယ်တွင် အခြေစိုက်လှုပ်ရှားနေသည့် ယူအန်အပါအ၀င် နိုင်ငံတကာ အန်ဂျီအိုအဖွဲ့အစည်းများသည် ဘင်္ဂလီများအပေါ် ဘက်လိုက်မှုရှိသည်ဟုဆိုကာ ဆန့်ကျင် လာခဲ့ကြခြင်းဖြစ်သည်။

မကြာသေးမီကလည်း ရခိုင်ပြည်နယ်တွင် အခြေစိုက်လှုပ်ရှားနေသည့် MSF/ AZG အဖွဲ့ကိုလည်း ရခိုင်ပြည်သူ များက ရက်ဆက်ကန့်ကွက်ဆန္ဒပြမှုများပေါ်ပေါက်ခဲ့သည့်အတွက် ရခိုင်ပြည်နယ်အတွင်း ယင်းအဖွဲ့၏ လုပ်ငန်းများကို မြန်မာအစိုးရက ရပ်တန့်ခဲ့သည်။

Narinjara 

ပျောက်ဆုံးလေယာဉ်ကို အိန္ဒိယသမုဒ္ဒရာတွင် မတွေ့သေးဟုဆို


ပျံသန်းရေးအရာရှိ ပီတာမော

အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ မလေးရှားလေကြောင်းပိုင်လေယာဉ်ကို ရှာဖွေနေတဲ့ သြစတြေးလျ အာဏာပိုင်တွေဟာ မတ် ၂၆ ရက်အထိ ဘယ်အရာမှ ရှာဖွေတွေ့ရှိခြင်း မရှိသေးဘူးလို့ ပြောပါတယ်။

သြစတြေးလျ အနောက်တောင်ပိုင်း မိုင် ၁၅၀၀ ကျော်အကွာမှာ ပင်လယ်ပြင်မှာ ရှာဖွေရေးလုပ်နေ တဲ့ လေယာဉ်တွေထဲက အရပ်ဘက်လေယာဉ်တစီး က တွေ့ရှိခဲ့တယ်ဆိုတဲ့ အရာ ၂ ခုဟာ စွန့်ပစ်ထားတဲ့ ကြိုးတွေသာ ဖြစ်နိုင် တယ်လို့ဆိုပြီး နယူးဇီ လန်လေတပ် ပိုင်ရေကြောင်း ထောက် လှမ်းရေး လေ ယာဉ်က တွေ့မြင်ခဲ့တယ်ဆိုတဲ့အရာတွေဟာလည်း ရေသတ္တ၀ါတွေဖြစ်တယ်လို့ ဆိုပါတယ်။

ရှာဖွေရေးက ပြန်လာတဲ့ သြစတြေးလျ ပျံသန်းရေးအရာရှိ ပီတာမော (Peter Moore) က “ကျနော်တို့ တွေ့တဲ့အရာတွေက ရေသတ္တ၀ါတွေဖြစ်နေပါတယ်။ အခုအချိန်ထိ ဘာမှကို ရှာမတွေ့သေးပါဘူး” လို့ ပြောဆိုပါတယ်။

ပြင်သစ်ဂြိုဟ်တုက ဓာတ်ပုံရိုက်ယူထားတဲ့ ပျောက်ဆုံးလေယာဉ်ရဲ့ ဖြစ်နိုင်ချေရှိတဲ့ အပိုင်းအစ အထောက်အထားတွေကိုလည်း မလေးရှားအာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲမှာ ပြသခဲ့ပါသေးတယ်။

ဒီနေ့မှာတော့ ပင်လယ်ပြင်ရာသီဥတု တချက်ပြန်ကောင်းလာတာကြောင့် သြစတြေးလျ၊ အမေရိကန်၊ နယူးဇီလန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားလေယာဉ် စုစုပေါင်း ၁၁ စီးနဲ့ သင်္ဘော ၅ စီးဟာ လေယာဉ်တွေ ဆက်လက်ရှာဖွေနေကြပါတယ်။

“လွန်ခဲ့တဲ့ရက်တွေကနဲ့စာရင် ရာသီဥတုက အတော်လေးကောင်းမွန်လာပါတယ်။ ရာသီဥတုကောင်းမွန်မှ ရှာဖွေရေးက လုပ်နိုင်တာမို့ ရာသီဥတုကောင်းဖို့ ဆုတောင်းနေရပါတယ်” လို့ ပျံသန်းရေးအရာရှိ ပီတာမေား (Peter Moore) က ပြောဆိုပါတယ်။

လေကြောင်းပျံသန်းမှုသမိုင်းမှာ အရှုပ်ထွေးဆုံးနဲ့ အနက်နဲဆုံးဖြစ်လာတဲ့ ဒီလေယာဉ်ပျောက်ဆုံးမှုကို ဖြေရှင်းနိုင်ဖို့ လေယာဉ်အပိုင်းအစတွေ ရှာဖွေဆယ်ယူနိုင်ရေးဟာ အလွန်အရေးကြီးနေတာလည်းဖြစ်ပါတယ်။

လေယာဉ်ပျောက်နဲ့ ပတ်သက်ပြီး  လေယာဉ်ပြန်ပေးဆွဲခံရတာက စလို့ လေယာဉ်ဖောက်ခွဲခံရမှု၊ လေယာဉ်မှူးတဦး မိမိကိုယ်ကိုယ် သေကြောင်းကြံမှု၊ လေယာဉ်ထဲမီးလောင်မှုဖြစ်ပွားမှုအဆုံး သုံးသပ်ချက်တွေ အမျိုးမျိုးထွက်ပေါ်နေပါတယ်။

DVB Burmese

ခရီးသည်တင်ယာဉ် အရှိန်လွန်တိမ်းမှောက်ခဲ့၍ (၂၄)ဦးဒဏ်ရာရ


ရန်ကုန်၊ မတ် ၂၇

၂၆.၃.၂၀၁၄ ရက်နေ့ ၀၉၀၀အချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၈)ရပ်ကွက်၊ ကွမ်ကပ်မင်းသားလမ်းအတိုင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ဘက်မှ
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင်
လာသော 2A---- NISSAN Atals အမျိုးအစား (၁၀၆)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် မြနန္ဒာလမ်းထိပ်အရောက် မျက်နှာချင်းဆိုင်မှ
လာသော ယာဉ်အားတိမ်းရှောင်ရာမှ လမ်း၏ယာဘက်သို့ ထိုးကျ
တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာ၌ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် ကျား(၁၃)ဦး၊ မ(၁၁)ဦး၊ ပေါင်း(၂၄)ဦးတို့ တွင် ဖူးရောင်နာကျင်ဒဏ်ရာများအသီးသီး
ရရှိခဲ့သဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီး၌ အတွင်း/ပြင်ပလူနာများအဖြစ် တက်ရောက်ကုသခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း(စုံစမ်းဆဲ)ကို ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းယာဉ် (ပ)၉/၂၀၁၄၊ ပြစ်မှုပုဒ်မ- ၂၇၉/၃၃၇/ ၃၃၈/၂၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိ
ကြောင်း သတင်းရရှိပါသည်။

Yangon Police

အမျိုးသားတစ်ဦး ဦးနှောက်သွေးကြောပြတ် သေဆုံး


ရန်ကုန်၊ မတ် ၂၇

၂၆.၃.၂၀၁၄ ရက်နေ့ ၁၄၁၅အချိန် သင်္ဃန်းကျွန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ
သည် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ အမျိုးသားတစ်ဦးသေဆုံးရောက်ရှိလာ
ကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ အောင်ဖြိုးပိုင်၊ (၂၁)နှစ်၊ ဒဂုံတောင်မြို့နယ်နေသူ ဖြစ်ကြောင်းသိရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ၁၄၀၀အချိန်ခန့်က သင်္ဃန်းကျွန်း
မြို့နယ်၊ ဦးစံဖေရပ်ကွက်ရှိ ၎င်း၏အလုပ်ရှင်ဖြစ်သူ ဦးကျော်စိုး၏
နေအိမ်သို့ရောက်ရှိစဉ် ရေခဲသေတ္တာအတွင်းမှ ရေခဲရေကိုယူ၍သောက်ခဲ့ပြီး ခဏအကြာတွင် နှုတ်ခမ်းများပြာလာကာစကားမေးမရသဖြင့် သင်္ဃန်းကျွန်း
စံပြဆေးရုံသို့ပို့အပ်စဉ်သေဆုံးသွားကြောင်း၊ အလောင်းအားစစ်ဆေးရာ
ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိရဘဲ သွေးတိုးရောဂါကြောင့် ဦးနှောက်
သွေးကြောပြတ်၍ သေဆုံးခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ သင်္ဃန်းကျွန်းမြို့မရဲစခန်း သေမှုသေခင်း
အမှတ်စဉ် (၁၀/၂၀၁၄)ဖြင့် ရေးဖွင့်ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police 

မြကျွန်းသာရှေ့ ရပ်နားထားသော ကားထဲမှ ကျပ်သိန်း ၁၁၀၀ ကျော်တန်ဖိုးရှိ ကျောက်မျက်ခိုးယူသူအား သွားရောက်ရောင်းချစဉ် ဖမ်းဆီးရမိ


