လေးပွင့်ဆိုင်တွေ့ဆုံရန် သမ္မတဦးသိန်းစိန်တစ်ဦးသာ စွမ်းဆောင်နိုင်ကြောင်း သူရဦးရွှေမန်းနှင့်အတူ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပို့စ်တင်ချိန် - 3/27/2014 12:12:00 PM

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းတို့အား မတ် ၂၆ ရက် သတင်းစာရှင်းလင်းပွဲတွင် အတူတွေ့ရစဉ်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ လေးပွင့်ဆိုင်တွေ့ဆုံမှုအပေါ် မူတည်နေပြီး တွေ့ဆုံမှု ဖြစ်မြောက်ရန်အတွက် လုပ်ဆောင်နိုင်သူမှာ သမ္မတဦးသိန်းစိန် တစ်ဦးတည်းသာရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မတ် ၂၆ ရက်က ပြုလုပ်သည့် အာဏာရပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် ကာကွယ်ရေးဦးစီးချုပ်ထံ တိုက်တွန်းထားပါသလားဟု မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “သမ္မတကြီးဆီ ဒါကိုစာပို့လိုက်ရင် လုံလောက်ပြီ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်ဆိုရင် လေးပွင့်ဆိုင် တွေ့ဆုံရေးကို သမ္မတကြီးတစ်ယောက်ပဲ စွမ်းဆောင်နိုင်မယ်လို့ ကျွန်မတို့ ထင်ပါတယ်။ ကျွန်မအနေနဲ့လည်း တစ်ခြားပုဂ္ဂိုလ်တွေပါဖို့ ပြောပိုင်ခွင့် မရှိပါဘူး။ အားလုံး ဒီလေးဦးစလုံးကို စုပြီးတော့ တွေ့ဆုံရေးဖြစ်အောင် လုပ်နိုင်တာကတော့ သမ္မတကြီးတစ်ယောက်ပဲရှိတယ်လို့ ဒီလိုယူဆလို့ သမ္မတကြီးဆီ လိပ်မူပြီး ပေးပို့ခဲ့တာပါ” ဟု ပြန်လည်ဖြေကြားသည်။

ထို့အပြင် ထိုသို့ လေးပွင့်ဆိုင် တွေ့ဆုံမှုအတွက် ပြည်ထောင်စုလွှတ်တော်နာယက အနေဖြင့် အသင့်ရှိကြောင်း ပြောကြားထားခဲ့ပြီးသည့်အတွက် လေးပွင့်ဆိုင်တွေ့ဆုံမှု ဖြစ်မြောက်ရေးမှာ ကျန်နှစ်ယောက်၏ သဘောထားအပေါ် မူတည်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက တွေ့ဆုံမှုသည် အောင်မြင်ခြင်း၏ အခြေခံဖြစ်သည့်အတွက် ထိုသို့ လေးပွင့်ဆိုင်တွေ့ဆုံမှုကို ထောက်ခံကြောင်း ပြောကြားသည်။

“တွေ့ဆုံတာ၊ ဆွေးနွေးတာ၊ ညှိနှိုင်းတာက အောင်မြင်မှုရဲ့အခြေခံ ဖြစ်ပါတယ်။ တွေ့ဆုံမှုတွေရှိရင် တစ်ယောက်နဲ့တစ်ယောက် သံသယတွေ ကင်းသွားမယ်။ အမြင်မရှင်းတာတွေ မရှိတော့ဘူး။ လေးပွင့်ဆိုင် တွေ့ဆုံမှုကိုလည်း အားပေးပါတယ်။ လုပ်ငန်းတစ်ခု လုပ်မယ်ဆိုရင် ပူးပေါင်းလုပ်ဆောင်တာ အကောင်းဆုံးပါ။ ကျွန်တော်တို့နှစ်ယောက် အမြဲတွေ့ဖြစ်တယ် ဆိုတာက လွှတ်တော်ကိစ္စတွေ၊ နိုင်ငံ့ရဲ့ ရှေ့အလားအလာတွေကို တိုင်ပင်ညှိနှိုင်းတာပါ။ ဒါမှ တစ်ယောက်နဲ့တစ်ယောက် အမြင်တွေကို ဖလှယ်နိုင်မယ်” ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် သတ်မှတ်ထားသော အချိန်ကာလအတွင်း အပြီးသတ် ဆောင်ရွက်နိုင်ရန်မှာ လေးပွင့်ဆိုင်တွေ့ဆုံမှုအပေါ်တွင် မူတည်နေကြောင်းလည်း လက်ရှိပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီတွင် တပ်မတော်၏ ဆုံးဖြတ်ချက်သည် ညှိနှိုင်းရန် အခက်အခဲရှိသည်ဟု သတင်းများထွက်ပေါ်နေမှုနှင့် ပတ်သက်၍ မေးမြန်းရာတွင် သူရဦးရွှေမန်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် နိုင်ငံရေးအကြပ်အတည်း မဖြစ်စေရန် ဆောင်ရွက်ရမည်ဟု ပြောကြားခဲ့သည့်အတွက် လက်ရှိပြင်ဆင်မှု ပြုလုပ်ရာတွင်လည်း နိုင်ငံရေး အကြပ်အတည်းသို့ ဦးတည်နိုင်မည် မဟုတ်ကြောင်း၊ ထိုသို့ ဦးမတည်နိုင်ရန် အတွက်လည်း တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ရန် လိုအပ်ကြောင်းနှင့် မိမိတို့အနေဖြင့် နိုင်ငံအား အကြမ်းဖက်သည့်လမ်းပေါ်သို့ မရောက်စေခြင်ကြောင်း၊ မလိုလားအပ်သော ပဋိပက္ခများ မဖြစ်စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ သမ္မတ၊ လွှတ်တော်၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင်တွေ့ဆုံရန် မေတ္တာရပ်ခံစာတစ်စောင် ပေးပို့ထားသည်။

နိုင်ငံတော်သမ္မတက ထိုသို့တွေ့ဆုံမှုကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ အစီရင်ခံစာ ထွက်ရှိပြီးမှသာ စဉ်းစားရန် သဘောထား ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ပြည်သူများ အနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လေးပွင့်ဆိုင်တွေ့ဆုံရေးအတွက် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်တောင်းဆိုမှုများလည်း ရှိနေသည်။

Eleven Media Group