မိုးရွာသွန်းမှုကြောင့် လမ်းချော်ကာ ယာဉ်မတော်တဆမှုဖြစ်ပွားခြင်းဖြစ်နိုင်ဟု ယူဆကြောင်း ဆို


ရာဇာမင်း ယာဉ်မတော်တဆမှု ဖြစ်စဉ်တွင် ယာဉ်မောင်းဖြစ်သူသည် အရက်သေစာ သောက်စားထားခြင်း မရှိပဲ ယင်းဖြစ်စဉ်မှာ မိုးရွာသွန်း၍ လမ်းချော်ခြင်းကြောင့် ဖြစ်ပွားသည်ဟု ယူဆနိုင်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေဝင်းက ပြောသည်။

နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသော ရာဇာမင်း ခရီးသည်တင်ကားသည် မေလ ၁၂ရက် ည၇နာရီခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၉၇/၆အနီးရှိ တံတားအောက်သို့ ကျရာက် တိမ်းမှောက်ခဲ့ရာ ၁၄ဦး သေဆုံးပြီး ၂၉ဦး ဒဏ်ရာ ရရှိခဲ့သည်။

ယင်း မတော်တဆမှု ဖြစ်ပွားချိန်တွင် မိုး သည်းထန်စွာ ရွာသွန်းနေသဖြင့် လမ်းချော်ကာ ယာဉ်တိမ်းမှောက်ခြင်း ဖြစ်နိုင်ကြောင်း ရဲမှူးကြီးနေဝင်းက မေလ ၁၃ရက်နေ့က သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောသည်။

'' အခင်းဖြစ်တဲ့အချိန်မှာ မိုးက သဲသဲမဲမဲ ရွာနေတယ်။ ကီလိုမီတာ ၈ဝလောက် မောင်းနေတဲ့ ကားက ၄ဝလောက်ပဲ မောင်းလို့ ရတဲ့ အနေအထား ဖြစ်နေတယ်။ အခင်းဖြစ်တဲ့ နေရာမရောက်ခင် တစ်ဖာလုံလောက်ကတည်းက လမ်းရဲ့ ညာဘက်ခြမ်းကို ဘီးနှစ်ဖက်လုံး ရောက်သွားပါတယ်။ ၁၉၇/၆မှာ ကွန်ကရစ်တုံးကို ဝင်တိုက်ပါတယ်။

ပြီးတော့ တံတားမှာ ရှိတဲ့ လက်တန်းရော ၊ အောက်ထဲမကျအောင် ကာထားတဲ့ အကာအရံတွေကိုရော ဆက်တိုက်ပြီးတော့ အောက်ထဲမှာ ၄၅ဒီဂရီ စောင်းပြီးတော့ လဲတယ်။လမ်းအနေအထားက ၁၉၇/၆နဲ့ ၁၉၇/၇ကြားမှာ နည်းနည်းလေး ကွေ့သွားတယ်။ တစ်ဖာလုံလောက်ပေါ့။

သို့သော်လဲ သိပ်အကွေ့ကြီးတော့လဲ မဟုတ်ဘူး။ အဓိကက မိုးရွာသွန်းမှုကြောင့် လမ်းချော်တာလို့ပဲ ယူဆရပါတယ်'' ဟု ရဲမှူးကြီး နေဝင်းက ပြောသည်။
အချို့သော ယာဉ်မတော်တဆမှုများမှာ အရက်သေစာ သောက်စားပြီး ယာဉ်မောင်နှင်ခြင်းကြောင့် ဖြစ်ပွားခြင်း ဖြစ်သော်လည်း ယခု ဖြစ်စဉ်တွင် ယာဉ်မောင်းဖြစ်သူသည် အရက်သေစာ သောက်စားထားခြင်း မရှိကြောင်း ရဲမှူးကြီး နေဝင်းက ပြောသည်။

''ယာဉ်မောင်းက လုံးဝ အရက်သောက်မထားပါဘူး။ ညက ချက်ချင်းပဲ သူ့ကို သွေးစစ်တယ်။ ဆေးရုံအုပ်ကြီးဆီကနေ ချက်ချင်း ဖုန်းဆက်လာပါတယ်။ အရက် သောက်ထားခြင်း လုံးဝမရှိဘူး။'' ဟု ၄င်းက ပြောသည်။
''ကျွန်တော်တို့ ယာဉ်လိုင်းက ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေဟာ အရက်သေစာ သောက်သုံးလို့ မရပါဘူး'' ဟု နေပြည်တော်ရှိ ရာဇာမင်းဂိတ်တာဝန်ခံ ကိုအေးမင်းထွန်းက ပြောသည်။

ယင်းဖြစ်စဉ်ကြောင့် ၂၉ယောက် ဒဏ်ရာရရှိခဲ့သည့်အနက် ၂၆ယောက်မှာ နေပြည်တော် ကုတင်(၁ဝဝဝ) ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျှက် ရှိပြီး ၃ယောက်မှာ လယ်ဝေးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကုသလျှက် ရှိသည်။နေပြည်တော် ကုတင်(၁ဝဝဝ) ဆေးရုံကြီးတွင် ကုသမှု ခံယူလျှက် ရှိသူ များအနက် ၃ဦးမှာ စိုးရိမ်ရသည့် အနေအထားရှိပြီး ကျန် လူများမှာ စိတ်ချရသည့် အနေအထားရှိကြောင်း သိရသည်။

အဓိက တာဝန်ရှိသည့် ယာဉ်မောင်းဖြစ်သူမှာလည်း ဦးခေါင်းဒဏ်ရာ အနည်းငယ်နှင့် လက်ဖဝါးဒဏ်ရာ အနည်းငယ်တို့သာ ရရှိထားပြီး မစိုးရိမ်ရကြောင်း ရဲမှူးကြီး နေဝင်းက ပြောသည်။
''ယာဉ်မောင်းမှာ တာဝန်ရှိပါတယ်။ သူ့ကို သီးသန့်အခန်းတစ်ခန်းနဲ့ ထားတယ်။

ထိထိရောက်ရောက် အရေးယူပါမယ်။ အခု အမှုဖွင့်ထားတယ်။ သူ့ကို လောလောဆယ် သံခြေကျင်း ခတ်ပြီး အချုပ်နဲ့ ထားပါတယ်။ ဖြစ်ပြီးပြီးချင်းပဲ သူ့ကို ပုဒ်မ ၃ဝ၄(က)နဲ့ အမှုဖွင့်ထားပါတယ်'' ဟု ရဲမှူးကြီး နေဝင်းက ပြောသည်။
ယင်း ဖြစ်စဉ်အတွက် မထသမှ တာဝန်ရှိသူများ၊ ရာဇာမင်း ယာဉ်လိုင်း တာဝန်ခံ၊ နေပြည်တော်ဂိတ်တာဝန်ခံ၊ အကူယာဉ်မောင်းတို့အား ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

ရာဇာမင်း ယာဉ်လိုင်း ပိုင်ရှင်ဖြစ်သူ ဦးညီညီထွေးမှာ ပြည်ပခရီးသွားနေသဖြင့် လာရောက်နိုင်ခဲ့ခြင်း မရှိကြောင်း ယာဉ်လိုင်း တာဝန်ခံ ဦးအောင်မျိုးဆင့်က ပြောသည်။

ရာဇာမင်း ယာဉ်လိုင်းသည် ၂ဝ၁၄ခုနှစ်အတွင်းတွင် ယာဉ်မတော်တဆမှု ၃မှု ဖြစ်ပွားခဲ့ပြီး ဖြစ်ကာ ၂ဝ၁၃ခုနှစ်အတွင်းကလည်း ယာဉ်အား ဓါးပြတိုက်ကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အား သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။
သတင်း၊ ဓာတ်ပုံ - စုမွန်(UFL)

The Trade Times

ရာဇာမင်း ယဉ်တိမ်းမှောက်မှု လက်ရှိ အခြေအနေ ဓာတ်ပုံများ

ရာဇာမင်း ကားမှောက်မှု ဓာတ်ပုံများ (ပုံကိုနှိပ်ပြီး အကြီးကြည့်နိုင်ပါသည်)


ထိုင်းတောင်ပိုင်းပဋိပက္ခ ၁ ဦးသေဆုံး၊ ၁၀ ဦး ဒဏ်ရာရ


ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မွတ်စလင် ဆူပူသောင်းကျန်းသူတွေလို့ ယူဆရတဲ့အဖွဲ့က မေ ၁၁ ရက်နေ့ တရက်တည်း တိုက်ခိုက်မှု အကြိမ် ၃၀ ပြုလုပ်ခဲ့ကြပါတယ်။

သေနတ်နဲ့ပစ်ခတ်မှု၊ ဗုံးခွဲမှု၊ မီးရှို့မှုတွေ ပြုလုပ်ခဲ့ကြတာမှာ လူတဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရသွားပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ အများစုနေထိုင်တဲ့ ထိုင်းနိုင်ငံမှာ တောင်ပိုင်းစွန်း မလေးရှားနဲ့ နယ်စပ်က ပတ္တနီ၊ ယာလာ၊ နာရာသီဝတ် ခရိုင်တွေမှာ မွတ်စလင် ဆူပူသောင်းကျန်းသူတွေက ဗဟိုအစိုးရကို ဆန့်ကျင်နေတာ ဆယ်စုနှစ်တွေ ကြာနေပါပြီ၊ ၂၀၀၄ ခုနှစ်မှာ ဆန့်ကျင်မှုတွေ ပြင်းထန်ခဲ့ပါတယ်။

ဝန်ကြီးချုပ်ရဲ့ အကြံပေး ပရာဒွန်း ပါတနာတသာဘာက ဈေးဝယ်ကုန်တိုက်တခုနဲ့ လျှပ်စစ်တာဝါတိုင်တခုလည်း မီးရှို့ခံရတယ်လို့ ပြောဆိုပြီး အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ ပြောဆိုပါတယ်။

နာရာသီဝတ်ခရိုင် ရဲတပ်ဖွဲ့ကလည်း ဗုံးခွဲမှုတွေ နေရာ ၁၀ ခုမှာ ဖြစ်ခဲ့ပြီး ဗုံးကွဲမှုတခုအတွင်း မွတ်စလင် အမျိုးသမီးတဦး သေဆုံးသွားတယ်လို့ အတည်ပြုပြောဆိုပါတယ်။

