ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် လူပေါင်းတစ်ထောင်ကျော် ဆန္ဒပြ

ပို့စ်တင်ချိန် - 3/27/2014 03:41:00 PM


ရန်ကုန်၊ မတ် ၂၆

ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော ဒေသများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်ထဲ ထည့်သွင်းရန် ဘင်္ဂလားဒေ့ရှ် အခြေစိုက် Dhaka Tribune သတင်းဌာနက ရေးသား ဖော်ပြချက်ကို ကန့်ကွက်သည့် အနေနှင့် လူပေါင်း တစ်ထောင်ကျော်က မြန်မာနိုင်ငံရှိ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် မတ်လ ၂၆ ရက်နေ့က ဆန္ဒပြခဲ့ကြကြောင်း အဆိုပါ ဆန္ဒပြသူများထံမှ သိရှိရသည်။

ယင်းဆန္ဒပြပွဲတွင် ရခိုင်တိုင်းရင်းသားများ အပါအဝင် အမျိုးသားရေး တက်ကြွလှုပ်ရှားသူများ စုပေါင်း ပါဝင်ခဲ့ကြောင်း၊ Dhaka Tribune သတင်းဌာန၏ ရေးသားဖော်ပြချက်ကို ကန့်ကွက်ခြင်းနှင့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်း ကောက်ခံခြင်း မပြုရန်တို့အတွက် ဆန္ဒပြခြင်း ဖြစ်ကြောင်း ရခိုင်လူငယ်များ အဖွဲ့မှ သိရှိရသည်။

ရခိုင်ပြည်နယ် အပါအဝင် ပြည်ထောင်စုကို ကျူးကျော်ရန်ပြုမှု မှန်သမျှကို ရဟန်းရှင်လူ ပြည်သူလူထုက ကာကွယ်သွားမည် ဖြစ်ကြာင်း အမျိုးသားရေး တက်ကြွလှုပ်ရှားသူများ၏ ကြေညာချက်တွင် ဖော်ပြသည်။

ဆန္ဒပြသူများသည် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ရန်၊ သန်းခေါင်စာရင်းသည် ရိုဟင်ဂျာ ဝင်ပေါက်မဟုတ်၊ ဘင်္ဂါလီတွေကို ဘင်္ဂလားဒေ့ရှ်သို့ ခေါ်သွားဖို့ မမေ့နဲ့၊ ရိုဟင်ဂျာ အလိုမရှိ စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။

Dhaka Tribune သတင်းဌာနက မတ်လ ၂၀ ရက်နေ့က ဖော်ပြခဲ့သည့် “ရခိုင်ပြည်နယ်တွင် လူထုဆန္ဒ ခံယူမှု လုပ်ရန်လိုပြီလား” အမည်အရ ဆောင်းပါးသည် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိခိုက်စေခြင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထိခိုက်စေခြင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး မတည်ငြိမ်မှု ဖြစ်အောင် သွေးထိုး လှုံ့ဆော်ရာ ရောက်စေသဖြင့် မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် အစိုးရကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း သတိပေးထားသည်။

“ရခိုင်ပြည်နယ်တွင် လူထုဆန္ဒ ခံယူမှု လုပ်ရန်လိုပြီလား” အမည်ရ အဆိုပါ ဆောင်းပါးကို Zeeshan Khan ဆိုသူက ရေးသားခဲ့ပြီး Dahaka Tribune က မတ်လ ၂၀ ရက်နေ့တွင် ဖော်ပြခဲ့သည်။

The Voice Weekly