ရေပက်ခံကား ငှားရမ်းခ ဈေးတက်သော်လည်း ငှားရမ်းသူများနေ

ပို့စ်တင်ချိန် - 3/27/2014 11:26:00 AM


သင်္ကြန်ကာလ ရေပက်ခံထွက်ရန် ငှားရမ်းသည့် အငှားကားဈေးနှုန်းများ မြင့်တက်မှု ရှိသော်လည်း
ငှားရမ်းသူများခြင်းကြောင့် ဈေးကွက်အတွင်း ရောင်းချရန် ရပ်ထားသည့် လိုက်ထရပ်နှင့်
ပစ်ကပ်ယာဉ်များလည်း ငှားရမ်းမှုများ ပြုလုပ်လာကြောင်း ကားဈေးကွက်မှ သိရသည်။

"သင်္ကြန်ကာလနီးလာပြီ ဆိုကတည်းက သင်္ကြန်တွင်းမှာရေပက်ခံထွက်ဖို့ မတ်လဆန်း
လောက်ကတည်းက သူ့အဆက်သွယ်နဲ့သူငှား လာတာတွေရှိတယ်။ အငှားများတာက ဂျစ်ကားနဲ့
လိုက်ထရပ်ကားတွေ အငှားများတယ်။ ကားပွဲစားတန်းမှာ ရောင်းဖို့လာထိုးထားတဲ့ လိုက်ထရပ်ကား
တွေတောင် ငှားရမ်းဖို့ စရန်ယူပြီးထားတဲ့ ကားတွေတောင်ရှိတယ်" ဟု မင်းရဲကျော်စွာ
ကားပွဲစားတန်းမှ ကားအရောင်းအ၀ယ် လုပ်ကိုင်သူ ဦးကိုစိုး ကပြောသည်။

သင်္ကြန်မတိုင်ခင် ကြိုတင်ငှားရမ်းထားသည့် ကားဈေးကွက်နှင့် မတ်လနှောင်းပိုင်းငှားရမ်းသည့်
ဈေးနှုန်းမှာ ကျပ်နှစ်သောင်း နီးပါးကွာခြားမှုရှိကြောင်း သိရသည်။

လတ်တလော ကား အငှားလုပ်ငန်များတွင် ငှားရမ်းမှုအများဆုံးမှ လိုက်ထရပ်ယာဉ်များဖြစ်ပြီး
တစ်ရက်လျင် ကျပ် တစ်သိန်းရှစ်သောင်း ရှိကြောင်း၊ သင်္ကြန် တစ်တွင်းလုံး ပုတ်ပြတ်ငှားရမ်းမှုများ
အဆိုပါ ဈေးထက် သောင်းဂဏန်း ၀န်းကျင်ခန့် လျော့နည်းနိုင်ကြောင်း စူပါကားအငှားလုပ်ငန်းမှ
သိရသည်။

ဈေးကွက်အတွင်း မတ်လဆန်းပိုင်းတွင်းက လိုက်ထရပ်ယာဉ် တစ်စီးလျင် ကျပ် တစ်သိန်း
သုံးသောင်းဝန်းကျင်ခန့်၊ ဂျစ်ကား တစ်စီးလျင် ကျပ် တစ်သိန်းနှစ်သောင်း ၀န်းကျင်ခန့်ဈေးနှုန်း
ရှိခဲသော်လည်း သင်္ကြန်ရက်နီးလာသည့် မတ်လကုန်ပိုင်းတွင် ကျပ်လေးသောင်းဝန်ကျင်ခန့်
ဈေး နှုန်းမြင့်တက်လာပြီဖြစ်ကြောင်း၊ ထိုသို့ ဈေးနှုန်း မြင့်တက်မှုရှိသော်လည်း ဈေးကွက်အတွင်း
ငှားရမ်းသူများကြောင်း ကားအငှားလုပ်ငန်းများကဆိုသည်။

Myanmar Times