၂၀၀၄ ခုနှစ် ဇန်န၀ါရီလက စလို့ လူပေါင်း ၅၇၀၀ ကျော် သေဆုံးခဲ့ပြီး ဒီနှစ်အတွင်း သေဆုံးသူ ၄၀ ရှိသွားပြီလို့ သိရပါတယ်။

သူပုန်အဖွဲ့တွေ မျိုးစုံ ရှိပေမယ့် သူတို့ရဲ့ အဓိက တောင်းဆိုချက်ကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာကို တိုးပေးဖို့ ဗဟိုအစိုးရကို တောင်းဆိုနေတာဖြစ်ပါတယ်။

မနှစ်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်ခဲ့ပေမယ့် အကြမ်းဖက်မှုတွေကို အဆုံးမသတ်နိုင်သေးပါဘူး။
ဘန်ကောက်မှာ ဖြစ်နေတဲ့ နိုင်ငံရေး ပြဿဿနာ ကြားထဲမှာ တောင်ပိုင်းကိစ္စ ဆွေးနွေးပွဲတွေလည်း ရှေ့မတိုးနိုင်ဘဲ ရှိနေပါတယ်။

DVB Burmese 

ကွန်ဂိုနိုင်ငံ ဘောလုံးပွဲကျင်းပစဉ် ပဋိပက္ခဖြစ်၊ အနည်းဆုံး ၁၅ ဦး သေဆုံး


ကွန်ဂိုနိုင်ငံ၊ ကင်ရှာစာမြို့မှာ မနေ့က ဘောလုံးပွဲကျင်းပစဉ်အတွင်း ရုန်းရင်းဆံခတ်မှုဖြစ်ပွားပြီး လူအုပ်ပြုံတိုးနင်းမိခဲ့တာကြောင့် လူ အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဘောလုံးပွဲကျင်းပနေစဉ်အတွင်း ရဲတွေက မျက်ရည်ယိုဗုံးတွေကို ဘောလုံးပွဲကြည့်ပရိသတ်တွေထဲ ပစ်ခဲ့တယ်လို့ ဘောလုံးပရိသတ်တဦးက ဆိုပါတယ်။

“ဘောလုံးပွဲပြီးဖို့ ၅ မိနစ်အလိုမှာ ရဲတွေက မျက်ရည်ယိုဗုံးတွေ ပစ်ထည့်ခဲ့ပါတယ်။ လူတွေက အလန့်တကြားဖြစ်ပြီး ထွက်ပြေးချိန် ဂိတ်ပေါက်နှစ်ပေါက်ပဲ ဖွင့်ထားတာကြောင့် အခုလိုလူတွေ တဦးနဲ့တဦး နင်းမိပြီး သေဆုံးကြတာဖြစ်တယ်။”

ဒေသခံအာဏာပိုင်တွေကတော့ ပွဲကြည့်ပရိသတ်တွေက ရဲတွေကို ရန်ရှာခဲ့ကြလို့ အခုလို မျက်ရည်ယိုဗုန်းတွေကို ပစ်ခဲ့ရတယ်လို့ ပြောဆိုပါတယ်။

ဒဏ်ရာရခဲ့သူတဦးကတော့ မျက်ရည်ယိုဗုံးကြောင့် လူတွေ ၀ရုန်းသုန်းကားတွေဖြစ်ကုန်ပြီး မီးခိုးတွေကြောင့် ဘာမှလည်း မမြင်ရတော့ဘူးလို့ ပြောဆိုပါတယ်။

အမည်မဖော်လိုသူ ရဲအာဏာပိုင်တဦးကတော့ သေဆုံးသူ ၁၈ ဦးအထိရှိတယ်လို့ ဆိုပါတယ်။

ကွန်ဂိုနိုင်ငံရဲ့ လူစည်ကားတဲ့နေရာတွေမှာ အခုလို ၀ရုန်းသုန်းကားလူနင်းမှုတွေ မကြာခဏဖြစ်ပွားတတ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လကလည်း တေးဂီတပွဲတခုမှာ အခုလို ရုန်းရင်းဆန်ခတ် လူနင်းမှုဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။

DVB Burmese 

မျိုးစောင့်ဥပဒေကို ကန့်ကွက်မှု ထိရောက်မည်မဟုတ်ဟု ဦးဝီရသူမိန့်


မင်းမင်း| အင်္ဂါနေ့၊ မေလ ၁၃ ရက် ၂၀၁၄ ခုနှစ်
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က ပြဋ္ဌာန်းစေလိုသော မျိုးစောင့်ဥပဒေများအပေါ် ကန့်ကွက်သူတို့၏ လုပ်ဆောင်ချက် ထိရောက်မည်မဟုတ်ဟု မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူက မဇ္ဈိမကို မိန့်ကြားလိုက်သည်။

မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းလိုက်ပါက ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှုကို ပျက်ပြားနိုင် သည်ဟု အရပ်ဘက် အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က ယခုလ ၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြီး ကန့်ကွက်လိုက်မှုအပေါ် ဦးဝီရသူက တုံ့ပြန် ရည်ညွှန်းလိုက်ခြင်း ဖြစ်သည်။

“မျိုးစောင့်ဥပဒေကို နှစ်ယောက်တစ်ပိုင်း ဖွဲ့ထားတဲ့ အဖွဲ့သေးသေးလေးတွေက ၀ိုင်းဝန်းပြီး ကန့်ကွက်တာ ကို ပြည်သူလူထုက အားမလျှော့နဲ့။ အဲဒီအဖွဲ့အစည်းတွေ အားလုံးပေါင်းလိုက်တော့မှ ဦးဇင်းရဲ့ တရားပွဲ တစ်ပွဲစာလောက်တောင် လူဦးရေ မရှိပါဘူး။ အဲ့ဒါကြောင့် ခွေးလေးခုန်လို့ ဖုန်မထပါဘူး” ဟု ဆရာတော် က မိန့်သည်။

သံဃာပေါင်း ၂၅၀၀ ကျော် တက်ရောက်သည့် မေလ ၁၂ ရက် ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်း အဝေးအပြီး မဇ္ဈိမ၏ မေးမြန်းမှုကို အထက်ပါအတိုင်း မိန့်ခဲ့ခြင်းဖြစ်သည်။

မျိုးစောင့်ဥပဒေကို ကန့်ကွက်ကြသည့် အရပ်ဘက်အဖွဲ့အစည်းများ၏ ကြေညာချက်၌ တိုင်းရင်းသားလူမျိုး စုအကြားတွင် ဘာသာရေးမတူညီမှုများ ရှိနေသည့်အတွက် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် လက် ရှိငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်အား အဟန့်အတား ဖြစ်စေနိုင်သည်ဟု ဖော်ပြထားသည်။
သို့သော် ဦးဝီရသူကမူ “ဒီဥပဒေ ပေါ်ပေါက်လာရင် တိုင်းရင်းသူတွေအားလုံးဟာ ဘာသာခြားတွေရဲ့ နှိပ် စက်မှုကို မခံရတော့ဘူး။

အဲ့တော့ လက်ရှိ အမျိုးသမီး အခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ တိုင်းရင်းသားမဟုတ်တဲ့ ဘာသာခြားနဲ့ညားတဲ့ တိုင်းရင်းသူတွေလည်း ဒီအခွင့်အရေးတွေ ပြန်ရလာနိုင် တယ်။ သာသာခြားနဲ့ မညားသေးတဲ့ ညားနိုင်တဲ့ တိုင်းရင်းသူတွေလည်း ညားသွားရင် ဒီလိုဒုက္ခမျိုး မခံရ တော့ဘူး” ဟု ဆိုသည်။

၂၀၁၃ ခုနှစ်၊ ဇွန် ၁၂ ရက် မှော်ဘီ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ကျင်းပခဲ့သည့် ဗုဒ္ဓသာသနာတော် ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မျိုးစောင့် ဥပဒေ မူကြမ်းကို စတင်ဖြန့်ဝေခဲ့ကြခြင်း ဖြစ်သည်။

ထိုဥပဒေကြမ်းအရ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဖြစ် ရမည်ဖြစ်ပြီး၊ ဘာသာခြားဖြစ်သူက ဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည်ဆိုလျှင် ဗုဒ္ဓဘာသာသို့ ၀င် ရောက်ရမည်ဖြစ်ပြီး အသိအမှတ်ပြု လက်မှတ်ရရှိရန် လိုအပ်သည်။ ပြစ်ဒဏ်အနေဖြင့် ယင်းကိုမလိုက်နာ ပါက ထောင်ဒဏ် ၁၀နှစ် ကျခံရမည်ဟု ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲထားသည်။

ယင်းနောက် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ)သည် မျိုးစောင့်ဥပဒေဟု လူသိများ သော လူမှုရေး၊ ဘာသာရေး၊ လူဦးရေဆိုင်ရာ ဥပဒေ လေးခု ပြဋ္ဌာန်းပေးရေး သမ္မတထံ တောင်းဆိုထားသည်။

Mizzima - News in Burmese

သမ္မတကလည်း အဆိုပါဥပဒေတို့ကို ရေးဆွဲရန် ကော်မရှင်တစ်ရပ် ဖွဲ့စည်းလိုက်ပြီး ဇွန်လကုန် အပြီး ဆောင်ရွက်ရန် ညွှန်ကြားထားသည်။

ရပ်ထားသော ဘတ်စ်ကားကို ၀င်တိုက် ယာဉ်နောက်လိုက် ကားကြိတ်သေဆုံး


ဖြိုးဝေလင်း

ရပ်ထားသည့် အခြားခရီးသည်တင်ယာဉ်တစ်စီးအား နောက်မှဝင်တိုက်မိခဲ့ပြီး ယာဉ်နောက်လိုက်တစ်ဦး ကို ကြိတ်မိခဲ့သော ဖြစ်စဉ်တစ်ခု မေလ ၁၁ ရက်၊ နံနက် ၆ နာရီခွဲအချိန်က မြောက်ဥက္ကာလာပမြို့နယ် အမှတ်(၄၃) ယာဉ်လိုင်းဂိတ်တွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထား သည်။

