၈၈ မျိုးဆက်ကျောင်းသား သုံးဦးကို ပခုက္ကူ ရဲစခန်း ခေတ္တဖမ်းဆီး

ပို့စ်တင်ချိန် - 3/27/2014 11:42:00 AM


ပခုက္ကူ၊ မတ် ၂၆

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ခွင့်ပြုချက် ရယူခြင်း မရှိဘဲ ဆန္ဒထုတ်ဖော်ခဲ့သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးပြုံးချို၊ ဒေါ်နီလာသိန်း၊ ဒေါ်မီးမီးနှင့် ဒေသခံ ၈၈ မျိုးဆက် ကျောင်းသား နှစ်ဦးကို ပခုက္ကူမြို့နယ် မြို့မရဲစခန်းက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ (၁၈) ဖြင့် ခေတ္တဖမ်းဆီးခဲ့ကြောင်း အဆိုပါ မြို့နယ်မှ ၈၈ မျိုးဆက်ကျောင်းသား ဦးဉာဏ်လင်းက ပြောကြားသည်။

မတ်လ ၂၆ ရက်နေ့က ပခုက္ကူမြို့တွင် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၈၈ မျိုးဆက် ကျောင်းသားများနှင့် ဒေသခံ ပြည်သူလူထုတို့ ပူးပေါင်းကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“မွန်းလွဲ ၁ နာရီမှာ ပခုက္ကူ မြို့မရဲစခန်းက လာခေါ်သွားတာပါ။ စခန်းမှူးက ပုဒ်မ ၁၈ နဲ့ တရားဆွဲမယ်လို့ ပြောတယ်။ ပြီးတော့ ခံဝန်ထိုးရမယ် ပြောတယ်။ အားလုံး လက်မှတ်မထိုးခဲ့ဘူး၊ ညနေ ၃ နာရီလောက်တော့ ပြန်လွတ်ပေးတယ်” ဟု ဦးဉာဏ်လင်းက ပြောကြားသည်။

ယင်းသို့ ခွင့်ပြုမိန့် မယူဘဲ ဆန္ဒထုတ်ဖော်မှုကြောင့် ၈၈ မျိုးဆက်ကျောင်းသား ဦးပြုံးချို အပါအဝင် ငါးဦးကို ပခုက္ကူမြို့နယ် မြို့မ ရဲစခန်းက တရားစွဲဆိုမည်ဟု ယနေ့ ညနေတွင် အကြောင်းကြားစာ ပေးပို့လာကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

ပခုက္ကူမြို့နယ် အတွင်းတွင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒထုတ်ဖော်ရန် မြို့နယ် ရဲစခန်းသို့ ခွင့်ပြုမိန့် (၅) ကြိမ် တောင်းခံခဲ့သော်လည်း ခွင့်မပြုခဲ့ကြောင်း ပခုက္ကူမြို့နယ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းထံမှ သိရှိရသည်။

“အခြား တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေကိုမှာ ခွင့်ပြုမိန့်ရတယ်၊ မကွေးတိုင်းဒေသကြီးမှာ ခွင့်ပြုမိန့် မပေးဘူး။ ပြီးတော့ တရားစွဲမယ် ပြောတယ်” ဦးဉာဏ်လင်းက ဆိုသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းသည့် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ အခန်း (၁၂) ပါ ပြဋ္ဌာန်းချက်များကို အဓိကထား ပြင်ဆင်ပေးရန် တိုက်တွန်းသွားမည်ဟု ကြေညာထားသည်။

မတ်လ ၂၆ ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့တို့တွင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

The Voice Weekly