သင်္ကြန်ရက်နီးလာတာကြောင့် ကားအရောင်းအ၀ယ်ပြန်သွက်….

ပို့စ်တင်ချိန် - 3/27/2014 03:08:00 PM


လက်ရှိ ရန်ကုန်ကားဈေးကွက်မှာတော့ သင်္ကြန်ရက်နား နီးကပ်လာတာကြောင့် အရောင်းအ၀ယ် အနည်းငယ် ပြန်သွက်လာလျက် ရှိတယ်လို့ သိရပြီး အထူးသဖြင့် သင်္ကြန်ကား အဖြစ် သုံးနိုင်မယ့် Townaceလို ကားတွေနဲ့ ဂျစ်ကားတွေတောင် အရောင်းအ၀ယ် အနည်းငယ်ရှိတယ်လို့ သိရပါတယ်။ အိမ်စီးကားလို Honda Fit, Toyota Beltaနဲ့ Toyota Raticsတွေလည်း အ၀ယ်ပြန်လိုက်နေတာ တွေ့ရသလို တချို့ကလည်း Hijetနဲ့ Hiluxတွေကို ၀ယ်ယူကြတယ်လို့ ဆိုပါတယ်။ အငှားယာဉ်မောင်းလုပ်ကိုင်လိုသူတွေကလည်း Nissan AD Vanနဲ့ Toyota Succeedလို ကားတွေ အပြင် ခွေးဘီလူးတွေလည်း အ၀ယ်ပြန်လိုက်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီအတွင်း ပြင်ပ ကားဈေးကွက်တစ်ခုလုံးနီးပါး အေးစက်သွားခဲ့ပြီး စလစ်ဈေးနှုန်း အနည်းငယ် ပြန်တက်တာကလွဲလို့ ထူးခြားမှု မရှိခဲ့ပေမယ့် အခုတော့ မတ်လလယ်ပိုင်းက စပြီး ဈေးကွက် ပြန်လည် လှုပ်ခတ်လာတာ ဖြစ်သလို တစ်ပတ်ကို ကားအစီးရေ ၂၀လောက်ထိအောင် အရောင်းအ၀ယ် ဖြစ်လာတယ်လို့ ဆိုပါတယ်။ နောက်ပြီး ပွင်းလင်းရာသီလည်း ဖြစ်သလို ပြည်တွင်း ဘုရားဖူး ကာလလည်း ဖြစ်တာကြောင့် နယ်ဘက်ကနေ သင်္ကြန် အတွက်ကိုရော၊ ဘုရားဖူး အတွက် အသုံးပြုဖို့ရာ ရည်ရွယ်ပြီး ကားများ အ၀ယ်လိုက်လာနေတယ်လို့လည်း ဆိုပါတယ်။

“ဒီလပိုင်းထဲမှာ ကားအရောင်းအ၀ယ် ပြန်ဖြစ်လာတယ်၊ သင်္ကြန်ရက်လည်း နီးလာတာလည်း ပါတယ်၊ နောက်ပြီး ဘုရားဖူးကာလလည်း ဖြစ်နေတာကြောင့် အထူးသဖြင့် နယ်ဘက်က ပိုပြီး အ၀ယ်လိုက်တယ်၊ ဒါပေမယ့် တန်ကြေးမြင့်ကားတွေကတော့ ဈေးကွက်အေးနေတုန်းပဲ၊ ဒီလောက်ကြီး အရောင်းအ၀ယ် ထူးခြား မလာသေးဘူး၊ ပြီးတော့ Townaceလို ကားတွေ အ၀ယ်လိုက်နေတာ ဖြစ်ပြီး တချို့ကလည်း မန္တလေးဘက်က ၀ယ်ကြတယ်လို့ သိရတယ်”လို့ သီရိမင်္ဂလာ ကားရောင်းဝယ်ရေးစခန်းမှ ၀ယ်ရောင်းသမား တစ်ဦးက ဆိုပါတယ်။ လက်ရှိ ဈေးကွက်မှာတော့ Toyota Beltaတွေက မော်ဒယ်အလိုက် သိန်း၁၅၀၀န်းကျင်၊ Wishတွေက ၂၃၀၀န်းကျင်၊ Fitက ၁၄၀၀န်းကျင်နဲ့ Hijetတွေက သိန်း ၆၀၀န်းကျင် ဈေးရှိနေတယ်လို့ သိရပါတယ်။

လင်းလင်း (IA)
TechSpace Journal