ရပ်ထားသည့်ကားမှာ အမှတ်(၄၃) ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်တစ်စီးသည် ဘရိတ်ပေါက်ကာ ဂိတ်တွင်ရပ်နားထားခြင်းဖြစ်ပြီး သေဆုံးသူ ယာဉ်နောက်လိုက်မှာ ကားနောက်တွင် ရေဖြည့်နေခဲ့စဉ် ၀င် တိုက်မိခြင်း ဖြစ်သည်။
“တိုက်တဲ့ကားရော၊ အတိုက်ခံရတဲ့ကားရောက (၄၃)လိုင်းကကားတွေပဲ။ တိုက်တဲ့ကားက ဘရိတ်ပေါက် ပြီးတော့ လမ်းဘေးမှာရပ်ထားတဲ့ကားကို တိုက်တာ။ လိုက်ထရပ်တစ်စီးကိုလည်း တိုက်လိုက်သေး တယ်။

တိုက်ပြီးခေါင်းကိုကြိတ်လိုက်တော့ ပွဲချင်းပြီးပဲ”ဟု ယင်းဂိတ်အနီးတွင် ကွမ်းယာရောင်းချနေသည့် မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။
ဖြစ်ပွားပုံမှာ မြောက်ဥက္ကလာပမြို့နယ်၊ ပုဂံလမ်းအတိုင်း ခြောက်ကွေ့ဘက်မှ ရွှေပေါက္ကံဘက်သို့ ယာဉ် မောင်းဦးစိန်အောင် (၅၈)နှစ် မောင်းနှင်လာသည့် နံသာရောင်ဟီးနိုးဘတ်စ် ခရီးသည်တင်ယာဉ်သည် အမှတ်(၄၃) ကားဂိတ်အနီးသို့အရောက်တွင် မျက်နှာချင်းဆိုင်မှမောင်းနှင်လာသော လိုက်ထရပ်ကိုယ်ပိုင် ယာဉ်အား တိုက်မိပြီး လမ်းဘေးတွင်ရပ်ထားသော ခရီးသည်တင်ယာဉ်အား ထပ်မံတိုက်မိခဲ့ခြင်းဖြစ် သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းသို့ တိုက်မိခဲ့ခြင်းကြောင့် ရပ်ထားသည့် ခရီးသည်တင်ယာဉ်၏ နောက်တွင် ရေတိုင်ကီရေဖြည့်နေ သူ ယာဉ်နောက်လိုက် ကိုထွန်းအောင်ကျော်(၂၃)နှစ်ကို ကြိတ်မိခဲ့သဖြင့် ဦးခေါင်းပွင့်၊ ဦးနှောက်ထွက်၊ ၀ဲ/ ယာခြေထောက်ပွန်း၊ ယာလက်ဖျံပွန်း ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ လူသေဆုံးသည်အထိ မောင်းနှင်ခဲ့သော ယာဉ်မောင်း ဦးစိန်အောင်အား အရေးယူပေးပါရန် ရဲအုပ်လှိုင်ဝင်းအောင်က တရားလိုပြု တိုင်တန်းချက်ကို မြောက်ဥက္ကလာပမြို့မရဲစခန်း မှ (ပ)၆/၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/ ၃၃၇/၃၀၄-က ဖြင့် အမှုဖွင့်ထားပြီး တရားခံအား ဖမ်းဆီးစစ်ဆေးလျက်ရှိ သည်။

Mizzima - News in Burmese

မိုး/ဇလ ပညာရှင် ဦးထွန်းလွင်အား ပုံတူပန်းချီ၊ပန်းပု ရေးဆွဲ၍ ဂုဏ်ပြု





ရန်ကုန်၊ မေ ၁၃။

မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာဦးထွန်းလွင်အား ဂုဏ်ပြုသောအနေဖြင့် ပန်းချီ၊ ပန်းပု အနုပညာရှင်များဖြစ်သော ဦးကျော်ကျော်မင်း
(ပန်းပု)၊ ဦးရွှေမြင့်၊ ဦးသာစန်း၊ ဦးမင်းမောင်မောင်ရွှေနှင့် ဦးစိုးပိုင်တို့က ပုံတူ ပန်းချီ၊ ပန်းပု ရေးဆွဲထုဆစ်မှုကို ယနေ့နံနက် (၁၀း၀၀)နာရီမှ ညနေ (၄း၀၀)နာရီအထိ လောကနတ်ပန်းချီပြခန်းတွင် ပြုလုပ်လျက်ရှိသည်။

“ခုလို ပုံတူရေးဆွဲထုဆစ်ပြီး ဂုဏ်ပြုတာ ဆရာဦးထွန်းလွင်က (၄၁)ယောက်မြောက်ပါ။ မိုးလေဝသပညာရှင်တွေထဲမှာတော့ ပထမဆုံးပါပဲ။
ဆရာဦးထွန်းလွင်က သူတတ်ကျွမ်းတဲ့ မိုးလေဝသပညာရပ်တွေနဲ့ နိုင်ငံအပေါ်မှာကောင်းကောင်းအကျိုးပြုနေသူပါ။ ဒါကြောင့် ဆရာ့ကိုလေးစား
သောအားဖြင့် ခုလိုဂုဏ်ပြုဖို့ စီစဉ်ဖြစ်သွားတာပါ” ဟု ပန်းပုပညာရှင် ဦးကျော်ကျော်မင်းက ပြောသည်။



ယခင်က ပုံတူပန်းချီ၊ပန်းပု ရေးဆွဲထုဆစ်၍ ဂုဏ်ပြုခံရသူများတွင် ဆရာဗိုလ်ကလေးတင်အောင်၊ ဆရာမ သန်းမြင့်အောင်၊ ဟံသာဝတီ ဦးဝင်းတင်၊
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးဟောင်း ဦးသန့်တို့လည်း ပါဝင်ကြောင်း ၎င်းကပင်ဆက်လက် ပြောခဲ့သည်။

ဓါတ်ပုံ – သီဟသစ်

The Myanma Age

မာရ၀တီ အသင်းနှင့် မြ၀တီ အသင်းတို့ပွဲတွင် ကစားသမား အချင်းချင်း ခိုက်ရန်ဖြစ်ပွား



 စမ်းချောင်းမြို့နယ်၊ ပဒုမ္မာဘောလုံးကွင်း၌ ကစားခဲ့သည့် မြန်မာနေရှင်နယ်လိဂ် - ၂ ပွဲစဉ် ၁၀ ပွဲကျန်တစ်ပွဲဖြစ်သည့် မောရ၀တီအသင်းနှင့် မြ၀တီအသင်းတို့ပွဲတွင် ကစား သမား အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ခဲ့သည်။

ပွဲပြီးခါနီးအချိန်တွင် မောရ၀တီအသင်းခေါင်းဆောင် ခွန်မျိုးမင်းနှင့် မြ၀တီအသင်း ခေါင်းဆောင် ဇော်ဇင်ထက်တို့၏ အချင်းများမှ ပြဿနာ စတင်ခဲ့ပြီး ကွင်းလယ်ဒိုင်လူကြီးနှင့် စည်းကြပ် ဒိုင်များမှ ၀င်ရောက် ဖျန်ဖြေခဲ့ရသည်။ အချင်းများမှုအပေါ် ကွင်းလယ်ဒိုင် လူကြီးမှ အ၀ါကတ်ပြ သတိပေးခဲ့ပြီး အဆိုပါအရေးယူမှုနှင့်အား မကျေနပ် ၍ မောရ၀တီ အသင်း အုပ်ချုပ်သူ ဦးကျော်စိုးမိုးက ကွင်းလယ် ဒိုင်လူကြီးအား အပြင်းအထန် စောဒက တက်ကာ ထိုးကြိတ်မည့် အပြုအမူများပြုလုပ်ခဲ့သည်။ နေရှင်နယ်လိဂ် ပထမ အကျော့ နောက်ဆုံး ပွဲစဉ် ဟံသာဝတီ အသင်းနှင့် ရခိုင်ယူနိုက်တက် အသင်းတို့ပွဲစဉ်တွင် ခိုက်ရန် ဖြစ်ပွားမှုများ ဖြစ်ခဲ့သလို Ooredoo cup ဒုတိယအဆင့် ဟံသာဝတီ အသင်းနှင့် မောရ၀တီ အသင်းတို့ ပွဲတွင်လည်း ကစားသမား ခိုက်ရန် ဖြစ်ပွားမှုများ ရှိခဲ့သည်။

ထို့ပြင် ယခု မောရ၀တီ အသင်းနှင့် မြ၀တီ အသင်းတို့ ပွဲစဉ်တွင်လည်း ကစားသမား အချင်းချင်း ထပ်မံ ခိုက်ရန် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ ပြဿနာ ဖြစ်ပွား ခဲ့သည့် ဘောလုံး ပွဲစဉ် သုံးပွဲစလုံးသည် ပဒုမ္မာ အားကစားကွင်း၌ ကျင်းပခဲ့သည့် ပွဲစဉ်များဖြစ်ပြီး ပဒုမ္မာကွင်းသည် ပရိသတ် ပွဲကြည့်စင်နှင့် ဘောလုံးကွင်း အလွန်နီးကပ်သဖြင့် ဒိုင်လူကြီးများ အနေဖြင့်လည်း ပရိသတ်များ၏ ဖိအားပေး အော်ဟစ်မှုများစွာ ခံရလေ့ရှိသည်။

Mizzima - News in Burmese


ဘိုကိုဟာရမ် တပ်ဖွဲ့ဝင်များကို လွှတ်ပေးမှ ကျောင်းသူ ၂၀၀ ကျော် ပြန်လွှတ်မည်



နိုင်ဂျီးရီးယား ဘိုကိုဟာရမ်အဖွဲ့က နောက်ဆုံး ထုတ်လိုက်တဲ့ ဗွီဒီယိုမှာ ပြန်ပေးဆွဲထားတဲ့ ကျောင်းသူ ၂၀၀ ကျော်ကို ပြန်လွှတ်ပေးစေချင်တယ်ဆိုရင် အကြမ်းဖက်စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ဘိုကိုဟာရမ်တပ်ဖွဲ့ဝင်တွေကို အရင်လွှတ်ပေးရမယ်လို့ အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ဗွီဒီယိုထဲမှာ ပြန်ပေးဆွဲခံရသူကျောင်းသူ ၁၀၀ လောက် ဘုရားရှိခိုးနေတဲ့ပုံတွေကို ရိုက်ကူးထားပါတယ်။



