စာမေးပွဲဖြေခွင့်ရခဲ့တဲ့ ထောင်တွင်းက ကျောင်းသား ခုနစ်ယောက်

ပို့စ်တင်ချိန် - 3/27/2014 03:38:00 PM


စာမေးပွဲဖြေဆိုခွင့်ရရှိခဲ့သည့် ကျောင်းသား ခုနစ်ယောက်အား လာရောက်အားပေးခဲ့သူ စာရေးဆရာ ဇေယျမင်းသျှင်နှင့်အတူ တွေ့ရစဉ်။

မကြာမီက ပြီးစီးသွားခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးမှာ အင်းစိန်ဗဟိုအကျဉ်းထောင်က
ကျောင်းသား ခုနစ်ယောက်လည်း ဖြေဆိုခွင့် ရရှိခဲ့ပါတယ်။

"ဒီကလေးတွေကို အောင်စေချင်လို့ ကျွန် တော်ကိုယ်တိုင် ပံ့ပိုးမှုတွေပြုလုပ်ပါတယ်"လို့
အကျဉ်းထောင်မှာ ဒုတိယညွှန်ကြားရေးမှူး၊ ထောင်ပိုင်ကြီးအဖြစ်လည်း တာဝန်ယူထားရတဲ့
ဦးကျော်ဌေးက ဆိုပါတယ်။

အကျဉ်းထောင်အတွင်းမှာ ပညာဆက်လက်သင်ခွင့်ကို ယနေ့ခေတ်ကာလမှာ အရှိန်ရလာဟန်
ရှိနေပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ကိုတော့ ပြီးခဲ့တဲ့နှစ်အတွင်းကမှ
စတင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

မနှစ်ကဖြေဆိုသူ လေးယောက် ရှိခဲ့ပါတယ်။ အောင်မြင်သူကတော့ တစ်ယောက်မှမရှိခဲ့ပါဘူး။
စာမေးပွဲဖြေဆိုမှုကတော့ အင်းစိန်မြို့နယ် အကျဉ်းဦးစီးဌာန၀င်းအတွင်းမှာရှိတဲ့ အမှတ် (၁၃)အခြေခံ
ပညာလယ်တန်းကျောင်းအတွင်းမှာ ဖြေဆိုရတာဖြစ်ပါတယ်။

ပညာရေးသင်ကြားမှုမှာတော့ ထောင်ပိုင်ကြီးရဲ့ အကူအညီတောင်းခံမှုနဲ့ အင်းစိန်မြို့နယ် ပညာရေးမှူး
က အထဲမှာဝင်ရောက် သင်ကြားပေးသလို သင်ကြားပေးမှုအတွက် စီစဉ်ပေးတာတွေလည်းရှိတယ်
လို့ ဆိုပါတယ်။

အမှန်တကယ်ကတော့ ဒီနှစ်မှာဖြေဆိုဖို့ အစီအစဉ်က ၁၀ ယောက်ဖြစ်ပါတယ်။

သုံးယောက်က သူတို့ပြစ်ဒဏ်လွတ်ရက် ရောက်သွားတဲ့အတွက် သက်ဆိုင်တဲ့ မြို့နယ်မှာပဲ
ပြန်ဖြေကြရတာကြောင့် ခုနှစ်ယောက်ပဲ ဖြစ်သွားတာပါ။

အခုစာမေးပွဲကို ဖြေဆိုခဲ့ကြတဲ့ သူတွေကတော့ ဆေးမှုနဲ့ ထောင်ကျနေသူ သုံးယောက် ပါဝင်ပြီး
လုယက်မှုနဲ့ ထောင်ကျနေတဲ့သူက နှစ်ဦး ပါဝင်ပါတယ်။