မင်းသိန်းနိုင်

ဒဂုံမြို့နယ်တွင် ကားပါကင်ထိုးထားသော ကားထဲမှ ကျပ်သိန်း ၁၁၀၀ ကျော်တန်ဖိုးရှိ ကျောက်မျက်ရတနာများနှင့် ဒေါ်လာများပါသောအိတ်ကို ခိုးယူသူအား ရွှေဆိုင်တစ်ဆိုင်၌ ကျောက်များလာရောက်ရောင်းချစဉ် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ မတ် ၂၃ ရက်ည ၈ နာရီခန့်တွင် ဒဂုံမြို့နယ်နေ ဒေါ်.....သည် သူငယ်ချင်းများနှင့်အတူ ကမ္ဘာအေးဘုရားလမ်း၊ မြကျွန်းသာသို့ မတ်တူးခဲရောင် ကိုယ်ပိုင်ယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ရေသန့်ဘူးဝယ်ရန်အတွက် ယာဉ်အားကားပါကင်တွင် ခေတ္တရပ်ထားခဲ့ကြောင်း သိရသည်။

ယင်းသို့ရပ်ထားကာ ရေသန့်ဘူးသွားဝယ်ပြီး ပြန်လည်ရောက်ရှိစဉ် ယာဉ်၏နောက်တံခါးမှာ အနည်းငယ် ပွင့်နေသည်ကို တွေ့ရှိခဲ့ရပြီး စစ်ဆေးကြည့်ရာ နောက်ခန်းတွင်ထားခဲ့သော စုစုပေါင်းငွေကျပ် ၁၁၅၃၈၈၀၀၀ တန်ဖိုးရှိ ကျောက်မျက်ရတနာမျိုးစုံ၊ မြန်မာကျပ်ငွေများနှင့် အမေရိကန်ဒေါ်လာများ ထည့်ထားသည့်အိတ်မှာ ပျောက်ဆုံးနေခဲ့ကြောင်း တွေ့ရှိရသဖြင့် ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား မရမ်းကုန်းမြို့မရဲစခန်းက (ပ)၈၁/၂၀၁၄ ပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်ကာ ခိုးယူသူ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပြီး မတ် ၂၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် လူငယ်တစ်ဦးမှာ ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ န၀လီရွှေဆိုင်သို့ ရတနာများအား လာရောင်းချနေကြောင်း သတင်းရရှိသဖြင့် ၎င်းအားရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာ ၎င်းသည် ပဲခူးတိုင်းဒေသကြီး၊ ပြွန်တန်ဆာမြို့နေ မင်းမင်းဇော် (ခ)မင်းမင်း (၁၇)နှစ်ဖြစ်ကြောင်း သိရပြီး မတ် ၂၃ ရက်တွင် မြကျွန်းသာသို့ သွားရောက်လည်ပတ်စဉ် အဆိုပါ မတ်တူးယာဉ်အနီးသို့ အရောက်၌ ယာဉ်အတွင်း လက်ကိုင်အိတ်ကို တွေ့ရှိခဲ့ရာ တံခါးအားဆွဲကြည့်ပြီး သော့ခတ်ထားခြင်းမရှိကြောင်း သိရသဖြင့် ခိုးယူခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ၎င်းထံမှ အဆိုပါကျောက်မျက်ရတနာများနှင့် ငွေများအား ပြန်လည်သိမ်းဆည်းရမိခဲ့ပြီး အခြားခိုးမှုများ ကျူးလွန်ထားခြင်း ရှိမရှိ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

EMG

ငွေကျပ် (၁၈၄၂)သိန်းခန့် တန်ဖိုးရှိ လက်ဝတ်ရတနာများနှင့် ငွေများခိုးယူခံရ


ရန်ကုန်၊ မတ် ၂၇

၂၆.၃.၂၀၁၄ရက်နေ့ ၂၄၀၀အချိန်ခန့်တွင် စမ်းချောင်းမြို့နယ်နေ ရတနာ
ပစ္စည်းအရောင်းအ၀ယ်လုပ်ကိုင်သူ ဒေါ်နွယ်နွယ်ဦးသည် နေအိမ်
အပေါ်ထပ်တွင် ရတနာပစ္စည်းများကိုစစ်ဆေးပြီး ခရီးဆောင်အိတ်(၂)လုံး
အတွင်းထည့်၍ အိပ်ယာဘေးတွင်ထားကာ ညအိပ်ခဲ့ကြောင်း၊
၂၇.၃.၂၀၁၄ ရက်နေ့ ၀၅၀၀အချိန်ခန့်တွင်အိပ်ယာမှနိုးစဉ် ၎င်းခရီးဆောင် အိတ်(၂)လုံးမှာပျောက်ဆုံးနေသဖြင့်ရှာဖွေရာ နေအိမ်အောက်ထပ်ရှိမီးဖိုခန်း အတွင်း၌ ရတနာပစ္စည်းအချို့အားပြန့်ကျဲနေသည်ကိုတွေ့ရပြီး
စိန်၊ ရွှေလက်ဝတ်ရတနာပစ္စည်းမျိုးစုံ တန်ဖိုးငွေကျပ်(၁၈၄၂)သိန်းခန့်နှင့်
ငွေကျပ်(၃၅)သိန်း၊ စုစုပေါင်းတန်ဖိုးငွေကျပ်(၁၈၇၇)သိန်းခန့်တို့မှာ
ပျောက်ဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်းနှင့် ခိုးယူသွားသူကို စုံစမ်းအရေးယူ
ပေးပါရန် တိုင်တန်းလာခဲ့ပါသည်။

ယင်းသို့တိုင်တန်းချက်အရ စမ်းချောင်းမြို့မရဲစခန်း(ပ)၁၄၇/၂၀၁၄၊
ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်လှစ်ပြီး ခိုးမှုကျူးလွန်သူကို ဖမ်းဆီးရမိရေး စုံစမ်း
ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း


၁၉၆၂ ခုနှစ် မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်း ခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း။ အောက်ပါမိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ ခု၊ မတ်လ ၁၃ ရက်၊ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်း ကျောင်းဆင်းပွဲ၌ ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ် အောင်ဆန်း ပြောကြားသော မိန့်ခွန်း တစ်ရပ် ဖြစ်သည်။

ရဲဘော်တို့

ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီးသီး ဋ္ဌာနအသီးသီးမှာ ရာထူး အလုပ်ဝတ္တရားများရတာနဲ့ တစ်ပြိုင်နက် ရဲဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလိုကိုယ့်တာဝန်ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံတော်နဲ့ ဗမာ့တပ်မတော်ရဲ့အမှုကို ထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာ ရာ အချက်တွေကို ငါတို့ မှာကြားလိုတယ်။

ပထမဆုံး ရဲဘော်တို့ကို မှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့ တပ်မတော်ဟာ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော်ဟာလည်းဗမာတစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက် ဖြစ်တယ်ဆို တာ နားလည်ရမယ်။

ဒီတပ်မတော်ဟာ လူတစ်ဦးတစ်ယောက်အတွက် တည်ထောင်ထားတာ မဟုတ်။ တစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက် ဖြစ်တယ်။ ဒီတပ်မတော်ဟာ တစ်ဖွဲ့ တစ်ပါတီ လူတစ်စုအတွက် တည်ထောင်ထားတာမဟုတ်။ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးအတွက် ဖြစ်တယ်။

တကယ့်သစ္စာဖြစ်ရမယ်

ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ်လက်ထက်ကလို ကြေးစားတပ်မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့် ရှောက်ဖို့ နိုင်ငံနှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုးသစ္စာကို အမြဲ စောင့်ရမယ်။ ရှေးကတုန်းကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာ မဟုတ်။ အဲဒီလို စောင့်တဲ့ သစ္စာဟာ ၀တ်ကျေ တမ်းကျေစောင့်တဲ့သစ္စာ ဖြစ်တယ်။ အခု ငါတို့ ဟာ ငါတို့အမျိုး၊ ငါတို့နိုင်ငံကို သစ္စာ စောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့်သစ္စာ ဖြစ်ရမယ်။ အပေါ်ယံသာ ဖြစ်တဲ့သစ္စာ မဖြစ်ရဘူး။ ဘယ်လို စောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအတိုင်း အဆင့်ဆင့် ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီကိုယ်စား နိုင်ငံနဲ့အကျိုးကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာစကားတစ်ခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး နိုင်ငံနဲ့အမျိုးကို သစ္စာမဲ့ပြီးလုပ်ရင် ဘယ့်နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇ၀င်မှာကြည့်လို့ရှိရင် ဘယ်လောက်ကြီးတဲ့ လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှူးတွေရှိရင် ရဲဘော်တို့ရဲ့အပေါ်မှာလည်း တည်တယ်။ဥပမာ“မတရားတဲ့ အကြီးအမှူးတစ်ယောက်က ၀တ္တရားနဲ့ မဆိုင် တဲ့ နိုင်ငံနှင့် အများအကျိုးနဲ့ မပတ်သက်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ ကိုယ့် စိတ်ထဲမှာမရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှူးတစ်ယောက်ကိုဖြစ်ဖြစ် အခြား အကြီးအမှူး တစ်ယောက်ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။