ဘိုကိုဟာရမ်တပ်ဖွဲ့ခါင်းဆောင် အဘူဘကာ ရှီကာအူက “လွန်ခဲ့တဲ့ ၄၊ ၅ နှစ်က ဖမ်းဆီးခံခဲ့ရတဲ့ ဘိုကိုဟာရမ်တပ်ဖွဲ့ဝင်တွေကို မလွှတ်ပေးမချင်း ကျောင်းသူတွေကိုလည်း မလွှတ်ပေးဘူး” လို့ ပြောဆိုထားပါတယ်။

အင်တာနက်ပေါ်တက်လာတဲ့ ဗွီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး နိုင်ဂျီးရီးယား အာဏာပိုင်တွေဘက်က တရားဝင် ထုတ်ဖော် ပြောဆိုမှုတော့မရှိသေးပါဘူး။

 နိုင်ဂျီးရီးယားထောင်တွေမှာ ဘိုကိုဟာရမ်တပ်ဖွဲ့ဝင်တွေ ရာနဲ့ချီ ဖမ်းဆီးခံထားရပြီး မကြာခဏ ထောင်ဖောက်ပြေးမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့မတ်လက အဘူဂျာမြို့တော် သမ္မတအိမ်တော်နားက အကျဉ်းထောင်တခုကို အကြမ်းဖက်သမားတွေက ၀င်ရောက်စီးနင်းခဲ့ကြပြီး လူ ၂၁ ဦး သေဆုံးခဲ့ပါတယ်။

ရဲတွေရဲ့ အဆိုအရ ဧပြီ ၁၄ ရက်နေ့က နိုင်ငံ အရှေ့မြောက်ပိုင်း ကင်မရွန်းနဲ့ နယ်စပ် ချီဘွခ် ရွာကနေ ကျောင်းသူ ၂၇၆ ယောက်ကို ဘိုကိုဟာရမ်အဖွဲ့က ပြန်ပေးဆွဲသွားတယ်လို့ ဆိုပါတယ်။

ကျောင်းသူတွေထဲမှာ တော်တော်များများက ခရစ်ယာန်တွေ ဖြစ်ပါတယ်။ သူတို့ထဲက ၅၀ က ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ၂၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ဒီလအစောပိုင်းမှာ ဘိုကိုဟာရမ် အဖွဲ့ခေါင်းဆောင်က မိန်းကလေးငယ်တွေကို ရောင်းစားမယ်လို့ ခြိမ်းခြောက်ခဲ့ပြီးနောက် ကုလသမဂ္ဂက အပြစ်ကျူးလွန်သူတွေဟာ စစ်ရာဇ၀တ်မှုနဲ့ အရေးယူခံရမယ်လို့ သတိပေးထားပါတယ်။

DVB Burmese

အေးအတူ ပူအမျှ တို့ဘဝလေးတွေ



 ရန်ကုန်မှာ မိုးတွေရွာသည်။ ပိတောက်ပန်းတွေလည်း ခုမှပွင့်သည်တဲ့။ မိုးရွာပေမယ့် အပူဒဏ်ကမသက်သာသေး။ ဘာပဲဖြစ်ဖြစ် မိုးကလေးတစ်ပြိုက်နှစ်ပြိုက် ရွာချလိုက်သဖြင့် ရန်ကုန်သူ၊ ရန်ကုန်သားတွေကျေနပ်သွားကြ သည်။

မိုးရွာပြီး လေအေးလေးတွေ တိုက်လာ၍ ဝမ်းသာမည်ကြံတုန်း ရှိသေးသည်။ မီးကဖျတ်ခနဲပြတ် သွားပြန်သည်။ ယခု ရန်ကုန်သူ အိမ်ရှင်မတွေက မီးပြတ်တော့ မည်ကိုကြိုတင်ခန့်မှန်းနေတတ် ကြပြီဖြစ်သည်။ ကောင်းကင်ပြင် ကြီးမဲမှောင်လာကာ မိုးကြိုးတွေ ပစ်၊ လျှပ်စီးတွေလက်လာပါက ‘‘ထမင်းအိုးမြန်မြန်တည်ကြဟေ့ ...မီးပြတ်တော့မယ်’’ဟု မိုးလေဝသအခြေအနေကို မခန့်မှန်းတတ်သော်လည်း လျှပ်စစ်ဝိသေသအခြေအနေကို ရာခိုင်နှုန်းပြည့် ခန့်မှန်းတတ်နေပြီဖြစ်သည်။ ဟုတ်လည်းဟုတ်ပါ၏။ မိုးကလေး တစ်ပေါက်၊ နှစ်ပေါက်ကျကာ လေကလေး ခပ်ပြင်းပြင်းတစ် ချက်မွှေ့လိုက်သည်နှင့် မီးကပြတ်သွားတော့သည်။ သြော်... တော်ပါပေ့ ရန်ကုန်အိမ်ရှင်မများ...။

မိုးရွာ၊ လေတိုက်၍ မီးပြတ် သွားသည်ကို လက်ခံနိုင်သော်ငြား မိုးတိတ် လေစဲပြီးနောက် အချိန် အကြာကြီးကြာသည်အထိ မီး မလာခြင်းကိုကား မည်သို့နား လည်ရမှန်းမသိတော့ပါ။ တစ်နွေ လုံးပူထားသည့်အပူက မိုးတစ် ကြိမ်နှစ်ကြိမ်ရွာရုံမျှဖြင့် အေးနိုင် ပါ့မလား။ မိုးရွာပြီးလည်း ချွေးက တစိုစို၊ မီးပြတ်ပြန်တော့ ပန်ကာလည်းဖွင့်လို့မရ၊ အဲကွန်းလည်း ဖွင့်ဖို့မလွယ်။ ရေခဲသေတ္တာထဲကရေကလည်း တဖြည်းဖြည်း ပူလာ။ ထိုသို့နှင့် တစ်ညလုံးကောင်း ကောင်းမအိပ်ရဘဲ မိုးလင်းသွား တော့မှ ကိုရွှေမီးကပြန်လာရှာ တော့သည်။

ယခုရက်ထဲ စာနယ်ဇင်းတွေ မှာ မီတာခတိုးတောင်းပြီးနောက် လျှပ်စစ်မီးတွေ ခဏခဏပျက် ကြောင်းရေးသားကြသည်။ ကာတွန်းဆရာတွေကလည်း ထိထိမိမိသရော်ကြ၏။ စာရေးသူ၏ချစ်ဇနီးကလည်း မီးပြတ်သည် နှင့် ဘယ်အချိန်မီးပြန်လာမှာ လဲ အီးပီစီကိုဖုန်းဆက်ဟူ၍ အမြဲတပ်လှန့်လေ့ရှိ၏။ ပြဿနာ စသည်မှာ ကိုယ့်မြို့နယ်က လျှပ် စစ်ဓာတ်အားပေးရေးဘုတ်အဖွဲ့ ရုံး (အများအခေါ် EPC)၏ဖုန်း နံပါတ်ကိုမသိခြင်းပင်ဖြစ်သည်။ ရန်ကုန်လမ်းညွှန်ကြီးကိုဆွဲလှန်၍ ရှာသော်လည်း မီးပြတ်နေ၍ ထို စာမျက်နှာပေါ်ရှိ စာလုံးသေးသေး လေးတွေကိုမမြင်ရ။ စာရေးသူ၏ အခက်အခဲကို မကြည့်ရက်သူ သားတော်မောင်က ‘‘ဖေဖေက လည်း လိုချင်တာမေး 1876 ရှိ တယ်လေ’’ဟုဆိုကာမှ သြော်... ဟုတ်သားပဲဟု သတိရကာ တစ်ခါမျှဖုန်းမဆက်သွယ်ဖူးသော 1876 ကြီးဆီသို့ အားကိုးတကြီးဆက် သွယ်မိတော့သည်။

‘‘မင်္ဂလာပါရှင် ဝမ်းအိတ်ဆဲ ဗင်းဆစ်မှ ကြိုဆိုပါတယ်ရှင်။ မြန်မာဘာသာဖြင့်ဖြေဆိုလိုပါက နံပါတ် (၁)ကိုနှိပ်ပါ။ call center သို့အကြံပြုလိုပါက နံပါတ်(၁) ကိုနှိပ်ပါ။ ယခုခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် (၃၀)ကျပ် ကျသင့် ပါသည်ရှင်’’စသည်ဖြင့် နိဒါန်း တွေချီနေပြီး ကိုယ်မေးချင်သော အကြောင်းအရာကိစ္စရောက်ခါမှ Call Center မှမအားသေးပါရှင်၊ နောက်တစ်ကြိမ်ဆက်သွယ် ကြည့်ပါရှင်ဆိုပြီး ဖုန်းကျသွား တော့သည်။ ဤသို့ဖြင့် သူတို့ပြော သည့်အတိုင်း နောက်တစ်ကြိမ်၊ နောက်တစ်ကြိမ်ဖြင့် အကြိမ် ပေါင်း(၂၀)ခန့်ကြာပြီး ငွေတစ် ထောင်ဖိုးလောက်ခေါ်တော့မှ Call Center 1879 မှဖုန်းနံပါတ် ရခဲ့ရ၏။ လျှပ်စစ်ရုံးဖုန်းနံပါတ် လိုချင်၍သာ တော်တော့သည်။ ရဲစခန်းဖုန်းနံပါတ်၊ လူနာတင် ကားဖုန်းနံပါတ်တို့ကို အရေး တကြီးလှမ်းမေး၍ ထိုမျှကြာနေ လျှင် ခက်ရချည့်ဟုတွေးမိသည်။

ထိုသို့နှင့် လျှပ်စစ်ရုံးဖုန်း နံပါတ်ရ၍ အားတက်သွားကာ အလျင်အမြန်လှမ်းဆက်ကြည့် တော့ ဖုန်းကမအားသေးပြန်။ အားပြန်တော့လည်း နောက်ထပ် ဖုန်းနံပါတ်တစ်ခုပေးကာ ဓာတ် အားခွဲရုံသို့ဆက်ပါဟူ၍ ဆက်ရ ပြန်၏။

  ဤသို့ တစ်ဌာနတည်းမှ နေရာပေါင်းများစွာသို့ ဖုန်းဆက် သွယ်ပြီးကာမှ လေတိုက်၍ သစ် ပင်လဲကာ ဓာတ်ကြိုးပေါ်ကျ၍ မီးပြတ်ခြင်းဖြစ်ကြောင်း သတင်း ရတော့သည်။ ဘယ်နှနာရီ မီးပြန် လာမှာလဲဆိုတော့ သစ်ပင်ရှင်းပြီး လျှင် ပြန်လာမှာပါဟု ဖြေရှာလေ သည်။