မိန်းမခိုးမှုနဲ့ ထောင်ကျနေတာက တစ်ဦးဖြစ်ပြီး လူသတ်မှုနဲ့ တစ်ဦးဖြစ်ပါတယ်။

သူတို့ဟာ မတူညီတဲ့ ပြစ်မှုတွေကိုယ်စီနဲ့ ထောင်ထဲရောက်လာကြပေမယ့် တူညီတာကတော့
အားလုံးဟာ အသက် ၂၀ နှစ်နဲ့အောက် ၀န်းကျင်တွေပါပဲ။ သူတို့ကတော့ သူတို့လုပ်ရပ်တွေ
အတွက် နောင်တကိုယ်စီရနေကြပြီးတော့ အခုလိုမျိုး မျှော်လင့်မထားတဲ့ ကျောင်းတက်ခွင့်တွေ
စာမေးပွဲဖြေဆိုခွင့်တွေ ရကြတာကိုတော့ သူတို့အလွန်ကျေနပ် ပျော်ရွှင်နေကြပါတယ်။

သူတို့မှာ နောက်ထပ်တူညီတာ တစ်ခုရှိနေပါသေးတယ်။ အဲဒါကတော့ မိသားစုအတွက်
ကြိုးစားချင်၊ အောင်မြင်ချင်တယ်ဆိုတဲ့ စိတ်ဓာတ် ကိုယ်စီရှိနေကြတယ်ဆိုတဲ့ အချက်ပါပဲ။

ဆေးမှုနဲ့ ထောင်ထဲရောက်လာပြီး ဒုတိယအကြိမ်အဖြစ် ထောင်တွင်းမှာ စာမေးပွဲဖြေဆိုခွင့်ကို
ရရှိခဲ့သူ အသက် ၁၉ နှစ်အရွယ် ကိုမျိုးအောင်က "ဆယ်တန်းကို အပြင်မှာ တစ်နှစ် ဖြေခဲ့ဖူးပါတယ်။
အခုဒီအထဲမှာ ပြန်ဖြေတာက နှစ်နှစ်ပါ။ အကျဉ်းသားဖြစ်ပေမယ့် အခုလို မမျှော်လင့်ဘဲ ဆယ်တန်း
စာမေးပွဲ ပြန်ဖြေခွင့်ရနေတာကိုပဲ ကျွန်တော် အရမ်းဝမ်းသာနေပါတယ်။ အပြင်က သူငယ်ချင်းတွေ
ကိုတော့ ဘယ်နေရာရောက်ရောက် အကောင်းဆုံးကြိုးစားကြပါလို့ မှာချင်ပါတယ်"လို့
ပြောပါတယ်။

ဆေးမှုနဲ့ပဲ ဆယ်တန်းစာမေးပွဲဖြေနေတဲ့အချိန်မှာ အဖမ်းခံခဲ့ရတဲ့ ကိုဂျူလိုင်မိုးကလည်း "အခုဖြေဆို
ထားတာ အခြေအနေကောင်းပါတယ်။ အကောင်းဆုံး ကြိုးစားဖြေထားတာပါ။ နဂို ကျွန်တော့်
အသိထဲမှာ ထောင်ကျပြီဆိုတော့ ဘ၀ကြီးဆုံးရှုံးသွားပြီလို့ ထင်လိုက်မိတယ်။ အခုကျတော့
ကျောင်းတက်ခွင့်ရနေတဲ့အပြင် စာမေးပွဲဖြေခွင့်ပါ ရနေတဲ့အတွက် ကျွန်တော်မရှုံးပါဘူး။ ကျွန်တော်
ထောင်ကျနေတာဟာ အခု စာမေးပွဲအောင်ခဲ့ပြီဆိုရင် အရှုံးမဟုတ်ဘဲ မြတ်နေပါပြီ။ အိမ်ကလည်း
ဒီအကြောင်းတွေကို သိလို့ဝမ်းသာကြပါတယ်" လို့ ပြောပါတယ်။

ဆေးမှုနဲ အဖမ်းခံထားရတဲ့ ကိုဟန်ဝင်း ကလည်း အဖမ်းခံရတုန်းက ကျောင်းတက်ရတာ တစ်လပဲ
ရှိသေးတာပါတဲ့။ သူကတော့စာမေးပွဲကို ဒီနှစ်မှစဖြေတာဖြစ်ပြီး ဖြေဆိုမှုမှာ အားမရတဲ့ ဘာသာ
အချို့လည်းရှိတယ်လို့ ဆိုပါတယ်။