တော်အောင်ကြိုးစားကြပါ

ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာရှိတဲ့ စစ်သားကလေးကစပြီး အားလုံး ရဲဘော် တွေထဲကဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ် အမြော်အမြင်ရှိ တယ်လို့ တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့ လူကိုထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့် ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး ကြိုးစားကြပါ။ တော်အောင် ကြိုးစားကြပါ။

ရာထူးအဆင့်အတန်း

ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာရှိတဲ့အတိုင်း ပြောပြမယ်။ ယခုအခါ ငါတို့ထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အနစ်နာ ခံဖူးတဲ့လူတွေ ရှိတယ်။

ငါတို့သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလိုအနစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတက်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတက်မှာအမှန်ပဲ။ ကနေ့ဆိုင်ရာ လူကြီး တွေ မသိသေးလို့ မတိုးတက်သေးရင် နောက်တစ်နေ့ တိုးတက်မှာပဲ။ တကယ်တော်တဲ့ သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ်္ဓိတင်နေစရာ မလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာ မလိုဘူး။ ဒါပေမဲ့ နီပွန်က ပြန်လာလို့ စစ်ကျောင်းကဆင်းလို့ ရှေးက အနစ်နာခံဘူးလို့ဆို ပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှတက်မှာ မဟုတ်ဖူး။ ဒီ့ပြင်လူတွေအတွက် ကျုပ် မပြောနိုင်ပေမယ့် ဗမာ့တပ်မတော်မှာ ကျုပ်အခု နေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့စနစ်က တစ်ဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံး သိစေချင်တယ်။ ဒါက ရာထူးအဆင့်အတန်း တိုးတက်တာနဲ့ ပတ်သက်ပြီး ရဲဘော်တို့ကို သိဖို့ ပြောပြခြင်းပဲ။

တန်ခိုးပြဖို့မဟုတ်

တခြားမှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမဲ့ ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက်ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့မဟုတ်။ လက်နက် အားကိုး တန်ခိုးပြဖို့မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံ ဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင်လူတွေ ဖြစ်ကြသော်လည်း မတရားမလုပ်။ နိုင်ငံရဲ့ ရန်သူတွေ မဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံး သဘောပေါက်အောင် ပြောပြခြင်းပဲ။

အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင်တဲ့စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက်အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ အရင်တုန်းက ပြောတာတွေမေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံပဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင်မကြောက်။ အားကြီးတဲ့အခါ လည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံ ဖြစ်တယ်လို့ ပြောတာပဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အမျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုး ဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကို လုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ်ဆိုတဲ့လူ အား လုံးပဲ။ ဒီနေရာမှာ လူမျိုးရေးတရား အစစ်ကို ပြောပြချင်တယ်။

မှန်ကန်သော လူမျိုးရေးတရား

လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့် အမျိုးသာချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရား ပဲလား။ မဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ရုံနဲ့ ဒီ့ပြင် လူမျိုးကို လည်းမုန်းဖို့မလိုဘူး။ သို့သော်လည်း ကိုယ့် အမျိုး အကျိုးကို လာထိတဲ့လူတွေကိုတော့ အတွင်းကလူဖြစ်ဖြစ် အပြင်ကလူဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့ အမျိုးရဲ့ ရန်သူအဖြစ်သာ နှိမ်နင်းခြင်း ဖြစ်တယ်။ ဘယ်လူမျိုး၊ ဘယ်သူဘယ်ဝါဆိုပြီး နှိမ်နင်း တာ မဟုတ်ဘူး။ရာဇ၀င်ကိုကြည့်ရင် ကမ္ဘာ့လူမျိုးတွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာတွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါပေမဲ့ တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးရေးလို့ထင်တာ တစ်ထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့ တခြားလူမျိုးတွေကို မုန်းဖို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ၊ ရှမ်းပဲ၊ ကရင်ပဲ၊ ချင်းပဲ စသည်ဖြင့် ခွဲစရာ မလိုဘူး။ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူ မျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပတ်သက်ပြီး ကျုပ်မှာချင်တာပဲ။

ဇာတိမာန် ကောင်းကောင်းထားတတ် အောင်လုပ်ကြပါ။ ကိုယ့်နိုင်ငံကိုချစ်ပါ။ ဗမာတွေက လူဖျင်းတွေ၊ လူပျင်းတွေ၊ လူကြောက်တွေ၊ လူပိုတွေ၊ လူရိုင်းတွေ၊ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာတွေဟာ ဒီလို မဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ ပတ်သက်ပြီး မှာချင်တာပဲ။

လူကြီးဆိုတာဘာလဲ

နောက်မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာကို ဆိုလိုတာလား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့ အလုပ်ကြီးရင် လူကြီးပဲ။ အခု ငါတို့ ရဲဘော် တို့ရဲ့အလုပ်ဟာ ငါတို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ဒါတွေကို ငါတို့ရင်မြေက တုတ်လုပ် ပြီး ကာကွယ်ဖို့ ပဲ။ ဒီထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမလား။ မရှိနိုင်ဘူး။ ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရမယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင် တိုင်းထွာနိုင်ရမယ်။ အခု ငါတို့အချို့ အလုပ်တွေက သက်သေပြနေတယ်။ ဘေး ကလူတွေ ပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင် ပြီးမှ ယုံကြရမယ်။ ငါတို့ဝတ္ထရားနဲ့မဆိုင်တဲ့အကျယ် အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ ရှောင်ရမယ်။ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့ ... ဘာကြီးရဲ့...နဲ့လာမြှောက်ပေးပေး ငါတို့မပါရဘူး။ ၀တ္တရားနဲ့ ငါတို့ တော့မဆိုင်ဘူး။ ဒါပေမဲ့ ကောင်းတဲ့ကိစ္စ တရားတဲ့ကိစ္စ လူအများကျေးဇူးတင်မယ့် ကိစ်္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူမရှုပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုး ကိစ္စ မိတ်ဆွေကိစ်္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့ အရေးမှာ မနှောင့်ယှက်ပါစေနဲ့။

ဘယ်တော့မှသစ္စာမဖောက်

နောက်ပြီး မှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာ သင်လိုက်တာတွေဟာ ပညာကုန်ပြီ မယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။ လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတစ်ဦးတည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစား မှသာ တိုးတတ်မှု ဖြစ်နိုင်တယ်ဆိုတာ ရာဇ၀င်သမိုင်းတွေက ကောင်းကောင်း ပြထားတယ်။ ကိုယ်ပိုင် ဥဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓားထစ် မယူပါနဲ့။အထင်မကြီး ပါနဲ့။

ဒီထက်တိုးအောင် လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ်ဆိုပေမယ့် ဟန်မကျတာတွေ အများ ကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ ရှိတာပဲ။ ကိုယ့် ချွတ်ယွင်းချက်ကို ကိုယ်ပြင် ကြရမယ်။ သို့ပေ မယ့် ကျုပ် ရဲဘော်တို့ကို ကတိ တစ်ခုပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှမဖောက်။ ရဲဘော်တို့ ထဲကဖြစ်ဖြစ် ဒီ့ပြင်ထဲကဖြစ်ဖြစ် ကျုပ်ထက် တော်တဲ့လူ ထွက်ပြနိုင်ပါစေ။ ကျုပ် ဖယ် ပေးဖို့ အသင့်ပဲ။

စစ်သားမှစစ်သားဆိုတဲ့စိတ်ကို ဖျောက်ကြ

နောက်ဆုံးတစ်ခုမှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓာတ် မထားကြဖို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေ ရှိကြတာမဟုတ်ဘူး။ တခြား စစ်သား မဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ၊ အမျိုးမျိုး စွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ။ အဲဒါကြောင့် စစ်သား မှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တစ်ခု နားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရား နှိမ်မယ်။ လူလည်လုပ်မယ်။ စစ်တပ်ရဲ့ အခွင့်အရေးများကို မတရား ချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ် ဆိုတာ ရဲဘော်တို့သိစေချင်ပါတယ်။ ကနေ့ ဒီမှာပြော တာတွေကို အားလုံး စစ်သားတွေသိပါစေ။ သိအောင် ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။

Mizzima Burmese

ပျောက်ဆုံးနေသောမလေးရှားလေယာဉ်၏ သေတ္တာနက် ပြန်ရှာတွေ့ နိုင်ရေးခက်ခဲရေအောက်မီးတောင်များနှင့် ပင်လယ်ကြမ်းပြင် ဖွဲ့စည်းပုံကြောင့် အဟန့်အတားဖြစ်


ပါ့သ်၊မတ်-၂၆

အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းဒေသ၌ ပျောက်ဆုံးခဲ့ရသော မလေးရှားလေ
ကြောင်းလိုင်း ခရီးစဉ်အမှတ် အမ်အိတ်ခ်ျ ၃၇၀ ၏ ပျံသန်းမှု မှတ်တမ်း တင်ကိရိယာ(သေတ္တာနက်) ကို ရှာဖွေနေသည့် ရှာဖွေရေးသမားများမှာ ပင်လယ်ရေအောက်မီးတောင်များမှသည် ပင်လယ်ကြမ်းပြင်ဖွဲ့စည်းပုံ အထိပါဝင်သော သဘာဝအဟန့်အတားများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း
မတ် ၂၆ ရက် သတင်းများတွင် ဖော်ပြထားသည်။

