အိန္ဒိယနိုင်ငံမှပြန်လည်မွမ်းမံခဲ့သည့် T-90 တင့်ကားများ

ပို့စ်တင်ချိန် - 3/27/2014 03:14:00 PM




အိန္ဒိယနိုင်ငံအနေဖြင့် ရုရှားနိုင်ငံထုတ် T-90 တင့်ကားအစီး ၆၀၀ ကျော်နှင့် ပတ်သက်၍ လမ်းညွှန်စနစ်၊ အပူအာရုံခံစနစ်၊ ပစ်ခတ်ထိန်းချုပ်မှုစနစ် အစရှိသည့် အီလက်ထရောနစ် ဆိုင်ရာ အဆင့်မြင့်တင်မှုများအပြင် Air Condition စနစ်ပိုင်းဆိုင်ရာတို့နှင့် ပတ်သက်၍လည်း အဆင့်မြင့်တင်မှုများ ပြုလုပ်ခဲ့ပြီး ကုန်ကျငွေမှာ တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၄၂၀၀၀ ရှိသည်ဟု သိရှိရပါသည်။

ယခုအဆင့်မြင့်တင်မှုကို အဓိကပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ Air Condition ပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး အဓိက ပြန်လည်မွမ်းမံလို၍ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် T-90 တင့်ကားများသည် ရုရှားရာသီဥတု နှင့်ကိုက်ညီအောင် ပြုလုပ်ထားသော တင့်ကားများဖြစ်ပြီး အိန္ဒိယကဲ့သို့ ပူပြင်းသောဒေသများ တွင် တာဝန်ထမ်းဆောင်ခြင်းခံရသည့်အခါ တင့်ကားအတွင်းရှိ လေသန့်စင်မှုပိုင်းဆိုင်ရာအပြင် အခြားသော အီလက် ထရောနစ်ပစ္စည်းများနှင့် ပတ်သက်၍လည်း ယခုကဲ့သို့ ပြဿနာများ ရှိလာခြင်းပင် ဖြစ်ပါသည်။

ပြဿနာအများစုမှာ ပူပြင်းသော ရာသီဥတုကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အပူပိုင်းဆိုင်ရာအာရုံခံမှု စနစ်တွင် ယုံကြည်စိတ်ချရမှုများ နည်းပါးလာခဲ့ရပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့်လည်း အပူချိန် ၄၀ ဒီဂရီအထက် ရှိသော ၄င်းတို့၏ သဲကန္တရ နယ်မြေထဲတွင် ရုရှားထုတ် T-90 များကို အမြဲတမ်းအသုံးပြုနေခဲ့ခြင်း သည်လည်း ပြဿနာ၏ အခြေခံအချက်ပင်ဖြစ်ပေသည်။ အိန္ဒိအနေဖြင့် ၀ယ်ယူခါစက တင့်ကားတစ်စီးလျှင် ၂.၆ မီလီယံပေးချေခဲ့ရပြီး ၄င်းတန်ဖိုးမှာ ကမ္ဘာပေါ်တွင် အကောင်းဆုံးဟုဆိုသော အမေရိကန်ထုတ် M-1 တင့်ကားတန်ဖိုး၏ ဈေးနှုန်းတစ်ဝက်ခန့်ရှိပါသည်။

အိန္ဒိယအနေဖြင့်လည်း ၄င်းနှင့်နယ်နိမိတ်ထိစပ်လျက်ရှိသော ပါကစ္စတန်ကြားရှိ သဲကန္တရကို စောင့်ကြည့်ရန် ၄င်း၏တပ်ဖွဲ့ဝင်များကို အမြဲတမ်းတာဝန်ထမ်းဆောင်စေလျက်ရှိပြီး ၄င်းတပ်ဖွဲ့များတွင် T-90 တင့်ကားများလည်း ပါဝင်ပေသည်။