"ကျွန်တော့်အနေနဲ့ အောင်မြင်ချင်လို့ ကြိုးစားထားပါတယ်။ ဒါမှလည်း အမေ့ကိုပြန်ပြီး ကျေးဇူး
ဆပ်ရာရောက်တော့မှာပါ။ ကျွန်တော်နဲ့ သက်တူရွယ်တူတွေကိုလည်း ကျွန်တော့်လို လမ်းမှား
မလိုက်ကြဖို့ တိုက်တွန်းပြောလိုက်ပါတယ်"လို့ သူက ဆိုပါတယ်။

အပြင်မှာ ဆယ်တန်း တစ်နှစ်ဖြေခဲ့ဖူးပြီး လုယက်မှုနဲ့ ထောင်ထဲရောက်လာသူ ကိုဟိန်းထက်
ကလည်း "ထောင်ထဲမှာ ကျောင်းရှိတော့ ကျွန်တော်တို့ ကျောင်းတက်ရပါတယ်။ မနှစ်ကလည်း
ထောင်ထဲကနေ ဖြေသေးတယ်။ ကျတယ်။ ဒီနှစ်တော့ အောင်မယ်ထင်တယ်။ ကျွန်တော်ဒီနှစ်
ဖြေတာ အားရတယ်ဗျ"လို့ ယုံကြည်ချက်အပြည့်နဲ့ ပြောပါတယ်။

လုယက်မှုနဲ့ ထောင်ကျနေပေမယ့် ပညာရေးကို မစွန့်လွှတ်ရတဲ့အတွက် ၀မ်းသာမိတယ်လို့ဆိုတဲ့
ကိုမျိုးညွန့်ဦးက "ကျွန်တော့်ချစ်သူ ဆယ်တန်းအောင်သွားပြီလို့ သိရတဲ့အတွက် ကျွန်တော်လည်း
သူ့လိုအောင်ချင်တာကြောင့် ကြိုးစားပြီးဖြေထားပါတယ်။ အောင်မယ်လို့ ယုံကြည်တယ်ဗျာ"လို့
ဆိုပါတယ်။

"ထောင်ထဲစရောက်တဲ့အချိန်မှာ အားလုံးကို စွန့်လွှတ်ရပြီကွာလို့ ထင်လိုက်မိပြီး အခုလို
ကျောင်းတက်ခွင့် ဖြေဆိုခွင့်တွေရတယ်ဆိုတော့မှ ပညာရေးကို အပြင်မှာနေတုန်းကထက်ကို ပိုပြီး
အသိစိတ်ထဲ ထည့်ထားဖြစ်တယ်။ အခုမှ ပညာတန်ဖိုးကို ပိုနားလည်လာတာလို့ပြောလို့ရပါတယ်။
အခုကြိုးစားဖြေထားပါတယ်။ ဒါကလည်း အိမ်က မိသားစုတွေ အတွက်ပါ။ ဘွဲ့တစ်ခုရတဲ့အထိ
ကျွန်တော်ဆက် ကြိုးစားသွားမယ်လို့ ပြောချင်ပါတယ်"လို့ လူသတ်မှုနဲ့ထောင်ထဲ ရောက်လာသူ
လူငယ်ကပြောပါတယ်။

ထောင်ပိုင်ကြီး ဦးကျော်ဌေးက "ဒီကလေးတွေအပေါ်မှာ သူ့အနေနဲ့ရော အဖွဲ့အစည်းတစ်ခုလုံး
အနေနဲ့ပါ တော်တော်လေး မျှော်လင့်ချက်ထားထားပါတယ်။ သူတို့ရဲ့ သားသမီးတွေသဖွယ်
သဘောထားပြီး ဆောင်ရွက်ပေးနေတယ်"လို့ ပြောပါတယ်။

Myanmar Times