ပျောက်ဆုံးနေသော မလေးရှားလေယာဉ်အပျက်အစီးများကို နိုင်ငံပေါင်း
ခြောက်နိုင်ငံတို့က ပူးပေါင်း၍ အပူတပြင်းရှာဖွေနေကြသည့်တိုင် သဘာဝ အဟန့်အတားများကြောင့် ရှာဖွေရေးလုပ်ငန်းအောင်မြင်လိမ့်မည်ဟူ၍ အာမခံချက်မပေးနိုင်ကြောင်း ကျွမ်းကျင်သူများကမတ် ၂၆ ရက်တွင် သတိပေးခဲ့သည်။

အမ်အိတ်ခ်ျ ၃၇၀ ဘိုးရင်းလေယာဉ်ပျက်ကျခဲ့ရာ ရေပြင်ဒေသသည်
အိန္ဒိယသမုဒ္ဒရာ၏ လှိုင်းအထန်ဆုံး၊ လေအကြမ်းဆုံးဒေသဖြစ်ပြီး ပင်လယ်ပျော်သင်္ဘောသားများအကြားမှာပင် နာမည်ဆိုးဖြင့် ကျော်ကြား
သည့် ရေပြင်ဒေသဖြစ်ကြောင်း သိရသည်။

အလားတူ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင် တည်ရှိသော ရေအောက်
မီးတောင်များကြောင့် ပျောက်ဆုံးလေယာဉ်၏ ပျံသန်းရေးမှတ်တမ်းတင်
ကိရိယာကို ရေအောက်မှဆယ်ယူရာတွင်အဟန့်အတားများရှိလာနိုင်
ကြောင်း ဘူမိဗေဒပညာရှင်များက သုံးသပ်ထားသည်။

တစ်ချိန်တည်းမှာပင် အိန္ဒိယသမုဒ္ဒရာ၏ အရှေ့တောင်ဘက်ပင်လယ်
ရေအောက် တောင်စွယ်တန်းသည်လေယာဉ်ပျက်ရှာဖွေရေးဇုန်ကို
တိုက်ရိုက်ဖြတ်သန်းတည်ရှိနေရာ ရှာဖွေရေးဇုန်ရေအောက်ကြမ်းပြင်မှာ ကြမ်းတမ်းလှ၍ရေအောက်မီးတောင်များမှ ထွက်ပေါ်လာသည့် ချော်ရည်
စီးကြောင်း များကြောင့်ဖွဲ့စည်းပုံအနေအထား အစဉ်ပြောင်းလဲနေတတ်
ကြောင်း ကျွမ်းကျင်သူများကပြောကြားသည်။

ခရီးသည်နှင့် လေယာဉ်အမှုထမ်းစုစုပေါင်း ၂၃၉ ဦးတင်ဆောင်ထားပြီး
မတ် ၈ ရက်တွင်ပျောက်ဆုံးသွားသောခရီးစဉ်အမှတ် အမ်အိတ်ခ်ျ ၃၇၀
၏နောက်ဆုံးဖြစ်စဉ်များအား ဖော်ထုတ်နိုင်ရေးအတွက် ပျံသန်းရေးမှတ် တမ်းတင်ကိရိယာနှင့် လေယာဉ်မောင်းခန်း အသံမှတ်တမ်းတင်ကိရိယာ များကို ပြန်လည်ရှာတွေ့ရန် လိုအပ်သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

တကူကျေးရွာတွင် ကျောက်မိုင်းခွဲရာ ကိုးလုံးမြောက် ကျောက်မိုင်းခွဲစဉ် သေဆုံးဒဏ်ရာ ရမှုဖြစ်ပွား


တနင်္သာရီ   မတ်  ၂၆

တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြို့နယ် တကူကျေးရွာ အနောက်တောင်ဘက် လေးမိုင်ခန့် အကွာတွင်  ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျောက်မိုင်းခွဲရာမှ ကျောက်မိုင်း ကွဲစဉ် သေဆုံး ဒဏ်ရာရမှု ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ စိန်ငါးမန်း ခဲမဖြူ၊ အဖြိုက်နက် သတ္တုတူးဖော်ရေး လုပ်ငန်း ကုမ္ပဏီ၏ လေသာတောင် လုပ်ကွက်၌ သတ္တုတူးဖော်ရန် အတွက် မိုင်းကျွမ်းကျင် ပညာရှင်များဖြစ်သော Mr. JIANG BAOLIN နှင့် Mr. HUANG JINMING တို့သည် အရှည်ပေ ၅ဝ၊ အမြင့် ၆ ပေ၊ အကျယ် ၄ ပေရှိ လိုဏ်ခေါင်းအတွင်း ဝင်ရောက်၍ ကျောက်မိုင်း ၁ဝ လုံးခွဲရန် ပြင်ဆင်ခဲ့ပြီး ကျောက်မိုင်းခွဲရာ ကိုးလုံးမြောက် ကျောက်မိုင်း ကွဲစဉ် သေဆုံး ဒဏ်ရာရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ Mr. JIANG BAOLIN ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် မျက်လုံးနှစ်လုံး အထဲချိုင့်ဝင်၊ နှာခေါင်း၊ နှုတ်ခမ်း စုတ်ပြဲဒဏ်ရာ၊ ဦးခေါင်းယာ ဘက်စုတ်ပြဲဒဏ်ရာ၊ ယာဘက်ရင်ဘတ် ပေါက်ပြဲဒဏ်ရာ၊ လက်နှစ်ဖက်ပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့ပြီး သေဆုံးခဲ့သည်။ ထို့နောက် Mr. HUANG JINMING မှာ မျက်နှာ၊ လက်၊ ခြေထောက်တို့တွင် စုတ်ပြဲဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ပြီး မြိတ်ပြည်သူ့ ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

ခိုင်ထူး(မြ၀တီသတင်းစာ)

ကွန်တိန်နာယာဉ်မှ တိုက်မိသဖြင့် ဆိုင်ကယ်စီးနင်းလာသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး နောက်မှစီးနင်းသူဒဏ်ရာရ


ရန်ကုန်၊ မတ် ၂၇

၂၆.၃.၂၀၁၄ ရက်နေ့ ၀၃၀၀ အချိန်တွင် လှည်းကူးမြို့နယ်၊ ကျွန်းကလေး
ကျေးရွာ၊ စီးပွား/ကူးသန်းဝန်ကြီးဌာန၊ ရိတ်သိမ်းစမ်းသပ်ထိန်းသိမ်းရေး
ဝင်းအတွင်းမှယာဉ်မောင်း ၀င်းကိုကို မောင်းနှင်လာသော ၆က/---- ကွန်တိန်နာထရပ်ယာဉ်သည် ရန်ကုန်-ပဲခူးကားလမ်းမပေါ်သို့ချိုးကွေ့ပြီး ရန်ကုန်ဘက်သို့ မာင်းနှင်စဉ်မျက်နှာချင်းဆိုင် ရန်ကုန်ဘက်မှ ပဲခူးဘက်သို့ ရဲတပ်သားအောင်ဗိုလ်ဗိုလ်ထွေး၊ လုံခြုံရေးတပ်ခွဲ(၃)၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ (ဆေးခွင့်ယူထားသူ)မောင်းနှင်ပြီး နောက်မှ ကျော်မင်းစိုး၊ (ဘ)ဦးမြင့်ဦး၊
ညောင်ကုန်းရွာ၊ လှည်းကူးမြို့နယ်နေသူစီးနင်းလိုက်ပါလာသော ၂၅ယ/----
စောင်ချန်း-၁၂၅ အမျိုးအစား နက်/ပြာရောင်ဆိုင်ကယ်အားတိုက်မိပြီး
မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ရဲတပ်သား အောင်ဗိုလ်ဗိုလ်ထွေးတွင် နောက်စေ့
ပေါက်ပြဲ၊ ၀ဲ/ယာနားသွေးထွက်(သတိမေ့)ဒဏ်ရာများရရှိခဲ့ပြီး ကျော်မင်းစိုး
တွင် ယာပုခုံးပွန်းပဲ့နာကျင်ဒဏ်ရာများရရှိကာ လှည်းကူးဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရ
ပါသည်။

ဖြစ်စဉ်မှ ထွက်ပြေးတိမ်းရှောင်သွားသော ယာဉ်နှင့် ယာဉ်မောင်းအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ၆က/---- ကွန်တိန်နာထရပ်ယာဉ်အား အလုံမြို့နယ်၊ ကမ်းနားလမ်း
ပေါ်ရှိ အေးရှားဝေါလ်ဆိပ်ကမ်းဝင်းအတွင်း၌ ကုန်တင်/ချပြုလုပ်နေစဉ် ရှာဖွေတွေ့ရှိခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ၀င်းကိုကို၊ (၂၆)နှစ်၊ (ဘ)ဦးလှဝင်း၊ (၇၀)ရပ်ကွက်၊ ဒဂုံတောင်မြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ၀င်းကိုကိုအား လှည်းကူးမြို့မ
ရဲစခန်းယာဉ်(ပ)၂၅/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၇/၃၃၈/၂၀၂ ဖြင့် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ပါသည်။

