မြန်မာနိုင်ငံ၏ အရပ်အရှည်ဆုံး အမျိုးသားကို ဂျာမနီ ဖိနပ်ကုမ္ပဏီက ဖိနပ်ငါးရံ လှူဒါန်း

ပို့စ်တင်ချိန် - 3/27/2014 11:24:00 AM


ရန်ကုန်၊ မတ် ၂၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ထုံးပေါက်ချိုင် ကျေးရွာနေ အရပ် ၇ ပေ ၁၀ လက်မရှိ မြန်မာနိုင်ငံ၏ အရပ်အရှည်ဆုံး အမျိုးသား ကိုဝင်းဇော်ဦးအား ဂျာမနီ ဖိနပ်ကုမ္ပဏီက ဖိနပ်ငါးရံ လှူဒါန်းသည့် အခမ်းအနားကို ရန်ကုန်မြို့ M3 စားသောက်ဆိုင်၌ ၂၀၁၄ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ဂျာမနီနိုင်ငံရှိ George Wessels ဖိနပ်ကုမ္ပဏီ၏ ပိုင်ရှင် Mr. George Wessels သည် ကမ္ဘာ့မှတ်တမ်း စာအုပ် (Guinness Book of world records) က ကမ္ဘာ့အလွန်အမင်း အရပ်ရှည်သူများကို တွေ့ဆုံ၍ ဖိနပ်များကို အခမဲ့ လိုက်လံ လှူဒါန်းလေ့ရှိရာ ကိုဝင်းဇော်ဦး၏ အကြောင်းကို သတင်းတွင် တွေ့ရှိစဉ်ကတည်းက စိတ်ဝင်စားကာ ဂျာမနီသံရုံး၏ အကူအညီဖြင့် ရှုးဖိနပ် နှစ်ရံ၊ ကွင်းထိုးကြိုးသိုင်း နှစ်ရန်နှင့် ခြေစွပ်ဖိနပ် တစ်ရံတို့ကို လာရောက် လှူဒါန်းခြင်း ဖြစ်ကြောင်း Mr.George Wessels က ပြောကြားသည်။

Mr.George Wessels သည် အဆိုပါ အမျိုးသား စင်ကာပူနိုင်ငံတွင် သွားရောက် မခွဲစိတ်မီကတည်းက ၎င်း၏ ခြေရာကို ယူဆောင်သွားခဲ့ပြီး ဖိနပ်များကို ပြုလုပ်ကာ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အမျိုးသား၏ ခြေထောက်သည် ခြေမမှ ဖနောင့်အထိ ၁၃ လက်မခွဲ ရှိကြောင်း လမ်း ၃၀ ဆေးခန်းက စုံစမ်းသိရှိရသည်။

“ကျွန်တော်လည်း အခက်အခဲ ကြုံခဲ့ရဖူးတော့ ကျွန်တော့်လို အရပ်ရှည်ပြီး ခန္ဓာကိုယ် ကြီးထွားတဲ့ လူတွေကို ကိုယ်ချင်းစာမိတယ်။ အခုလို ဖိနပ်တွေ လာလှူတာ ဝမ်းသာမိတယ်” ဟု ကိုဝင်းဇော်ဦးက ဆိုသည်။

ခန္ဓာကိုယ် အလေးချိန်ကြောင့် တောထဲသွား၍ အလုပ်လုပ်ရန် အဆင်မပြေသဖြင့် ၎င်းအနေဖြင့် အိမ်မှုကိစ္စများကို ကူညီပေးကြောင်းနှင့် အိမ်ထောင်ပြုရန် အစီအစဉ်ရှိကြောင်း ၎င်း၏ မိသားစု အသိုင်းအဝိုင်းထံမှ သိရှိရသည်။

အဆိုပါ အမျိုးသားသည် ငယ်ရွယ်စဉ်ကတည်းက အရပ်ရှည်ထွက်လာခြင်း မဟုတ်ဘဲ ဦးနှောက်တွင်းရှိ ဟော်မုန်း အပြောင်းအလဲ တစ်ခုကြောင့် အသက် ၁၈ နှစ် နောက်ပိုင်းတွင် တစ်နှစ်ထက် တစ်နှစ် အရပ်ရှည်ထွက်လာသည့် အတွက် အသည်းအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း၏ အကူအညီ ပေးမှုဖြင့် စင်ကာပူ ဆေးရုံကြီးတွင် ပီကျူထရီအကျိတ်ကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ရာ ဒေါ်လာ ခြောက်သောင်း ခုနှစ်ထောင် ကုန်ကျခဲ့ကြောင်း အသည်းရောဂါ အထူးကု ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက ပြောကြားသည်။

အဆိုပါ အမျိုးသားသည် ကမ္ဘာ့သက်ရှိထင်ရှား ရှိသောသူများတွင် စတုတ္ထ အရပ်အရှည်ဆုံးသူ ဖြစ်ကြောင်း ၎င်းကဆိုသည်။

The Voice Weekly