နိုင်ငံခြားသူ တစ်ဦးက ၄င်းရုံးရှေ့တွင် စိုက်ထားသည့် သာသနာ့အလံအား မဖွယ်မရာပြုလုပ်သောကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွား

ပို့စ်တင်ချိန် - 3/27/2014 11:42:00 AM



MALTESER အမည်ရှိနိုင်ငံခြားအိုင်အမ်ဂျီအို အဖွဲ့အစည်းတစ်ခုမှ နိုင်ငံခြားသူ တစ်ဦးက ၄င်းရုံးရှေ့တွင် စိုက်ထားသည့် သာသနာ့အလံအား ဖြုတ်ယူသောကြောင့်စစ်တွေ မတ်လ ၂၆ ရက်နေ့ ညနေ ၉နာရီဝန်းကျင်က ရုန်းရင်းဆန်ခတ်တစ်ခုဖြစ်ပွားသည်။

အဆိုပါ မာလ်တေဇာရုံးမှ တာဝန်ခံအမျိုးသမီးက အလံလွှင့်ထူကို ဖြုတ်ယူရာသောကြောင့် ဒေသခံပြည်သူများက မကျေမနပ်ဖြစ်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားဖြစ်သည်ဟု စစ်တွေမြို့ခံ ရပ်မိရပ်ဖတစ်ဦးဖြစ်သူဦးသန်းထွန်းကပြောသည်။

'' တာဝန်ခံအမျိုးသမီးကလာပြီးတော့ အလံကိုဖြုတ်တယ်၊ပြီးတော့ ဘောင်းဘီအိပ်ထဲထည့်ယူသွားတယ် အဲဒီဖြစ်ရပ်ကိုလူတွေမြင်လိုက်တယ်၊ အဲဒီအချိန်မှာလူတွေနည်းနည်းဆူလာတာပေါ့ အဲဒီ တာဝန်ခံလဲ မသွားသေးဘဲ နေတော့ လူတွေကလိုက်တာပေါ့ အဲဒါနဲ့သူကစက်ဘီးနဲ့ ပြေးတယ်၊

သူတို့နေတဲ့ကျောင်းတက်လမ်းရပ်ကွက်ထဲက နေအိမ်သို့ရောက်သွားတယ်၊ သူ့ကိုပြင်ထုတ်ခိုင်းပေမယ့် မရတော့ အဲမှာလူတွေက အိမ်ကိုခဲနဲ့ပေါက်တာပေါ့''ဟု ဦးသန်းထွန်းကရှင်းပြသည်။

စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးအားဆက်သွယ်ခဲ့ရာ အသေးစိတ်ဖြစ်စဉ်ကို မပြောအားသေးကြောင်း ပြောဆိုခဲ့သည်။

လူအုပ်စုများလာသည့် အတွက်ညနေ ၁ဝနာရီကျော်တွင် ရဲတပ်ဖွဲ့မှ လုံခြုံရေးချထားကာလူအုပ်စုအား ခွဲလိုက်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်စစ်တွေမြို့တွင် သန်းခေါင်စာရင်း တွင် ရိုဟင်ဂျာ ထည့်သွင်းသည့်ကိစအား သဘောမတူသောကြောင့် ဒေသခံပြည်သူများက သပိတ်မှောက်သည့် အနေဖြင့် နေအိမ်များတွင် သာသနာ့အလံကို လွှင့်ထူထားခြင်းဖြစ်ကြောင်း သိရှိရသည်။

မြစ်မခ