ယာဉ်တိုက်မှုမှဒဏ်ရာရရှိခဲ့သော တသ အောင်ဗိုလ်ဗိုလ်ထွေးမှာ ရန်ကုန်
ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် ယင်းနေ့ ၁၂၃၀ အချိန် သေဆုံးသွား
သဖြင့် အမှုအား ပြစ်မှုပုဒ်မ-၃၃၇/၃၃၈/၂၀၂ မှ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ သို့ ပြောင်းလဲစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ဗိုလ်တထောင်မြို့မရဲစခန်းမှ စုံစမ်းရှာဖွေလျက်ရှိသည့် ပျောက်ဆုံးသူ ဆေးကျောင်းသားကို သေဆုံးလျက်တွေ့ရှိ


ရန်ကုန်၊ မတ် ၂၇

၂၆.၃.၂၀၁၄ ရက်နေ့ ၁၂၀၀အချိန်တွင် ဒဂုံမြောက်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်
များသည် ငမိုးရိပ်ချောင်းကမ်းစပ်တွင် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း
သတင်းအရ သွားရောက်စစ်ဆေးရာ အသက်(၂၀)ကျော်ခန့်အမျိုးသား
ဖြစ်ပြီး ပြင်ပဒဏ်ရာများမတွေ့ရှိရဘဲ ရေနစ်သည့်လက္ခဏာဖြင့် သေဆုံး
နေသည်ကိုတွေ့ရှိရပါသည်။

ထိုသို့တွေ့ရှိရသော သေဆုံးအမျိုးသားနှင့်ပတ်သက်၍စုံစမ်းဆောင်ရွက်ခဲ့ပြီး
ဆေးကျောင်းသားတစ်ဦးပျောက်ဆုံးနေမှုကို ဗိုလ်တထောင်မြို့မရဲစခန်း၌
လူပျောက်ဖွင့်လှစ်ကာစုံစမ်းဆောင်ရွက်လျက်ရှိကြောင်းသတင်းအရ ဆက်သွယ်အကြောင်းကြားခဲ့ကာ စိစစ်အတည်ပြု ခြင်းများ ဆောင်ရွက်ခဲ့
ပါသည်။

စိစစ်အတည်ပြုချက်များအရ ၎င်းသေဆုံးသူမှာ ဗိုလ်တထောင်မြို့မရဲစခန်း၌ လူပျောက်အမှတ်စဉ် (၃/ ၂၀၁၄)ဖြင့် စုံစမ်းရှာဖွေလျက်ရှိသော ၂၀.၃.၂၀၁၄ ရက်နေ့ကတည်းကပျောက်ဆုံးနေသည့် မောင်ဇော်မြတ်ထွဋ်၊(၂၁)နှစ်၊ ဆေးတက္ကသိုလ်(၁)ကျောင်းသား၊ (ဘ)ဦးရမ်ဇာဝါး ဖြစ်ကြောင်းသိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဒဂုံမြောက်မြို့မရဲစခန်း သေမှုသေခင်း
အမှတ်စဉ် (၇/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

လွန်ကဲအဆင့် ခရမ်းလွန်ရောင်ခြည်များ ဖြစ်နေ



ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ လွန်ကဲအဆင့် ခရမ်းလွန်ရောင်ခြည်များ အညွှန်းကိန်း အခြေအနေပါ။ အခုလို ပြောပြတဲ့ အတွက် ဆရာကို အထူးကျေးဇူးတင်ပါတယ်။

လွန်ကဲအဆင့် ခရမ်းလွန်ရောင်ခြည်များမြောက်ပိုင်းဒေသများအထိ ပျံ့နှံ့သွားပါပြီ။
UV index update
27-3-2014
4:09 am

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းအခြေအနေ။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းအမြင့်ဆုံးတန်ဖိုးဖြစ်သော လွန်ကဲအဆင့်ရှိသည့် ၁၃.၆(ကော့သောင်းမြို့)၊ ၁၃.၀(ထားဝယ်)၊ ၁၂.၉(မော်လမြိုင်)၊ ၁၃.၁ (ရန်ကုန်)၊ ၁၂.၆(နေပြည်တော်) နဲ့ ၁၁.၉(မန္တလေး) တို့တွင်လည်းကောင်း၊ ၁၁ ထက်ကျော်လွန်နေသောတန်ဘိုးများကို မြန်မာနိုင်ငံမြောက်ပိုင်းစွန်းဒေသများဖြစ်သော စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်းမြောက်ပိုင်းစွန်းမှ လွဲ၍ တစ်ပြည်လုံးတွင် ကျရောက်နှိုင်ပါသည်။
ဒေါက်တာထွန်းလွင်

Popular Journal 

အောက်ကြည့်မြင်တိုင် ကမ်းနားလမ်းရှိ ဖိနပ်ဆိုင် ဖောက်ထွင်းခံရပြီး နိုင်ငံခြားဖိနပ်အရန် ၈၀ ကျော် ခိုးယူခံရ

ဖောက်ထွင်းခိုးယူခံခဲ့ရသည့် ဖိနပ်ဆိုင်အား မတ် ၂၆ ရက် နံနက်ပိုင်းက တွေ့ရစဉ်

ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းရှိ ဖိနပ်ဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရပြီး နိုင်ငံခြားဖိနပ် အရန် ၈၀ ကျော် ခိုးယူခံခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၂၆ ရက် နံနက် ၇ နာရီခန့်တွင် သရက်တောလမ်း သရက်တောတောင်ရပ်ကွက် ကြည့်မြင်တိုင်မြို့နယ်နေ ကို.....သည် အောက်ကြည့်မြင်တိုင်ကမ်းနားလမ်း၊ သရက်တောတောင်ရပ်ကွက်၊ ဆင်မလိုက်အဝေးပြေး ကားမှတ်တိုင်အနီးရှိ ၎င်း၏ “စူပါပါဝါ” နိုင်ငံခြားဖိနပ်မျိုးစုံ အရောင်းဆိုင်အား ဖွင့်ရန်သွားရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်ပြီး ဆိုင်အားဖွင့်စဉ် ဆိုင်အတွင်း၌ ပစ္စည်းများ ပြန့်ကျဲနေကြောင်း တွေ့ရှိရသဖြင့် စစ်ဆေးကြည့်ရာ ကျပ်သိန်း ၄၀ ကျော်တန်ဖိုးရှိ နိုင်ငံခြားဖိနပ်အရန် ၈၀ ကျော်မှာ ပျောက်ဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။

“ကျွန်တော်တို့ သားအမိနှစ်ယောက်တည်း ဒီဆိုင်ကို ရောင်းနေတာပါ။ လွန်ခဲ့တဲ့ သုံးရက်လောက်က တောင်ကြီး-အင်းလေးကို ခရီးထွက်ပြီး ဆိုင်ပိတ်ထားခဲ့တယ်။ ဒါပေမဲ့ မတ် ၂၃ ရက်နေ့မှာ ပြန်ရောက်ပြီး ၂၄၊ ၂၅ ရက်နေ့တွေမှာ ဆိုင်ဖွင့်တော့ ဘာမှမဖြစ်သေးဘူး။ ဒီနေ့မနက် လာဖွင့်တော့ အခုလို ဖောက်ထွင်းခိုးယူခံရတာကို တွေ့ရတာပါ။ ဆိုင်ရဲ့ ဘေးဘက်လမ်းကြားက၀င်ပြီး ဆိုင်ဘေးဘက် အလူမီနီယံ တွန်းတံခါးမှာကို ကာထားတဲ့ သံပန်းကို သံတူရွင်းနဲ့ ကလန့်ပြီးတော့ ခိုးသွားတဲ့ပုံစံပါ။ အကောင်းစား ဖိနပ်တွေကိုပဲ ရွေးခိုးသွားခဲ့ကြတာပါ” ဟု ဆိုင်ပိုင်ရှင်ကို...... က မတ် ၂၆ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ကြည့်မြင်တိုင် မြို့မရဲစခန်းမှ တာဝန်ရှိသူများက ကျူးလွန်သူ ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်း သိရသည်။

EMG

လျှပ်စစ်ဝန်ထမ်းကို က.ည.န ၀န်ထမ်း အယောင်ဆောင်ကာ လိမ်လည်


လျှပ်စစ်ဓာတ်အားခွဲရုံဝန်ထမ်းတစ်ဦးကို ကညန၀န်ထမ်းအယောင်ဆောင်ထားသူတစ်ဦးက လိမ်လည်ခဲ့ သဖြင့် အရေးယူပေးရန် တိုင်ကြားမှုကို မှော်ဘီရဲစခန်းက မတ်လ ၂၅ ရက်တွင် အမှုဖွင့်ပြီး စစ်ဆေး ဖော်ထုတ်လျက်ရှိသည်။

အဆိုပါ အမှုကို မြောင်းတကာ စက်မှုဇုန်၊ မြောင်းတကာဓာတ်အားခွဲရုံဝင်းတွင် နေထိုင်သည့် ဓာတ်အား ခွဲရုံ စာရင်းကိုင် (၃) ဖြစ်သူ ဦးကျော်မျိုးထိုက် (၃၁)နှစ်က အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်။