သို့သော် ရုရှားနိုင်ငံအနေဖြင့် ၄င်းတို့ထုတ်လုပ်ခဲ့သော တင့်ကားများကို အဆင့်မြင့်တင်မှုများ ပြုလုပ်လိုသော်လည်း အအေးပေးစနစ်ထည့်သွင်းရန်အတွက်ပင် တင့်ကားအတွင်း၌ နေရာမရှိ ဖြစ်နေသည်ကို ကြုံတွေ့နေရပါသည်။ T-90 များကို ၁၉၉၃ ခုနှစ်ကတည်းကပင် ထုတ်လုပ်ခဲ့သော်လည်း ဈေးနှုန်းမြင့်မားခဲ့ သော်လည်း အိန္ဒိယနိုင်ငံသည် အဆိုပါတင့်ကားများကို အများဆုံးဝယ်ယူသည့် ဖောက်သည်တစ်ဦးဖြစ်လာခဲ့ ပါသည်။

T-90 တင့်ကားများသည် T-72 တင့်ကားများပေါ်တွင် အခြေခံ၍တည်ဆောက်ထားခြင်း ဖြစ်သော်လည်း T-72 ထက် ကျည်ကာစနစ်ပိုမိုကောင်းမွန်ပြီး အီလက်ထရောနစ်ပိုင်းဆိုင်ရာ တွင်လည်း အဆင့် မြင့်မားပါသည်။ အလေးချိန် တန် ၅၀ လေး၍ ၁၂၅ မမ စက်သေနတ် တပ်ဆင်ထားသည့်အပြင် မီတာ ၄၀၀၀ အထိပစ်ခတ်နိုင်သော 9M119M Refleks-M ဒုံးပျံများလည်း ပါဝင်ပြီး ၄င်းဒုံးပျံများအနေဖြင့် မြေပြင်မှ လေထဲရှိ ပစ်မှတ် (ဥပမာ-ရဟတ်ယာဉ်) များကို တိုက်ခိုက်နိုင်စွမ်းရှိပါသည်။

အိန္ဒိယအနေဖြင့် T-90 တင့်ကားပေါင်း ၁၆၀၀ ခန့်အား ၁၀ စုနှစ်တစ်ခုအတွင်း ၀ယ်ယူမည်ဟု သဘောတူညီထားပြီး အများစုမှာ ရုရှားနိုင်ငံထုတ်ယာဉ်များဖြစ်ပါသည်။ အိန္ဒိယအနေဖြင့်လည်း T-90 များကို ၀ယ်ယူရသည့် အဓိကနောက်ရည်ရွယ်ချက်တစ်ခုမှာ ၄င်းတို့တွင် ၅၂ ပေါင်လေးပြီး မီတာ ၁၀၀၀ မှ ၄၀၀၀ ကြား ပစ်ခတ်နိုင်သော တန်ပြန်တင့်တိုက်ခိုက်ရေးဒုံးပျံနှင့် မိမိစိတ်ကြိုက်ချိန်ရွယ်တိုင်းတာနိုင်သည့် လေဆာလမ်းညွှန် စနစ်များ ပါဝင်သောကြောင့်ပင် ဖြစ်ပါသည်။ ဒုံးပျံအနေဖြင့် ပစ်မှတ်သို့ရောက်ရှိရန်မှာ ၁၂ မိနစ်သာ ကြာမြင့်မည်ဖြစ်ပြီး ဒုံးပျံ၏ ထိပ်ဖူးသည် ၇၀၀ မီလီမီတာကျည်ကာကို ထိုးဖောက်နိုင်စွမ်းရှိပါသည်။ ချိန်ရွယ်သည့် စနစ်သည် တိကျသေချာမှုရှိပြီး အဝေးဆုံးအကွာအဝေးသို့ တိုင်းတာသည့်အခါ၌လည်း ၈၀ ရာခိုင်နှုန်းခန့် သေချာမှုရှိသည်ဟု သိရှိရပါသည်။ လမ်းညွှန်စနစ်အနေဖြင့် အသုံးပြုရလွယ်ကူသောကြောင့် တပ်ဖွဲ့ဝင်များအား များစွာလေ့ကျင့်ပေးရန် မလိုအပ်သော်လည်း ထိရောက်မှုကောင်းမွန်ပါသည်။ အိန္ဒိယအနေဖြင့် အဆိုပါဒုံးပျံများအား ကိုယ်ပိုင်ထုတ်လုပ်နိုင်ရန် လုပ်ဆောင်နေသော်လည်း အဆိုပါနည်းပညာအား အပြည့်အ၀ရယူနိုင်မှုမရှိသေးကြောင်း သိရှိရပါသည်။

Ref:strategypage
WorldWide(BMSTU)
TechSpace Journal