 မနက်ဖြန်မိုးရွာမည်၊ ရွာ ရန်ရာနှုန်း ၅၀ ဖြစ်သည်ဟူသော ခန့်မှန်းချက်မျိုးကဲ့သို့ ‘မိုးရွာလျှင် ရွာမည်၊ မရွာလျှင်မရွာဘူး’ဟု ဆို လိုသောအဓိပ္ပာယ်မျိုးနှင့်ခပ်ဆင် ဆင်တူနေလေ၏။

ဤသို့ မိုးရွာ၊ မီးပြတ်၊ နေပူ ရေရှားဟူသော သဘာဝမကျ တကျဖြစ်စဉ်ကြီးအတွင်း နေထိုင် နေစဉ်တွင် မိတ်ဆွေတစ်ဦးက လူတွေလည်းသေပြီးပြီ။ ရေငတ် တဲ့လူတွေလည်း ငတ်နေပြီ။ မိုး မြန်မြန်ကျဖို့ကောင်းပြီဟုညည်း တွားလာ၏။ စာရေးသူလည်း သတင်းစာဖတ်၊ ဂျာနယ်ဖတ်အား ကိုးဖြင့်‘‘မိုးကျဖို့ဆိုတာ မုတ်သုံ လေဝင်မှ ကျမှာဗျ။ မုတ်သုံလေဝင်ဖို့ဆိုတာ မိုးကြိုမုန်တိုင်းဝင်မှ နောက်ကနေလိုက်ဝင်လာတာ။ တကယ်တော့ မုတ်သုံလေ ဆိုတာ မိုးကြိုမုန်တိုင်းရဲ့သတို့သမီးဗျ’’ဟု တတ်သလောက် မှတ်သလောက်ရှင်းပြလိုက်တော့ မှ ‘‘ဟင်...ဒါဆို မိုးကျဖို့မုန်တိုင်း အရင်အတိုက်ခံရဦးမှာလား’’ဟု ထပ်မံညည်းတွားပြန်တော့၏။

နေ့စဉ်သတင်းစာနှင့် ရုပ်မြင်သံကြားသတင်းများ၌ မိုးလေဝသ သတင်းများကို ပြည်သူလူထုပိုမို စိတ်ဝင်စားလာခြင်းသည် နာဂစ် မုန်တိုင်းတိုက်ခိုက်ပြီးမှဟုဆိုရ မည်ဖြစ်သည်။ ယခုအချိန်အခါ ကဲ့သို့ မိုးဦးကျကာလများသည် မုန်တိုင်းဖြစ်နိုင်ခြေ များသဖြင့် ပင်လယ်ကမ်းရိုးတန်းနှင့် မြစ်ဝ ကျွန်းပေါ်နေ ပြည်သူများအဖို့ မိုးလေဝသသတင်းနေ့စဉ်နှင့်အမျှ ဂရုစိုက်နားထောင်သင့်၏။ သည် ကြားထဲ မိုးလေဝသသတင်းနား ထောင်၍ ကြိုတင်မသိရှိနိုင်သော သဘာဝဘေးအန္တရာယ်တစ်ခုက ပေါ်လာသေး၏။ ထိုင်း-မြန်မာ နယ်စပ် ထိုင်းနိုင်ငံချင်းရိုင်ခရိုင် တွင် မေလ ၅ ရက်ညနေက ရစ်ခ်ျ တာစကေး ၆ ရှိသောအင်အား ပြင်းငလျင်လှုပ်ခတ်ခဲ့ရာ ရန်ကုန်၊ နေပြည်တော်နှင့် ပဲခူးတိုင်း အတွင်းရှိ မြို့နယ်များကပါ မြေ ငလျင်လှုပ်သည်ကို သိရှိခံစားခဲ့ ကြရပါသည်။

ထူးခြားသောတိုက်ဆိုင်မှု လားမသိ။ ငလျင်လှုပ်ပြီး ၂ ရက် အကြာ မေလ ၇ ရက်နေ့တွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးကိုးဦးတို့ကို ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံးက ရာထူးမှဖယ်ရှားလိုက်လေသည်။ ဟူးရား၊ ကြက်ရိုး၊ တမျဉ်း၊ နက္ခတ်၊ နိမိတ်၊ တဘောင်တို့ကို တွက်ချက်တတ်သူပုဏ္ဏားတော် နှင့် ပညာရှင်များကတော့ မည်ကဲ့ သို့မိန့်ဆိုကြမည်မသိ။

ထိုင်းငလျင်၏ အဖျားခတ် မှုကိုခံခဲ့ရသော မြန်မာနိုင်ငံတွင် လည်း မင်းပြောင်းမင်းလွဲလောက် မကြီးကျယ်သည့် ပြည်သူအများ စိတ်ဝင်စားစရာအပြောင်းအလဲ တစ်ခု မေလ ၉ ရက်တွင်ဖြစ်ပေါ် ခဲ့၏။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေးကိုယ်စား လှယ် ကင်တားနားနေရာတွင် တောင်ကိုရီးယားနိုင်ငံသူ ရန်ဟီး လီအား ခန့်အပ်လိုက်ခြင်းဖြစ်သည်။

 သူမသည် ကလေးသူငယ်ဆိုင်ရာအခွင့်အရေးရရှိရေးလုပ်ငန်းများစွာ ပြုလုပ်ခဲ့သူဖြစ်ပြီး ၂၀၀၃  ခုနှစ်တွင် ကုလသမဂ္ဂ ကလေး သူငယ်အခွင့်အရေးကော်မတီ အဖွဲ့ဝင်အဖြစ်ရွေးချယ်ခြင်းခံခဲ့ရသူဖြစ်သည်။ ကင်တားနားတာဝန်ထမ်းဆောင်စဉ်က ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်သည့်ဆောင်ရွက်မှုများတွင် ဘက်လိုက်သည်ဟုစွပ်စွဲချက်များထွက်ပေါ်ခဲ့ပြီးယခုအသစ်ခန့်အပ်ခံရသူ ရန်ဟီးလီမှာ အမျိုးသမီးလည်းဖြစ်၊ အာရှသူတစ်ယောက်လည်းဖြစ်သဖြင့် မြန်မာနိုင်ငံနှင့် သဟဇာတဖြစ်မည်ဟု သုံးသပ်သူများက ဆိုနေကြပါသည်။

ပုံမှန်ရာသီဥတုအရဆိုလျှင် မြန်မာနိုင်ငံတွင် မေလတတိယ ပတ်ဆိုလျှင် မိုးကျမည်ဖြစ်သဖြင့် မကြာမီအတွင်း ပူပြင်းသောအပူ ရှိန်နှင့်သာမက ခရမ်းလွန်ရောင် ခြည်ဘေးအန္တရာယ်မှလည်း ကင်း ဝေးတော့မည်ဖြစ်၏။ လွန်ခဲ့သော ၂ နှစ်ခန့်မေလအတွင်းဖြစ်ပွားခဲ့ သော ကျောက်နီမော်အရေးအခင်း နောက်ဆက်တွဲပဋိပက္ခများလည်း  အပြီးတိုင်အေးချမ်းပါစေ။ယခု နှစ်မေလအတွင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြုလုပ်မည့်ငြိမ်းချမ်းရေးဆွေးနွေပွဲများလည်းအောင်မြင်ပါစေ။ အခြေခံ ဥပဒေပြင်ဆင်ရေး ဆန္ဒပြသူ ပြည်သူများ၏ဆန္ဒလည်း အမြန်ဆုံးပြည့်ဝပါစေ။ ကျင်းပဆဲ အာဆီယံ ထိပ်သီးအစည်းအဝေးကြီးလည်းအောင်မြင်ပါစေ။မြန်မာ ပြည်သူများလည်း ဒီမိုကရေစီခရီးလမ်း၌ အေးအတူ ပူအမျှ လျှောက်လှမ်းနိုင်ကြပါစေဟု တစ်ခုသောမေလတွင်ဆန္ဒပြုလိုက်ရပါကြောင်း...။

Author: ဗညားလှိုင်ဦး
7DAY DAILY

ကချင်ပြည်နယ်အစိုးရကိုဝေဖန်ခဲ့သူတွေကို အမိန့်ချလိုက်ပြီ



 ပြည်သူ့ဒီမိုကရေစီပါတီမှ ထုတ်ဝေသော ပြည်သူ့လုပ်သား သတင်းစဉ်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့သည် ပြည်နယ်အတွင်း ရှိ ပုဂ္ဂလိက မော်တော်ယာဉ်လိုင်း များကို ဖျက်သိမ်းခြင်း၊ မြစ်ကြီးနား မြို့ရှိ ပြည်သူ့ အားကစား ကွင်းကို ကချင်ပြည်နယ်  အစိုးရအဖွဲ့က ဂရန်လျှောက်ထားခဲ့ခြင်း၊ တနိုင်း ဒေသမော်တော် စက်လှေ အသင်း၏ ဘဏ္ဍာရေး ရှင်းတမ်း မရှင်းခြင်းနှင့် ကချင်လူမျိုးတို့၏ ရိုးရာယဉ်ကျေး မှု ဓလေ့ထုံးတမ်း စဉ်လာများကို ကချင်ပြည်နယ် အစိုးရအဖွဲ့က ၀င်ရောက်စွတ်ဖက်ခြင်းများပြုလုပ် ခဲ့သည်ဟု ဖော်ပြခဲ့ခြင်းကြောင့် ကချင်ပြည်နယ်အစိုးရကပါတီတာဝန် ရှိသDr. သန်းထိုက်ဦးအပါဝင် (၃)ဦးကို ၁၉၆၂ ခုနှစ် ပုံနှိပ်သူ များနှင့် ထုတ်ဝေသူများမှတ်ပုံတင် ဥပဒေနှင့် ပုဒ်မ(၅၀၀)တို့ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့စွဲဆိုခဲ့သောအမှုကို ဧပြီနောက်ဆုံးပတ်ကအမိန့်ချမှတ် ခဲ့ရာတွင် ပုံနှိပ်ဥပဒေအရ (၁)နှစ်၊ ပုဒ်မ ၅၀၀ အရ (၁)နှစ်နှင့် ပုဒ်မ ၅၀၃ အရ (၁)နှစ်သီးခြားစီကျခံ စေရန် အမိန့်ချခဲ့ကြောင်း သိရ သည်။