၎င်းသည် ဓာတ်အားခွဲရုံဝင်းအတွင်း နေထိုင်သည့်သူတစ်ဦး၏ ဆက်သွယ်ပေးမှုကြောင့် သိရှိခဲ့ရသည့် ဆပ်သွားတောအုပ်စု၊ ရဲဘော်ဈေးနေ ဦးမြင့်အေး (စုံစမ်းဆဲ)ဆို သူက လိမ်လည်သွားသည်ဟု ဆိုသည်။

ထိုသူက ၎င်းသည် ကညနမှ ၀န်ထမ်းဖြစ်ကြောင်းနှင့် ဆိုင်ကယ်၊ ကားများကို သုံးရက်အတွင်း လိုင်စင် သတ်တမ်းတိုးပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထို့ကြောင့် ကိုယ်ပိုင်ဆိုင်ကယ် တစ်စီး၊ ဌာနပိုင် ဂျစ်ကားတစ်စီး၊ တီအီးကားတစ်စီး၊ ဆိုင်ကယ် နှစ်စီးတို့၏ ၀ှီးတက်၊ အာမခံစာအုပ်၊ ယာဉ်မောင်းလိုင်စင်နှင့် ကုန်ကျငွေ ကျပ်၂၂၃,၀၀၀တို့အား မတ်လ ၁၈ ရက်က ပေး၍ ဆောင်ရွက်စေခဲ့သည်ဟု ဆိုသည်။

သို့သော် မတ်လ ၂၅ ရက်အထိ ပြန်လည်ရောက်ရှိပေးပို့ခြင်း မရှိသဖြင့် စုံစမ်းရာတွင် ဦးမြင့်အေးဆိုသူမှာ ကညနမှ ၀န်ထမ်းမဟုတ်ကြောင်း သိရှိသဖြင့် ၀န်ထမ်းအယောင်ဆောင် လိမ်လည်မှုဖြင့် အရေးယူပေးရန် တိုင်တန်းလိုက်ခြင်းဖြစ်သည်။

ယင်းတိုင်တန်းမှုကို မှော်ဘီရဲစခန်းက (ပ)၁၆၃/၂၀၁၄ဖြင့် အမှုဖွင့်ပြီး မြောင်းတကာရဲကင်းစခန်းမှ ရဲအုပ် ကျော်သက်လွင်က တိုင်တန်းခံထားရသူအား ဖမ်းဆီးစစ်ဆေးရန် ဆောင်ရွက်နေသည်။

ဖမ်းဆီးရမိ၍ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိလာပါက ပြစ်မှုပုဒ်မ ၁၇၀/၄၂၀ တို့ဖြင့် အရေးယူသွားမည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

Mizzima Burmese

စစ်တွေမှာ အန်ဂျီအိုရုံးတိုင်းလိုလိုကို လိုက်လံဖျက်ဆီးနေတယ် (အသံဖိုင်ပါသည်)

ဓာတ်ပုံ - April Maung Maung

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီး လူ ၅ ယောက်ထက်ပိုမစုဖို့နဲ့ အကြမ်းဖက်လုပ်ရပ်တွေ မလုပ်ကြဖို့ သက်ဆိုင်ရာက မြို့ပေါ်မှာ လိုက်လံ နှိုးဆော်နေတယ်လို့ စစ်တွေမြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်က ပြောပါတယ်။

စစ်တွေမြို့ပေါ်ရှိ အိုင်အန်ဂျီအိုရုံးတွေကို မတ်လ ၂၇ ရက် မနက်ပိုင်းကစပြီး  မြို့ခံတွေက လူစုလူဝေးနဲ့ လိုက်လံဖျက်ဆီးနေကြ တာကြောင့် အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက် တာ ဖြစ်ပါတယ်။

စစ်တွေမြို့ပေါ်မှာ အိုင်အန်ဂျီအို ရုံးပေါင်း ၅၀ လောက် တည်ရှိပြီး အခုအခါ ရုံးတိုင်းလိုလိုကို လိုက်လံဖျက်ဆီးနေ တာလို့လည်း ဦးအောင်မြတ်ကျော်က ပြောပါတယ်။

ဦးအောင်မြတ်ကျော်ကိ ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

၂၀၁၂ ရခိုင်ပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း စစ်တွေမြို့မှာ ဒါပထမဆုံးအကြိမ် ပုဒ်မ ၁၄၄ ထုတ်ပြန်တာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်



DVB Burmese

ပြိုင်ကားအမျိုးအစားအချို့ကို တင်သွင်းခွင့် ယာယီပိတ်

ကားပြခန်းတစ်ခု

ရန်ကုန်မြို့တွင် ပြိုင် ကားများ အုပ်စုဖွဲ့ရမ်းကားမှုများ ဖြစ်ပွားနေခြင်းကြောင့် ပြိုင်ကား အမျိုးအစားအချို့ကို ပြည်ပမှ တင်သွင်းခွင့် ရပ်ဆိုင်းလိုက်သ ဖြင့် ပြိုင်ကားမောင်းနှင်သူလူငယ် များ မကျေမနပ်ဖြစ်နေကြောင်း သတင်းရရှိသည်။

‘‘ကလေးတွေက ရမ်းကားမှု တွေဖြစ်နေတယ်။ ဒါကြောင့်တချို့ကို ရပ်ဖို့လုပ်နေတာ’’ဟု စီး ပွားကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၀၉မှ ၂၀၁၄မော်ဒယ်များ အထိ နာမည်ကြီးပြိုင်ကားအမျိုး အစားများပါဝင်ပြီး အမှတ်တံဆိပ် ၃၀ကျော်၊ မော်ဒယ် ၅၇မျိုးကို ဌာ နက မြန်မာနိုင်ငံသို့တင်သွင်းခွင့် ခေတ္တရပ်ဆိုင်းလိုက်ကြောင်း မတ် လ၂၆ရက်တွင် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

တင်သွင်းခွင့်ရပ်ဆိုင်းလိုက် သည့် ကားများမှာ ရန်ကုန်တွင် လူစီးများသည့် GTE, Sky Line, RoadStar, Ferrari, Fair Lady ကားအမျိုးအစား အများစုပါဝင်လာ၍ ရန်ကုန်မြို့မှ ပြိုင် ကားမောင်းနှင်သူ လူငယ်ဝါသနာ ရှင်များကလည်း စိုးရိမ်နေကြ သည်။

‘‘စည်းကမ်းဖောက်နေတာ ကျွန်တော်တို့ ပြိုင်ကားတွေချည်း ဘဲ မဟုတ်ပါဘူး။ ကားတွေအား လုံးဖောက်နေကြတာပဲ။ ခုလိုလုပ် လိုက်တာကိုတော့ အစိုးရကိုသိပ် နားမလည်ဘူး။ ခိုင်လုံတဲ့ အ ကြောင်းပြချက်မပေးနိုင်ဘူး’’ ဟု ပြိုင်ကားမောင်းနှင်နေသူဝါသနာ ရှင် ကိုရဲနိုင်မြင့်က ပြောကြားသည်။

ယခင်စစ်အစိုးရလက်လက် က လူတန်းစားတစ်ခုသာ စီးနင်း နိုင်ခဲ့သည့် ပြိုင်ကားများသည်ယခု အစိုးရလက်ထက်တွင်သိန်းတစ် ရာကျော်နီးပါးဖြင့် အများစုက၀ါ သနာအရ ၀ယ်ယူစီးနင်းနိုင်ပြီဖြစ် ပြီး ယခုကဲ့သို့ အစိုးရ၏ ကန့်သတ် မှုအပေါ် ပြိုင်ကားဝါသနာရှင်လူ ငယ်များက မချိတင်ကဲပြောဆိုနေ ကြသည်။

ပြီးခဲ့သည့်လက ရန်ကုန်မြို့တွင် ပြိုင်ကားမောင်းနှင်သူလူငယ်အချို့နှင့် အငှားယာဉ်မောင်းတို့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် ပြိုင်ကား မောင်းနှင်သူများကို သက်ဆိုင်ရာက အရေးယူဆောင်ရွက်မှုများလည်း မြင့်တက်လာခြင်းဖြစ်သည်။

ရန်ကုန်နှင့် မြို့ကြီးများတွင် ပြိုင်ကားစီးနင်းသူလူငယ်များက စုစည်းပြီး ကလပ်အသင်းများစု စည်းကာ ဖွဲ့စည်းထားသည့် အဖွဲ့ များ  ပေါ်ပေါက်နေပြီဖြစ်ပြီး တရားဝင်ပြိုင်ကားကွင်းများ ရရှိရေး၊ ပြိုင်ကား အားကစားများ ပေါ် ပေါက်လာရေး ကြိုးပမ်းနေချိန်  တွင် ယခုလိုကန့်သတ်ခြင်းအပေါ် မကျေနပ်ကြောင်း ပြိုင်ကားမောင်းနှင်သူအချို့ဆိုသည်။

