ပြည်သူလူထု လိုလားသည့် စနစ်နောက်တွင် တပ်မတော်က ရပ်တည်ပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ပို့စ်တင်ချိန် - 3/27/2014 11:43:00 AM


နေပြည်တော်၊ မတ် ၂၆

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ လုပ်ဆောင်လျက် ရှိသည့် မြန်မာနိုင်ငံတွင် တပ်မတော်က ပြည်သူလူထု လိုလားသည့် စနစ်၏ နောက်တွင်သာ မားမားမတ်မတ် ရပ်တည်ပေးသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားသည်။

NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော် သက်တမ်း သုံးနှစ်ပြည့် နိုင်ငံတော်သမ္မတ မိန့်ခွန်းတွင် နိုင်ငံရေး စားပွဲဝိုင်းများနှင့် ငြိမ်းချမ်းရေး ကိစ္စများ၌ တပ်မတော်၏ အခန်းကဏ္ဍ ဆက်လက် တည်ရှိနေဦးမည် ဟူသော ပြောဆိုချက်ကို ယင်းကဲ့သို့ ပြန်လည် တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

“ငြိမ်းချမ်းရေး ရဖို့ဆိုရင် ရေရှည်မှာ နိုင်ငံရေးနဲ့ပဲ လုပ်ရမယ်၊ တည်ဆောက်ရမယ်။ တပ်မတော်ဆိုတာ ပြည်သူလူထုကို လိုလားတဲ့ နိုင်ငံရေးစနစ် နောက်ကနေ မားမားမတ်မတ် ရပ်တည်ရမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မတ်လ ၂၆ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လွှတ်တော်သက်တမ်း သုံးနှစ်ပြည့် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အချို့တွင် တပ်မတော်က ဆက်လက် ပါဝင်နေဦးမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းကမူ ယင်းသို့ နိုင်ငံတော်သမ္မတ၏ ပြောဆိုချက်ကို တစ်စုံတစ်ရာ မှတ်ချက်မပေးလိုကြောင်း ပြောကြားသည်။

“နိုင်ငံအကြီးအကဲ ပြောထားတဲ့ စကားဖြစ်တာကြောင့် မိမိအနေနဲ့ မသုံးသပ်လိုပါဘူး” ဟုသာ ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော် အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရာ၌ NLD ပါတီနှင့် အရပ်ဖက် အဖွဲ့အစည်းအချို့က ပြင်ဆင်ပေးရန် တောင်းဆို ထားသော အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အခန်း ၁၂ ပါ ပြဌာန်းချက် များကို လိုက်နာရန် တိုက်တွန်းကြောင်း လွှတ်တော် ကိုယ်စားလှယ် များကို ပြောကြားခဲ့သည်။

မတ်လ ၂၆ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အပြီးတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က မီဒီယာများနှင့် တွေ့ဆုံကာ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့ကြသည်။

The Voice Weekly