ဘင်္ဂလားဒေ့ရှ်သတင်းစာ Dhaka Tribune ၏ ဆောင်းပါးဖော်ပြချက်ကို သံဃာတော်များ အပါအ၀င် အင်အား ၁၅၀၀ ခန့်က ကန့်ကွက်ကြောင်း ရန်ကုန်မြို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးရှေ့တွင် ဆန္ဒပြ

ပို့စ်တင်ချိန် - 3/27/2014 12:11:00 PM

ရန်ကုန်လွှတ်တော်ရှေ့တွင် ကန့်ကွက်ဆန္ဒပြမှုအား မတ် ၂၆ ရက် မွန်းလွဲပိုင်းက မြင်တွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ်သတင်းစာ Dhaka Tribune ၏ ဆောင်းပါး ရေးသားဖော်ပြချက်ကို ကန့်ကွက်ကြောင်း သံဃာတော်များ အပါအ၀င် မြန်မာနိုင်ငံသား ၁၅၀၀ ခန့်က မတ် ၂၆ ရက် မွန်းလွဲက ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့မှ ပြည်သူ့ရင်ပြင်ရှေ့အထိ လမ်းလျှောက်ကြွေးကြာ် ဆန္ဒပြခဲ့ကြသည်။

ကန့်ကွက်ဆန္ဒပြသူ ၁၅၀၀ ခန့်က “ဘင်္ဂလားဒေ့ရှ်နိုင်ငံ သတင်းစာ Dhaka Tribune ၏ ရခိုင်နယ်မြေအချို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ လက်အောက်သို့ သွတ်သွင်းရေးသားဖော်ပြမှုအား ကန့်ကွက်ကြောင်း”၊ “ဘင်္ဂါလီများအား ရိုဟင်ဂျာအမည်သွင်း သန်းခေါင်စာရင်းကောက်ခံခြင်းအား ကန့်ကွက်ကြောင်း” အစရှိသည့် ဗီနိုင်းများ ကိုင်ဆောင်ကာ“ရိုဟင်ဂျာ အလိုမရှိ” စသည်ဖြင့် ကြွေးကြာ်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ဆရာတော် ဦးပါမောက္ခက “ဘင်္ဂလားဒေ့ရှ် သတင်းစာ Dhaka Tribune ရဲ့ဆောင်းပါးမှာ ရေးသားဖော်ပြထားတဲ့ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ ဒေသတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုင်နက်ထဲရောက်အောင် ရေးသားထားတာတွေကို ပြင်းထန်စွာကန့်ကွက်ကြောင်း ပထမဦးစွာ ပြောလိုပါတယ်။ ဒုတိယအနေနဲ့ ကမ္ဘာပေါ်မှာမရှိတဲ့ ရိုဟင်ဂျာဆိုပြီး သန်းခေါင်စာရင်း ကောက်ခံမှာကို လုံးဝကန့်ကွက်ကြောင်း ပြောကြားလိုပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးရှေ့တွင် မိန့်ကြားခဲ့သည်။

ကန့်ကွက်ဆန္ဒပြခဲ့သည့် ပုဇွန်တောင်မြို့နယ်နေ ရခိုင်တိုင်းရင်းသား ကိုအောင်ကျော်ဟိန်းက “ဘင်္ဂလားဒေ့ရှ် သတင်းစာမှာပါတဲ့ ရေးသားချက်ကို အပြင်းအထန် ကန့်ကွက်ပါတယ်။ သန်းခေါင်စာရင်း ကောက်ခံတဲ့နေရာမှာ ရိုဟင်ဂျာဆိုတဲ့ နာမည်နဲ့ ကောက်တာကိုလည်း လုံးဝကန့်ကွက်တယ်”ဟု ပြောကြားသည်။

ထို့ပြင် ယင်းဆန္ဒပြပွဲတွင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)နှင့် မန္တလေးအဖွဲ့တို့မှ ဘင်္ဂလားဒေ့ရှ်သတင်းစာပါ ဆောင်းပါးအား ပြင်းထန်စွာကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက် အသီးသီးထုတ်ပြန်ခဲ့ပြီး ဆန္ဒပြ ဦးဆောင်သူများက မျိုးစောင့်ဥပဒေအကြောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးရှေ့တွင် ဟောပြောခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်သတင်းစာပါ ဆောင်းပါးရှင် Zeeshan Khan ၏ “A referendum in Rakhine State” ဆောင်းပါး ရေးသားဖော်ပြမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ မတ် ၂၄ ရက်က သတိထောက်လွှာ ပေးအပ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးမျိုးမြင့်သန်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သတိထောက်လွှာ သွားရောက်ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် သံရုံးများရှေ့၌ ဆန္ဒပြမှု ဖြစ်စဉ်များမှာ ၁၀ နှစ်တာအတွင်း အလွန်နည်းပါးပြီး လက်ရှိအစိုးရသစ် လက်ထက်တွင်လည်း အာဏာပိုင်တို့၏ ခွင့်ပြုမှုရရှိရန် များစွာခက်ခဲလေ့ ရှိသည်။ သို့ရာတွင် ယခင် စစ်အစိုးရလက်ထက်က အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ဖူးပြီး ယခုအစိုးရ လက်ထက်တွင် ယမန်နှစ်အတွင်းက လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ တရုတ်သံရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြရန် ကြိုးစားမှုအပေါ် သက်ဆိုင်ရာက ခွင့်မပြုခဲ့ပေ။ ထို့ပြင် ဆန္ဒပြမှုတွင် တရုတ်အလံအား မီးရှို့ခဲ့ခြင်း နှင့် ခွင့်ပြုချက်မရဘဲ ထိုကဲ့သို့ ဆန္ဒပြမှုအပေါ် အစိုးရက အရေးယူမှုများ ရှိခဲ့သည်။

Eleven Media Group