‘‘ပြိုင်ကားတွေနဲ့ဖြစ်တဲ့ ပြ ဿနာတိုင်းမှာ ကျွန်တော်တို့အ လွန်ကြီးပဲပြောကြတယ်။ ခုလို လုပ်လိုက်တာက ဘာကြောင့်လဲ ဆိုတဲ့သက်ဆိုင်ရာလူကြီးတွေဆီ က ခိုင်လုံတဲ့အကြောင်းပြချက် မ ပေးတဲ့အတွက် ဒီလိုတင်သွင်းခွင့် ပိတ်ပင်တာကို ကျွန်တော်နားမ လည်ဘူး’’ဟု လက်ရှိ FairLady  ပြိုင်ကားမောင်းနှင်သူလူငယ် ကို စိုးဇေယျာမြင့်က ပြောသည်။

ထို့အပြင် ကမ္ဘာကျော်နာမည်ကြီးကားကုမ္ပဏီများ ရန်ကုန်မြို့တွင် အရောင်းပြခန်းများလာရောက် ဖွင့်လှစ်ချိန်၌ ယင်းကဲ့သို့ပြိုင်ကားအသစ်များ တင်သွင်း နေသည့် ကုမ္ပဏီများအနေဖြင့် ပြည်ပမှ တင်သွင်းခွင့် ပိတ်ပင်လိုက်ခြင်းကို ၎င်းတို့အနေဖြင့် မသိရှိရသေးကြောင်း ကားအရောင်းပြခန်းပိုင်ရှင်များက ပြောကြားသည်။

7 Day Daily

လက်ထိတ်၊ သံကြိုးတန်းလန်းနှင့် ဆေးရုံတက်နေသည့် အမျိုးသမီးသရုပ်ဆောင်သစ်အား အချုပ်ခန်းပြန်ပို့

ဆေးရုံခုတင်တွင် လက်ထိတ်၊ သံကြိုးတန်းလန်းနှင့်တွေ့ရစဉ် (ဓာတ်ပုံ - Cobra)

ရိုက်ကူးခြင်း မပြုရသေးသည့် ရုပ်သံဇာတ်လမ်းတွဲ၏ ဇာတ်ညွှန်း မိတ္တူ ပျောက်ဆုံးမှု ဖြင့် တရားစွဲ ခံထား ရသော အမျိုးသမီးကို ဆေးရုံခုတင်ပေါ်တွင် လက်ထိတ်တန်းလန်းနှင့် သံကြိုးချည်ထား သည့်ပုံ  ဖေ့စ်ဘွတ်ခ်ပေါ်သို့ တင်လိုက်သည့်  အဆိုတော်CobraကိုLaser World ကုမ္ပဏီက  တရားစွဲ မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

 အဆိုပါအမျိုးသမီးသည် Laser World ကုမ္ပဏီရုပ်သံ ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်မည့်သူ ဖြစ်သည်။

အဆိုတော် Cobraသည် မတ်လ၂၄ရက်တွင် လက်ထိတ်တန်းလန်းနှင့် သံကြိုးချည်နှောင်ခံထားရကာ ဆေးရုံခုတင်ပေါ်၌လဲလျောင်းနေသည့် သရုပ်ဆောင်အမျိုးသမီးပုံကိုတင်ကာ Laser World ကုမ္ပဏီပိုင်ရှင်နှင့်  ရဲဝန်ထမ်းများ  တရားမျှတမှုမရှိကြောင်းရေးသားထားသည်။

‘‘ဆေးရုံရောက်တော့လည်း သူတို့လုပ်ပုံက လက်ထိတ်ခတ်ရုံမကပါဘူး။ သံကြိုးနဲ့ပါ ထပ်ချည်ထားပါသေးတယ်။ မိန်းကလေးတစ်ယောက်ကို ထိန်းတာကို ရဲလေးယောက်နဲ့ ထိန်းထားပါတယ်။ အပေါ့အပါးသွားချင်ရင် တောင်ရှက်လို့ သူ့ခမျာမပြောရဲရှာဘူး။ လူသတ်မှုလည်းမဟုတ်ပါဘူး။ ဒါကိုဒီလောက် အငြိုးကြီးကြီး လုပ်ပုံထောက်တော့ သူ့သူဌေးမှာ ဘာအကြံအစည်ရှိနေလဲ မသိပါဘူးဗျာ’’ဟု  အဆိုတော် Cobra က ၎င်း၏ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ဓာတ်ပုံနှင့်တကွဖော် ပြထားသည်။

‘‘သိမ်မွေ့စွာ ငြိတွယ်ခြင်း’’ အမည်ဖြင့် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရန်ရှိပြီး ဇာတ်လမ်းမှာ Laser World ကုမ္ပဏီပိုင်ဇာတ်လမ်းဖြစ်ကာ ယင်းဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ရန်အလုပ်ခန့်ထားခြင်းခံရသည့် မဆုဆုအောင်မှာ အလုပ်ထွက်သွားပြီးဇာတ်ညွှန်းမိတ္တူ ပြန်မပေးသောကြောင့် ခိုးမှုဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။

Cobra ၏ ရေးသားချက်များသည် မှားယွင်းစွာရေးသားမှုများ ဖြစ်သဖြင့် ပြင်ဆင်ပေးရန် ကုမ္ပဏီ က တောင်းဆိုခဲ့သည်။

‘‘ဒါက သတင်းအမှားမှ မဟုတ်တာ။ သူနဲ့ ကျွန်တော်နဲ့ မနေ့က နှစ်နာရီလောက်စကားပြောတယ်။ ကျွန်တော့်ကို တောင်းဆိုတယ်။ ပြန်ရေးပေးပါလို့။ ကျွန်တော့်ဘက်က ဘာပြန်ရေးပေးရမှာလဲ။ ဒါအမှန်တွေပဲ။ တရားဥပဒေအရဆိုလည်း ရင်ဆိုင်ရုံပဲပေါ့’’ဟု  အဆိုတော်Cobraက ပြောသည်။

အဆိုပါသရုပ်ဆောင် အမျိုးသမီးသည် ၂၀၁၃ခုနှစ် မတ်လတွင် အလုပ်စ၀င်ပြီး သရုပ်ဆောင်ရန် ဇာတ်ညွှန်းဖတ်၍ လေ့ကျင့်နေစဉ် ၀န်ထမ်းလုပ်သက် ခြောက်လအကြာ၌ စာချုပ်မပြည့်ဘဲ အလုပ်ထွက်ခဲ့သည်။ ထို့ကြောင့် နှစ်လစာလျော်ကြေးပေးခဲ့ကာ ၂၀၁၃ခုနှစ် သြဂုတ် ၈ရက်တွင် ချစ်သူနောက်သို့ ခိုးရာလိုက်ခဲ့ကြောင်း မဆုဆုအောင်၏ခင်ပွန်း ကိုဖြိုးအောင်ဝင်းကရှင်းပြသည်။

ထို့နောက် အလုပ်ထွက်ပြီး ငါးလအကြာ ဒီဇင်ဘာတွင် ဇာတ်ကားရိုက်ရန် စီစဉ်သောအခါ ဇာတ်ညွှန်းမူရင်းနှင့် မိတ္တူတစ်စုံသာရှိပြီး မိတ္တူတစ်စုံပျောက်နေ၍ မဆုဆုအောင်ထံ ပြန်တောင်းသောအခါ ဟန်းနီးမွန်းထွက်နေသောကြောင့် အိမ်မှလူများကပြန်လာမှပေးမည်ဟုဆိုသည်။ ထို့ နောက် ပြန်ပေးရန် ရှာမတွေ့တော့ဘဲ ဇာတ်ညွှန်းစာအုပ်ခြစားသွားသည်ဆိုသောကြောင့် ကုမ္ပဏီ၏ စီမံရေးရာမန်နေဂျာက တရားလို ပြုကာ မဆုဆုအောင်အားခိုးမှုဖြင့် တရားစွဲဆိုလိုက်ကြောင်း Laser Worldကုမ္ပဏီပိုင်ရှင် ဦးအောင်ကြူဟိန်း (ရုပ်ရှင်ဒါရိုက်တာအောင်ကျော်သူရ)ကပြောသည်။

 ‘‘လေဆာဝေါကုမ္ပဏီရဲ့ တိုင်ကြားချက်အရ ခိုးမှုနဲ့အမှုဖွင့်ထားပါတယ်။ တရားရုံးအထိ တင်ထားတာပါ။ တရားသူကြီးရဲ့ ချုပ်မိန့်နဲ့ချုပ်ထားတာပါ။ ကောင်မလေးက အချုပ်ခန်းထဲရောက်တော့ အော့အန်တာ၊ သွေးပေါင်ကျတာ ၊အစားမစားတာတွေဖြစ်လို့ ဆရာဝန်ရဲ့ ဆေးစာနဲ့ဆေးရုံတင်ပေးတာ။ အချုပ်တရားခံမို့ ရဲဝန်ထမ်းနဲ့ လုံခြုံရေးချထားပြီး လက်ထိတ်ခတ်ထားတယ်။ ထွက်မပြေးအောင်လို့ လှုပ်ရှားလို့မရအောင် လက်ထိတ်နဲ့သံကြိုးတွဲချည်ထားတာ။ တရားခံထွက်ပြေးမှာစိုးလို့’’ ဟု ကျောက်တံတားမြို့မရဲစခန်းမှူး ဒုတိယရဲမှူးကပြောသည်။

