နှစ်ရက်ကြာ ပျောက်ဆုံးနေသော အမျိုးသားတစ်ဦး၏အလောင်း ရန်ကုန်မြစ်ကမ်းစပ်၌တွေ့

ပို့စ်တင်ချိန် - 3/27/2014 02:05:00 AM


မိသားစု ၁၁ ဦး စားသောက်ဆိုင်တွင် စားနေစဉ် ပျောက်ဆုံးသွားသော အမျိုးသားကို နှစ်ရက်အကြာတွင် ဗိုလ်တထောင်စေတီအနီးရှိ ရန်ကုန်မြစ်ကမ်းစပ်၌ ၎င်း၏အလောင်းတွေ့ရှိကြောင်း သတင်းရရှိသည်။

မတ်လ ၂၃ ရက်တွင် ဗိုလ်တထောင်စေတီအနီးရှိ ရန်ကုန်မြစ်ကမ်းစပ်ရှိ စားသောက်ဆိုင်တွင် မိသားစုဝင် ၁၁ ဦး ရှိနေစဉ် ပျောက်ဆုံးသွားသော အမျိုးသားတစ်ဦး၏အလောင်းအား  မတ်လ ၂၅ ရက်ညနေတွင် တွေ့ရှိရကြောင်း သတင်းရရှိသည်။

ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၃) ဗောတံတားအောက်ရှိ ရေစပ်တွင် အမျိုးသားတစ်ဦး၏ အလောင်းကို မတ် ၂၅ ရက် ညနေ ၅ နာရီခွဲခန့်က စတင်တွေ့ရှိရသည်။

‘‘ကောင်လေးမိသားစုက ကမ်းစပ်မှာ ငိုနေကြတယ်။ ဆိပ်ကမ်းရဲတွေကတော့ အလောင်းကို ရန်ကုန်မြစ်ကြောင်းအတိုင်း စက်လှေနဲ့ဆွဲပြီး တင်လို့ရတဲ့ နေရာရောက်မှ ရင်ခွဲရုံကိုပို့ဖို့ စီစဉ်နေကြတယ်’’ဟု မျက်မြင်တွေ့ ရှိသူ အမျိုးသားတစ်ဦးက ပြောကြားသည်။

သေဆုံးသူအမျိုးသားသည် ဂျင်းဘောင်းဘီရှည် အပြာရောင် ၀တ်ဆင်ထားပြီး ရှပ်အင်္ကျီနက်ပြာရောင်ဝတ်ဆင်ထားကာ ရန်ကုန်မြစ်ကမ်းစပ်တွင် မှောက်လျက်အနေအထားဖြင့် ပေါ်နေကြောင်း တွေ့ရှိရသည်။

‘‘ရွှေဘဲ စားသောက်ဆိုင်မှာ တနင်္ဂနွေနေ့ညနေပိုင်းက မိသားစု ၁၁ ယောက် လာစားကြတာ။ သားကပျောက်သွားတယ်။ ဘယ်ကိုရောက်သွားမှန်းမသိဘူး။ ဗောတံတားအစပ်နားထိလည်း မသွားကြပါဘူး။ ည ၂ နာရီထိုးတဲ့အထိ လိုက်ရှာတာ မတွေ့လို့ မော်တင်ဆိပ်ကမ်းရဲစခန်းမှာ လူပျောက်တိုင်ခဲ့တယ်။ အခုမှ သားရဲ့ အလောင်းကိုတွေ့တာ’’ ဟု သေဆုံးသူ၏ဖခင်က ပြောသည်။

အလောင်းအား သေမှုသေခင်းဖွင့်လှစ်ကာ ဆိပ်ကမ်းရဲစခန်းမှ ဆက်လက်ဆောင်ရွက်နေသည်။

Author: သန်းဌေး / ဇွဲမာန်
7DAY DAILY