ပြည်သူ့ဆန္ဒအတိုင်း ရပ်တည်ဖို့ တပ်မတော်ကို ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်း

ပို့စ်တင်ချိန် - 3/27/2014 02:06:00 AM


တပ်မတော်ဟာ ပြည်သူလူထုလိုလားတဲ့ နိုင်ငံရေး စနစ်အပေါ်မှာ မားမားမတ်မတ် ရပ်တည်ပေးဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

နေပြည်တော် ဇမ္ဗူသီရိခန်းမဆောင်မှာ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

"ကျမတို့ တပ်မတော်ကို ပြည်သူလူထုကနေပြီးတော့ ကြည်ညိုတယ်၊ ချစ်ခင်တယ်၊ အားကိုးတဲ့ တပ်မတော်တစ်ခု ဖြစ်စေချင်တယ်၊ တကယ့် အဆင့်မီတဲ့ Professional Army ပေါ့ ဖြစ်စေချင်တယ်၊ ငြိမ်းချမ်းရေးရဖို့ဆိုတဲ့ကိစ္စဟာ ရေရှည်မှာတော့ ဒါနိုင်ငံရေးကိစ္စဖြစ်တယ်၊ နိုင်ငံရေးအရ ရှေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ပေါ့၊ တပ်မတော်ဆိုတာ ပြည်သူလူထုလိုလားတဲ့ နိုင်ငံရေးစနစ်အပေါ်မှာ မားမားမတ်မတ် ရပ်တည်ပေးဖို့ လိုအပ်တယ်"

မနက်ပိုင်းက ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတ ပြောကြားသွားတဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ သတင်းထောက်က မေးမြန်းရာမှာ အဲဒီလို ဖြေကြားခဲ့တာပါ။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံရေးဆွဲတဲ့အထဲမှာ ပါခဲ့တဲ့အတွက် ထောက်ခံပြောဆိုတာဟာ မထူးဆန်းကြောင်း၊ မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစကတည်းက ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ ပြောဆိုခဲ့တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီအတောအတွင်း နေပြည်တော်မှာ လက်ရှိကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးတွေဟာ ဒီကနေ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။ အခုပြီးစီးသွားတဲ့ န၀မအကြိမ် လွှတ်တော်အစည်းအဝေးတွေအတွင်း ဘယ်လိုအရေးကြီးတဲ့ ဥပဒေတွေကိုဆွေးနွေးပြီး ဘယ်ဥပဒေတွေကို ပြဌာန်းနိုင်ခဲ့သလဲဆိုတာ မသင်းသီရိက ဆက်တင်ပြပါလိမ့်မယ်။

နားဆင်ရန်

RFA Burmese