   မတ်လ ၁၅ ရက်တွင်ကျောက်တံတားမြို့မရဲစခန်း၌ အချုပ်ကျနေပြီး မတ်လ ၂၁ရက်တွင် ရန်ကုန်ဆေးရုံကြီးဆေးကုသဆောင်၌ တက်ရောက်ကုသခဲ့ကာ မတ်လ ၂၆ရက် နံနက်တွင် ဆေးရုံမှဆင်းရပြီး  ရဲအချုပ်ခန်းသို့ပြန်ရောက်နေကြောင်း သိရသည်။

‘‘ခရိုင်ရဲတပ်ဖွဲ့မှူးက ဒီပုဒ်မ တပ်ထားတာ။ ခိုးမှုလို့တပ်ထား တယ်။ ဦးတို့ရုံးကိုမထီမဲ့မြင်လုပ် တာ။ ဒီကိစ္စကို ဒီလိုမဆုံးဖြတ်ရင် ဘယ်လိုဆက်လုပ်မလဲ။ ဥပဒေမ စိုးမိုးရင် ဦးတို့တိုင်းပြည်မှာ ခိုးမှုတွေဖြစ်နေမှာ’’ဟု Laser Worldကုမ္ပဏီပိုင်ရှင်က ပြောသည်။

ယင်းအမှုကို မတ်လ၂၈ရက်တွင် ကျောက်တံတားမြို့နယ်တရားရုံး၌ ရမန်ပေးရန် ရုံးချိန်းရှိ ကြောင်းသိရသည်။ ယင်းဇာတ် ညွှန်းကိစ္စနှင့်ပတ်သက်၍ အွန် လိုင်းတင်ခြင်း၊ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်တွင် တင်ခံရခြင်း၊ ဖုန်းဖြင့် ခြိမ်းခြောက်ခံရခြင်းနှင့် လူချင်းတွေ့ဆုံကာ အကျပ်ကိုင်ခံရခြင်း များရှိခဲ့သော်လည်း ၎င်းသည် တစ်ရာရာခိုင်နှုန်း ရိုးသားမှုရှိသောကြောင့် မမှန်မကန်အမှုဖွင့်ထားခြင်းမဟုတ်၍ ဥပဒေအတိုင်း ဆောင်ရွက်စေလိုကြောင်းLaser Worldကုမ္ပဏီပိုင်ရှင်ဦးအောင်ကြူဟိန်း(ရုပ်ရှင်ဒါရိုက်တာအောင်ကျော်သူရ)ကပြောသည်။

ယင်းဇာတ်လမ်းတွဲကိစ္စမှာ အမှုဖြစ်နေသောကြောင့် ခဏရပ်ထားပြီး အမှုပြီးမှသာ ရိုက်ကူးရန်စီ စဉ်ထားသည်ဟုဆိုသည်။

Author: သန်းဌေး / အေးမြတ်သူ
7DAY DAILY

အိုဘားမားမှ ရုရှားနှင့် ရင်ဆိုင်ရန် အတွက် နည်းဗျူဟာကို ပြောဆို


မတ်လ ၂၇။

ဘရပ်ဆဲလ်ခန်းမရှိ လူပေါင်း နှစ်ထောင်ကျော်ကို ဟောပြောခဲ့သော မိန့်ခွန်းတွင် ယူကရိန်း အရေးနှင့် ပတ်သက်ပြီး ရုရှားနှင့် ရင်ဆိုင်ဖြေရှင်းရန် နည်းဗျူဟာကို သမ္မတ အိုဘားမားမှ ပြောဆိုခဲ့သည်။

အိုဘားမားမှ ပြဿနာရပ်အား အနောက်နိုင်ငံများနှင့် ရုရှားတို့အကြား အိုင်ဒီယာများ၊ ယုံကြည်မှုများ ကွဲပြားခြားနားမှုအဖြစ် ပုံဖော်ပြောဆိုခဲ့သည်။ ခရိုင်းမီးယား ကိစ္စရပ်သည် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်းနှင့် နယ်နိမိတ်မျဉ်းများကို ပြန်လည် သက်မှတ်ရေးဆွဲ၍ မရနိုင်ကြောင်းကို ပြောဆိုသွားသည်။

အင်အားကြီး နိုင်ငံများသည် နိုင်ငံငယ်လေးများအား အနိုင်ကျင့်နိုင်ကြောင်း၊အင်အားသည် အမှန်တရား ဖြစ်ကြောင်း ယုံကြည်သူများနှင့် ဥရောပသည် ထပ်မံ ရင်ဆိုင်နေရကြောင်း ပြောဆိုခဲ့သည်။

သို့ရာတွင် ယခုအချိန်သည် နောက်ထပ် စစ်အေးတိုက်ပွဲတစ်ခု မဟုတ်ကြောင်းနှင့် အနောက်နိုင်ငံများသည် စစ်ရေး ဆောင်ရွက်မှုကြောင့် မဟုတ်ဘဲ တန်ဖိုးထား ဆောင်ရွက်မှုများ၏ အင်အားကြောင့် လွှမ်းမိုးနိုင်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ခွန်အားသည် အနိုင်မရနိုင်ကြောင်းကို ရုရှားအနေဖြင့် အချိန်နှင့်အမျှ နားလည်လာမည် ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။ အိုဘားမားမှ ယခု ပြဿနာရပ်ကို အိုင်ဒီယိုလိုဂျီများ၏ တိုးတိုက်မှုအဖြစ် စဉ်းစားချင့်ချိန် ပုံဖော်ခဲ့ပြီး ရုရှား၏ ဦးဆောင်မှုများကြောင့် တစ်ကိုယ်တော် ဝါဒပိုမို နက်ရှိုင်းလာလျှင် ရုရှား၏ စီးပွားရေးကို ထိခိုက်လာမည်ဟု သတိပေးခဲ့သည်။

သို့ရာတွင် ရုရှားမှ နောက်ထပ် စစ်ရေးခြေလှမ်းများ လှမ်းမှုမရှိဘဲ အနေဖြင့် စီးပွားရေး ပိတ်ဆို့မှုကို ပိုမို တင်းကျပ်သွားရန်မှာ ဥရောပမှ သဘောတူညီမှု ရှိ၊ မရှိကို မသိရသေးပေ။

အိုဘားမား၏ ခရီးစဉ်သည် အမေရိကန်နှင့် ဥရောပတို့မှာ စုစည်းမှု ရှိကြောင်းကို ပြသခြင်းဖြစ်ပြီး သမ္မတ အနေဖြင့် တိုက်ရိုက်ပြောဆိုမှုများကိုလည်း ပြုလုပ်ခဲ့သည်။

“ တကယ်လို့ ကျွန်တော်တို့ရဲ့ အင်အားတွေကို စုစည်းထားခဲ့ရင် အားလုံးက ပူးပေါင်းဆောင်ရွက်ရမှာပါ ” ဟု ပြောဆိုသွားသည်။

ဥရောပ၏ ကာကွယ်ရေး ဆောင်ရွက်မှုများကို လျော့ချနေခြင်း အတွက် အမေရိကန်မှ စိုးရိမ်ပူပန်လျက် ရှိကြောင်းကို ဖော်ပြသွားပြီး       “ လွတ်လပ်မှုဟာ အလကား မရ ” ဟု ပြောဆိုခဲ့သည်။

ဥရောပမှ အစိုးရ အရာရှိများနှင့် တွေ့ဆုံရာတွင်လည်း “ ခင်ဗျားတို့ အနေနဲ့ သူများတွေရဲ့ ခွန်အားအပေါ်ကိုချည်း အားကိုးနေလို့ မရပါဘူး။ တကယ်လို့ မကောင်းတာ တစ်ချို့၊ ကုန်ကျစရိတ် တစ်ချို့ ရှိရင်တောင်မှပေါ့ ”

ရုရှား၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့အပေါ် မှီခိုမှုကို လျော့ချရာတွင် ဥရောပ အနေဖြင့် ရေနံတွင်းများကို ပိုမို ရှာဖွေသွားရန်အတွက် တိုက်တွန်းသည့် ရှင်းလင်းသော ကိုးကားခြင်းပင် ဖြစ်သည်။

ဘယ်လ်ဂျီယံမှ ထွက်ခွာမသွားခင်တွင် အိုဘားမားသည် နေတိုး အရာရှိများနှင့်လည်း တွေ့ဆုံခဲ့သည်။ ရုရှား၏ ဖိအားဒဏ်များကို ခံစားနေရသည့် ဥရောပ အရှေ့ပိုင်းရှိ ဒေသများအတွက် နေတိုး၏ လှုပ်ရှားမှုကို မြှင့်တင်ရန် သဘောတူညီခဲ့ကြပြီး ၎င်းဒေသများတွင် နေတိုး၏ စစ်ရေးလေ့ကျင့်မှုများ ပိုမို များပြားလာမည် ဖြစ်သည်။

အမေရိကန် သမ္မတ အနေဖြင့် ရုရှားနှင့် ကာလရှည် ရုန်းကန်မှုအတွက် ကြိုတင်ပြင်ဆင်ထားသည့် ပုံစံ ပေါ်ပေါက်လျက် ရှိသည်။

REF: BBC
The Myanma Age