ထို့ပြင်သီးခြားစွဲဆိုသော ပုဒ်မ ၅၀၀ အမှုတစ်မှုအတွက် လည်း ထောင်ဒဏ်(၁)နှစ်ချမှတ် ခဲ့သေးကြောင်း သိရသည်။

သတင်းမီဒီယာဥပဒေနှင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကို မတ်လ (၁၄)ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှအတည် ပြုလိုက်ပြီး ၁၉၆၂ ခုနှစ် ပုံနှိပ် သူများနှင့် ထုတ်ဝေသူများမှတ်ပုံ တင်ခြင်းဥပဒေကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။

၎င်းအမှုအပေါ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥပဒေအကြံပေး အဖွဲ့မှ ရှေ့နေဦးအောင်သိန်းက ““ဥပဒေနဲ့ ကျင့်သုံးလုပ်ကိုင်နေရ တယ်ဆိုတာ တရားရုံးတွေရဲ့ တာဝန်နဲ့သဘောသဘာဝပဲ သို့ ပေမဲ့ ဘယ်လိုကိစ္စမျိုးတွေပေါ် ပေါက်သလဲဆိုရင် ကျွန်တော်တို့ ၁၉၈၈ ခုနှစ် သြဂုတ်ဒီဘက်မှာ န၀တအစိုးရတက်လာတဲ့အချိန်မှာ အကျုံးမ၀င်တော့တဲ့ဥပဒေတွေနဲ့၊ ဆိုရှယ်လစ်ခေတ်ဥပဒေနဲ့တရား စွဲတဲ့ အမှုတွေရှိတယ်။ ဥပမာ ပြောရရင် ဆိုရှယ်လစ်အကျိုးစီး ပွားဟန့်တားနှောင့်ယှက်မှု၊ ဆိုရှယ် လစ်စီးပွားအပြိုင်တည်ဆောက်မှု ဆိုတဲ့ ဥပဒေအရ (၁၅)နှစ်အထိ အမိန့်ချလို့ရတယ်။ ခေတ်ပြောင်း သွားပြီး အစိုးရပြောင်းခဲ့သလို ခေတ်လည်းပြောင်းသွားပြီးဆိုရင် အဲဒီဥပဒေတွေနဲ့တရားစွဲခံရတဲ့ လူတွေကိုတရားရုံးကလွှတ်ပြစ်ရ ပါတယ်။ ဒီလိုပြောနိုင်တာက ကျွန်တော်လိုက်ခဲ့ဘူးတဲ့အတွေ့ အကြုံရ ပြောခြင်းဖြစ်ပါတယ်””ဟု ၎င်းအတွေ့အကြုံကိုရှင်းပြခဲ့သည်။

““ဥပဒေသစ်ပြဋ္ဌာန်းခဲ့ခြင်းနှင့် ပတ်သက်၍ဥပဒေမှာလည်း ဒီ အတိုင်းပဲ။ ဥပဒေဟောင်းရှိနေ တယ်။ အဲဒီဥပဒေအဟောင်းကို ဥပဒေသစ်ပြဋ္ဌာန်းလိုက်ပြီဆိုရင် Over Rule ဖြစ်သွားတယ်။ Over Rule ဆိုတာဖြည့်စည်းလိုက်တယ်။ ကျော်လွှားလိုက်တယ်။ ရပ်ဆိုင်း လိုက်တယ်။ ဥပဒေဟောင်းက ဘာမှလုပ်လို့မရတော့ဘူး။ အဲဒီ ဥပဒေဟောင်းကလေးက ဆွဲထား တဲ့ အမှုတွေက ဒီဘက်ဥပဒေသစ် အရ အကျုံးမ၀င်တော့ဘူး။ ဒီ ဥပဒေဟောင်းအရဆက်သွားရင် အကျုံးမ၀င်တော့ဘူး။ ဥပဒေ ဟောင်းနဲ့ ဆက်သွားမယ်ဆိုလို့ ရှိရင် သဘာဝမကျတော့ဘူး။ တရားရုံးများရဲ့ကျင့်စဉ်အရ ဒါကို တရားရုံးများက အင်မတန်အလေး ထားရတယ်””ဟု ၎င်း၏အမြင်ကို ထပ်မံပြောသည်။

အမှုစစ်ဆေးခဲ့ခြင်းကိုသုံးသပ် ရာ၌ အခြေခံဥပဒေကတည်ဆဲ ဥပဒေတစ်ရပ်ရပ်ကိုမဖျက်သိမ်း သမျှ ယင်းဥပဒေတည်မြဲနေ ကြောင်း၊ ဥပဒေအသစ်ထွက်လာ ပြီဆိုလျှင် အဟောင်းနေရာတွင် အစားထိုးလိုက်ပြီးဖြစ်သည့်အတွက် ဥပဒေဟောင်းအရလက်ကျန်စစ် ဆေးနေသောအမှုများအလိုလျောက် ရပ်ဆိုင်းသွားမည်ဟု မှတ်ယူရမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

၎င်းကဲ့သို့တရားစွဲဆိုခံရသူ များသည် ကသာအကျဉ်းထောင် ၌ ပြစ်ဒဏ်ကျခံနေရသည်ဟု သိရသည်။      

မျိုးကျော်
Hot News Journal

ရာဇာမင်း ယာဉ်တိုက်မှုတချို့နဲ့ ဓါးပြတိုက်မှုစုစည်းတင်ပြထားပါတယ်။


ရာဇာမင်းယာဉ်လိုင်းဟာ ဧပြီ ၁၉ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၅၈/၂-၃)ကြားမှာ ရှေ့ကားကို ကျော်တက်ဖို့ကြိုးစားရင်း ယာဉ်တိုက်မှု ဖြစ်ပွါးခဲ့ပြီး သာဂရအမြန်လမ်း
ရဲစခန်း ယာဉ်(ပ)၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈ နဲ့အမှုဖွင့် အရေးယူခဲ့တယ်။

၂၀၁၄ခုနှစ် ဇန်န၀ါရီ ၃၀ နေ့လည် ၁း၀၀ နာရီ အချိန်တွင် မြ၀တီ -ကော့ကရိတ် ကားလမ်း၊ တောင်ပေါ်လမ်း တွင် ရာဇာမင်းခရီးသည်တင်
မှန်လုံယာဉ်(၁)စီးတိမ်းမှောက်ပြီးခရီးသည် ၇ ဦးဒဏ်ရာရခဲ့တယ်လို့ သိရတယ်။

၈-၆-၂ဝ၁၃ ရက်နေ့ ၂၁ဝဝ အချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်း ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၅၄/၄-၅)အကြား ဘုရားကုန်းကွေ့ ၌ ကျိုက္ခမီ-ရန်ကုန် ‘‘ရာဇာမင်း’’ ခရီးသည်တင်မှန်လုံယာဉ်အမှတ် ၈ဇ/×××× အား ဘုရားကုန်းကွေ့ အရောက် ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်များ အနက် သေနတ်အတိုများကိုင်ဆောင်ထားသည့် အမည်မသိ လူ(၅)ဦး တို့မှ ယာဉ်အား အနီးရှိတောထဲသို့ ခေါ်ဆောင်မောင်းနှင်သွားပြီး သေနတ်ပစ်ဖောက်ကာ ယာဉ်ပေါ်ပါ ခရီး သည်များထံမှ ရွေ၊ ငွေ ပစ္စည်းများ စုစုပေါင်းတန်ဘိုး (၄၈၈၇ဝဝဝိ/-)ခန့်အား ယူဆောင် သွားပြီး ယာဉ်နောက် လိုက် နိုင်လင်းထွန်း၊ ယာဉ်မောင်း ဇော်လင်းထူးတို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ ရာ သေဆုံး သွားခဲ့ သဖြင့် သထုံမြို့မရဲစခန်း (ပ)၉ဝ/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃၉၆ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

The Modern News Journal

အခြား ရာဇာမင်းသတင်းများ ဖတ်ရန်

ကြေးနီစီမံကိန်း ဖျက်သိမ်းနိုင်ရန် မုံရွာမြို့တွင်ဆုတောင်းပွဲပြုလုပ်မည်


ရန်ကုန်၊မေ ၁၃။

လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေးစီမံကိန်း ဖျက်သိမ်းရေးအတွက် မုံရွာမြို့ပေါ်တွင်ရှိသော ဆုတောင်းပြည့်ဘုရားတွင် ဝတ်ပြု
ဆုတောင်းပွဲပြုလုပ်ခဲ့ပြီး စီမံကိန်းဧရိယာမှ ဒေသခံတောင်သူများနှင့်အတူ မုံရွာမြို့ခံ တစ်ချို့လည်းပါဝင်ခဲ့ကြကြောင်းသိရသည်။

အဆိုပါစီမံကိန်းတာဝန်ရှိသူများသည် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ တင်ပြချက်များကိုလည်း မလိုက်နာပဲ ကိုယ်ကျိုးစီးပွားတစ်ခုတည်းသာ
ကြည့်၍ ရှေးဟောင်းသာသနိက အဆောက်အဦးအားဖျက်ဆီးခြင်း ဒေသခံများအား ဖမ်းဝရမ်းထုတ်ခံရခြင်း ဖမ်းဆီးရိုက်နှက်ခံရခြင်းတို့ကြောင့်
ဆုတောင်းပွဲပြုလုပ်ရခြင်းဖြစ်သည် ဟု ဒေသခံတစ်ဦးကပြောပြခဲ့သည်။

“ကိုယ့်ကျေးရွာမှာကိုယ်နေနိုင်ဖို့ရယ်၊ကိုယ့်ယာမြေပေါ်မှာ အေးအေးချမ်းချမ်းလုပ်ကိုင်နိုင်ဖို့နဲ့ လယ်တီဆရာတော်ဘုရားကြီးရဲ့သိမ်နဲ့ဘုရားကို
ဖျက်ဆီးခဲ့တဲ့ သာသနာတော်ဖျက်တွေကို ဘေးတွေ့ပါစေလို့ ဘုရားမှာဝတ်ပြုဆုတောင်းခြင်းဖြစ်ပါတယ်” ဟု ဒေသခံတစ်ဦးဖြစ်သူ မစန္ဒာပြောပြ
ချက်အရ သိရသည်။

ကြေးနှီစီမံကိန်းနှင့်ပါက်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်မှ “မူလအခြေနေမပျက် ပြောင်းရွှေ့
ပေးရမယ်လို့ အစီရင်ခံစာထဲမှာ ပါပါတယ်။ဒါပေမယ့် အဲဒီအစီရင်ခံစာထဲက အတိုင်း လုပ်ပေးခဲ့တာမရှိပါဘူး။နောက် ဒီကြားထဲမှာဒေသခံတွေ
ဆီကနေ အမည်ပေါက်တွေနဲ့ သိမ်းဆည်းတဲ့မြေတွေကိုကော၊အမည်မပေါက်ပဲသိမ်းထားတဲ့မြေတွေကိုကော သိမ်းထားတဲ့တကယ့်ပိုင်ရှင်ကို
ပြန်မပေးဘဲနဲ့ နောက်မှ သိမ်းယူထားတဲ့သူတွေကိုပေးတော့ ဒီလယ်ကိုပိုင်ဆိုင်တဲ့သူတွေကခံစားခွင့် ဘာမှမရှိရှာကြဘူး။ဒီရွာကသူတွေကို
အလုပ်ပေးတယ်ဆိုပေမယ့်လည်း လုံလောက်တဲ့လစာမပေးတော့ အလုပ်လက်မဲ့ဦးရေ ပိုများလာတာတွေရှိတယ်။ အစီရင်ခံစာထဲမှာ ပါတဲ့အတိုင်း
လိုက်နာ ဆောင်ရွက်ခြင်း မရှိပါဘူး။ကျွန်မအနေနဲ့ ဒေသခံတွေရဲ့စကားသံတွေတို့၊လက်ရှိခံစားနေရတဲ့အကြောင်းတွေကို ကော်မရှင်ဥက္ကဌနဲ့
စာတင်ပြီး တင်ပြပေးထားပါတယ်။ ကော်မရှင်ဥက္ကဌနဲ့လည်းတွေ့ပြီး ဒေသခံတွေခံစားရတဲ့ စကားသံကို ပြောချင်ပါတယ်။ခုထိတော့ တွေ့ခွင့်
မရသေးပါဘူး။ ဒီတော့ ကျွန်မအနေနဲ့ လွှတ်တော်ထဲကပဲ မေးခွန်းထုတ်ပြီး မေးရတော့မယ်။ ပြည်သူကလည်း အစီရင်ခံစာထဲမှာ ပါတဲ့အတိုင်း
လိုက်နာကြမယ်လို့ ပြောပါတယ်။ကျွန်မအနေနဲ့ကတော့ ပြည်သူတွေအတွက် အစီရင်ခံစာထဲကအတိုင်း လိုက်နာဆောင်ရွက် စေချင်ပါတယ် “ဟု
ပြောပြခဲ့သည်။

ဆုတောင်းပွဲတွင် အချက်(၃)ချက် ဆုတောင်းခဲ့ပြီး ဦးဆောင်သူမရှိပဲ ဒေသခံများ တစ်ညီတစ်ညွတ်ထဲ သွားရောက်ဆုတောင်းသည်ဟု သိရသည်၊
မိုးကြိုးပြင်၊ဆည်တဲ၊ကျောက်ဖြူတိုင်၊ဇီးတောနှင့်ဖောင်းကတာ ကျေးရွာများမှဒေသခံ(၁၅၀)ကျော်ပါဝင်၍ မနက်၁၀နာရီတွင်စတင်၍ ဝတ်ပြုဆုတောင်း
ခြင်းများပြုလုပ်ခဲ့ပြီး ၁၁နာရီတွင်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ချမ်းမင်းဟန်။
The Myanma Age

နတ်တလင်းပဋိပက္ခ နေအိမ်ဖျက်ဆီးမှုဖြင့် တရားစွဲခံရသူများအနက် ကိုးဦးတိမ်းရှောင်




ပြည်၊ မေ ၁၂

နတ်တလင်းမြို့ ကံစုကျေးရွာတွင် ဘာသာမတူသည့် လူငယ်နှစ်ဦး ချစ်ကြိုက်မှုကို အကြောင်းပြု၍ ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခ ဖြစ်ပွားခဲ့ရာ၌ နေအိမ်ဖျက်ဆီးမှုဖြင့် တရားစွဲခံရသူ ၁၈ ဦးအနက် ကိုးဦးမှာ ထွက်ပြေး တိမ်းရှောင်ဆဲ ဖြစ်ကြောင်း နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ် ရဲတပ်ဖွဲ့စခန်း စခန်းမှူးက ပြောကြားသည်။

“အရင်ဆုံး ဖျက်ဆီးခံရသူက ကွင်းကျယ်ရွားသား ၁၄ ယောက်ကို အရင်တိုင်တယ်။ ပြီးတော့ နောက်ထပ် လေးယောက်ကို ထပ်တိုင်တယ်။ စုစုပေါင်း ၁၈ ယောက်မှာ ကိုးယောက်ကို ဖမ်းထားတယ်။ ကိုးယောက်ကတော့ ထွက်ပြေးနေတယ်။ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ရမှာပါ” ဟု ၎င်းကဆိုသည်။

ရဲစခန်း ထွက်ချက်တွင် ဖမ်းဆီးထားသူ ကိုးဦးမှာ ကွင်းကျယ်ကျေးရွာ နေသူများ ဖြစ်ပြီး ၎င်းတို့သည် နေအိမ်ဖျက်ဆီးရာ၌ အခြားပါဝင်သူများကို ဖော်ထုတ်ပြောဆိုခြင်း မရှိသေးသော်လည်း တရားခွင်တွင် စစ်ဆေးချိန် ပါဝင်သူများ ထပ်မံပေါ်ပေါက်လျှင် ဖမ်းဆီးသွားမည် ဖြစ်ကြောင်း စခန်းမှူးက ဆက်လက်ပြောကြားသည်။

စွပ်စွဲဖမ်းဆီး ခံထားရသူများနှင့် ပတ်သက်၍ နေအိမ် ဖျက်ဆီးခံရသူများနှင့် ကွင်းကျယ်ကျေးရွာ ဒေသခံများ ညှိနှိုင်းလျက် ရှိနေကြောင်း မြို့နယ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးပညာဒီပက ဆိုသည်။

နေအိမ်များကို ဖျက်ဆီးနေချိန်တွင် ပါဝင်သည့် လူအင်အားမှာ ၂၀၀ ကျော် ရှိနေပြီး တိုင်ချက်အရ အခင်းဖြစ်ပွားရာ နေရာနှင့် တစ်မိုင်ခန့်ဝေးသည့် ကွင်းကျယ်ကျေးရွာ ဒေသခံများမှာ ဖမ်းဆီးခံရပြီး ဖြစ်သော်လည်း အဖမ်းခံရသူများတွင် တရားခံ မဟုတ်သူများ ပါဝင်မည်ကို စိုးရိမ်သည့်အတွက် စစ်ဆေးမှုများကို သတိထား စောင့်ကြည့်မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

နေအိမ်ဖျက်ဆီးခဲ့သည်ဟု စွပ်စွဲခဲ့သူ ၁၈ ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၇၊ ၄၅၂ နှင့် ၄၂၇ တို့ဖြင့် နတ်တလင်းမြို့နယ် တရားရုံးတွင် တရားစွဲခံထားရကာ ဒုတိယအကြိမ်မြောက် တရားရုံးချိန်းအဖြစ် မေလ ၁၉ ရက်နေ့ကို ထပ်မံချိန်းဆိုထားကြောင်း တောင်ညိုမြို့သစ် ရဲစခန်းထံမှ သိရသည်။

နတ်တလင်းမြို့ပေါ်တွင် နေထိုင်သော အစ္စလာမ် ဘာသာဝင် လူငယ်က ဧပြီလ ၁၅ ရက်နေ့က ကံစုကျေးရွာနေ ၎င်း၏ချစ်သူ နေအိမ်သို့ သွားရောက် ချိန်းတွေ့စဉ် ဒေသခံ ရွာသားများက မကျေနပ်ဖြစ်ကာ ထိုလူငယ်ကို ထုတ်ပေးရန် တောင်းဆိုသည်ကို မထုတ်ပေး၍ အမျိုးသမီး နေအိမ်ကို ခဲဖြင့်ပစ်ပေါက် ဖျက်ဆီးခဲ့ကြပြီး ဧပြီလ ၁၆ နှင့် ၁၈ ရက်နေ့တွင် လူငယ်နှင့် ရင်းနှီးသည့် နေအိမ်သုံးလုံးကို ထပ်မံ၍ ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း နတ်တလင်း မြို့ခံများထံမှ သိရသည်။

The Voice Weekly

မွေးကင်းစသားငယ် အလောင်းကို ပွေ့ပိုက်ပြီး အချိန်ကုန်နေတဲ့ Macaque မျောက်မကြီး




သီဟနိုင် on 2014-05-12 16:38    


Macaque မျောက်မကြီးတစ်ကောင်ဟာ သူ့ရဲ့ မွေးကာစသားငယ် အသေလေးကို ချီပြီး သူမရဲ့ရင်ခွင်ထဲမှာ ပွေ့ပိုက်နေတာကို တွေ့မြင်ခဲ့ရပါတယ်။

Macaque မျောက်တွေဟာ အရှေ့အင်ဒီး၊ အာရှ နဲ့ အာဖရိကဖွား မျောက်တွေဖြစ်ပြီး အမြီးရှည်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေဆီ အမျိုးသားဥယျာဉ်ထဲမှာ မျောက်မကြီးဟာ သားငယ်ကို ချီမထားရင်းပဲ သူမရဲ့ နေ့ရက်တွေ ကုန်ဆုံးနေပါတယ်။ သူမရဲ့သားငယ်ကို ၀မ်းနည်ကြေကွဲစွာ ငေးကြည့်နေရင်း သူမရဲ့ ရင်ခွင်ထဲမှာ မချီထားတာကို သင် တွေ့မှာပါ။ အနားကပ်ပြီး သားငယ်ကို လာထိဖို့ကြိုးစားတဲ့ macaque မျောက်ထီးတစ်ကောင်ကို သူမက မောင်းလို့တောင် ထုတ်နေခဲ့ပါတယ်။

ရင်ကွဲနာကျင်ဖွယ် အခိုက်အတန့်လေးကို ဓာတ်ပုံမှတ်တမ်းတင်နိုင်ခဲ့သူကတော့ အသက် ၃၁နှစ်အရွယ် ဓာတ်ပုံဆရာ Andrew Walmsley ပဲဖြစ်ပါတယ်။



Ref:dailymail.co.uk
trend myanmar


Emergency contraception (2) အရေးပေါ်တားဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးများ





ဒီစာကို ဖေ့စ်ဘွတ်မှာတင်ရတဲ့အတွက် တောင်းပန်ပါတယ်။)
ကျေးဇူးတင်ပါတယ်ဆရာ။ အရေးပေါ်တားဆေး ခဏခဏသောက်ရင် ဖြစ်နိုင်တဲ့ဆိုးကျိုးတွေ ရှင်းပြပါအုန်းရှင့်။ ကျွန်မ ပထမတကြိမ်သောက်ခဲ့တုန်းက ဒီလိုသွေးမဆင်းဘူး။ ဘာလက္ခဏာမှ မရှိခဲ့လို့ပါ။ အခုသွေးဆင်းတာ ကိုယ်ဝန်အတွက် စိုးရိမ်စရာ မရှိဘူးပေါ့နော်။ ကိုယ်ဝန်မရဘူးပေါ့နော်ဆရာ။

၅ဝ% လောက်မှာ ပျို့တယ်။ ၂ဝ% က အန်တယ်။ ပိုဆိုးတဲ့ဆိုးကျိုးတခုကတော့ သားအိမ်ပြင်ပ ကိုယ်ဝန်တည်ခြင်း၊ နောက်တခုက ခြေထောက်ထဲက သွေးပြန်ကြောတွေ ပိတ်ပြီးရောင်ခြင်း၊ တခြားဖြစ်နိုင်ခြေတွေကတော့ အဆုပ်သွေးကြောပိတ်၊ နှလုံးသွေးကြောပိတ်၊ Stroke ဦးနှောက်သွေးကြောပိတ်၊ အသဲထိခိုက်၊ အသဲကင်ဆာ၊ သည်းခြေအိတ်ရောဂါ နဲ့ သွေးတိုးရောဂါတွေ ဖြစ်တယ်။ ဒါတွေကြောင့် အသက် ၃၅ နှစ်ကျော်သူတွေ ဟော်မုန်းပါ တားဆေးမသင့်ကြဘူး။

အရေးပေါ်တားဆေး ECP ဆေးတွေကို မကြာခဏသုံးရင် သက်ရောက်မှုတွေ သိအောင် ၁၉၉၈ ခုနှစ်ထဲမှာ အမျိုးသမီးပေါင်း ၁ဝ၈၃ ယောက်ကို အုပ်စု ၂ ခုခွဲပြီး စမ်းခဲ့တယ်။ ဒီအမျိုးသမီးတွေဟာ အရေးပေါ်တားဆေး သုံးသူတွေနဲ့ သားအိမ်ခြစ်နည်းနဲ့ ကိုယ်ဝန်ဖျက်ဘူးခဲ့သူတွေ ဖြစ်တယ်။ ပညာရေးအခြေခံလဲ မညံ့ကြသူတွေ ဖြစ်တယ်။ အဖြေတွေကို အမျိုးသမီးပေါင်း ၁ဝ၇၁ ယောက်ဆီကနေရတယ်။

• ၅၄၉ ယောက်က အိမ်မှာတင် အရေးပေါ်တားဆေး သောက်ကြသူတွေဖြစ်ပြီး၊ သူတို့ထဲက ၄၇% ဟာ ၂ နှစ်အတွင်းမှာ တကြိမ်မက အရေးပေါ်တားဆေး သောက်ခဲ့သူတွေဖြစ်တယ်။

• ၅၅၂ ယောက်ကတော့ ဆရာဝန်လက်မှတ်နဲ့သာ အရေးပေါ် တားဆေးသောက်သူတွေ ဖြစ်ပြီး ၂၇% က ၂ နှစ်အတွင်း တကြိမ်မက အရေးပေါ်တားဆေး သောက်ကြသူတွေဖြစ်တယ်။

• အုပ်စု နှစ်စုလုံးထဲက ၁ဝ% ဟာ တကြိမ်မက အရေးပေါ်တားဆေးသောက်တယ်။

• ပဌမအုပ်စုထဲက ၂၈ ယောက် (၅%) က ကိုယ်ဝန်ရတယ်။ ဒုတိယအုပ်စုထဲက ၃၃ ယောက် (၆%) ကိုယ်ဝန်ရတယ်။

• ပဌမအုပ်စုထဲက ၈ ယောက် နဲ့ ဒုတိယအုပ်စုထဲက ၄ ယောက်ဟာ အရေးပေါ်တားဆေး သောက်ရဲ့သားနဲ့ ကိုယ်ဝန်ရသွားတယ်။ ဒါပေမဲ့ ကိုယ်ဝန်တွေ အကုန်လုံးကို ဖျက်ပြစ်လိုက်ကြတယ်။

ကိုယ်ဝန်ကို တားတာလား၊ ဖျက်တာလား
Emergency Pills cause early abortions “အရေးပေါ်တားဆေးဆိုတာ ကိုယ်ဝန်ကို အစောဆုံး ဖျက်ပြစ်လိုက်တာသာ ဖြစ်တယ်” လို့ The Report News magazine မှာ ၆-၁၂-၁၉၉ တုံးက ရေးထားတယ်။

အယူအဆတွေ အမြင်တွေက သိပ္ပံနယ်ပယ်မှာလဲ မတူကြတာတွေ အများကြီးရှိတယ်။ လက်တွေ့ပြလို့ရတာတောင်မှာ ဘာလို့ အဲလိုမတူတာတွေ ဖြစ်နေလဲ။ လက်တွေ့ပြနိုင်တာက ကျဉ်းသေး၊ နည်းသေးလို့ပါ။ “အရေးပေါ် တားဆေးထဲမှာ လူ့ကိုယ်ခန္ဓာကနေ အလိုလိုထုတ်ပေးနေတဲ့ ဟော်မုန်းတွေဘဲ ပါတာမို့ စိတ်ချလက်ချ သုံးနိုင်တယ်။

အရေး ခဏခဏ ပေါ်နေလို့ တပါတ်ထဲ ၂ ခါသောက်လဲ ကိုယ်ဝန်တားဘို့အတွက်ကတော့ ရပါတယ်” လို့ ပြောတာလဲ အမှန်ဖြစ်တယ်။ "ကနေ့အထိ ဒီ အရေးပေါ်တားဆေးတွေ အသုံးများရင် ဘာဖြစ်နိုင်သလဲ ဆိုတာကို သတ်သတ်မှတ်မှတ် လေ့လာမှုဆိုတာ မရှိသလောက်နည်းသေးပါတယ်"လို့ အဲဒီအကြံပြုတဲ့ ပညာရှင်တွေကဘဲ ဆိုထားပါတယ်။ ဆိုလိုတာက (၁) ခုထိ သိသမျှ ခဏခဏလဲသောက်လို့ရတယ်။ (၂) ရေရှည်မှာဘာဖြစ်လာမလဲ မသိလို့ ရမ်း-မှန်းမပြောနိုင်ပါ။

ဆေးတကြိမ်သောက်တိုင်း ဘေးထွက်-ဆိုးကျိုးတွေတကြိမ် ခံရမယ်ဆိုတာ သိထားပါ။ ဈေးနှုန်း မသေးလှပါ။ ရာသီလတွေ၊ ရက်တွေ ပြောင်းပါလိမ့်မယ်။ ခဏခဏသုံးနေသူ ကိုယ့်ရာသီရက်က ဘာလို့ မှတ်ထားဘို့ ခက်မယ်။ ကိုယ်ဝန်ရနိုင်တဲ့ရက်-မရနိုင်တဲ့ရက် တွက်ဘို့ မသေခြာတော့ဘူး။ ကြာတော့ စိတ်ပျက်လာနိုင်တယ်။

ရိုးရိုးပုံမှန်သောက်တားဆေး၊ IUD သားအိမ်ထဲပစ္စည်းထည့်၊ Implant အရေပြားအောက် ဆေးချောင်းထည့်၊ Depo-Provera (ဒီပို) ထိုးဆေးနည်း၊ တခုခုကို ရွေးချင်လာမယ်။ ရွေးတာလဲ မှန်ကန်တယ်။ အိမ်ထောင်မကျပေမဲ့ လိင်ဆက်ဆံမှု တခုကို သဘောတူပြုဘူးတဲ့ မိန်းကလေးမျိုးဟာ နောက်လဲ အဲလိုမျိုး ထပ်ဖြစ်နိုင်တယ်။ အဲဒါကို အရေးပေါ်လို့ မခေါ်သင့်ဘူး။ စိတ်ဆန္ဒမပါဘဲ ဆက်ဆံရတာ၊ အဓမ္မပြုခံရတာ၊ (ကွန်ဒွမ်) ပေါက်ပြဲသွားတာမျိုးတွေကိုသာ အရေးပေါ်လို့ ခေါ်သင့်တယ်။

တရားဥပဒေရှုဒေါင့်
အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ပြည်နယ်
အထက်တရားရုံးကို ၂ဝ၁ဝ နှစ်လည်ပိုင်းက Public Interest Litigation (PIL) ကနေ တရားစွဲဆိုချက်တခု တင်ခဲ့တယ်။ အရေးပေါ်တားဆေးတွေဖြစ်တဲ့ i-pill, Unwanted 72 and Option 72 တွေကို ပိတ်ပင်ပေးဘို့ ဖြစ်ပါတယ်။ အကြောင်းကတော့ ကျယ်ကျယ်ပြန့်ပြန့် တလွဲသုံးနေခြင်း နဲ့ အန္တရာယ်များတဲ့ ဘေးထွက်-ဆိုးကျိုးတွေကြောင့်လို့ ဆိုပါတယ်။

တရာရုံးကနေ Drug Controller General of India (DCGI) ဆီကို အထောက်အထားတွေ တင်ပြဘို့ ညွှန်ကြားတယ်။ DTAB ဆိုတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အမြင့်ဆုံးအဖွဲ့က အစီရင်ခံချက် မပို့နိုင်သေးဘူး။ ငြင်းဆိုချက်တွေက ဆေးသိပ္ပံအထောက်အထားတွေကို ကိုးကားတယ်။ ကိုယ်ဝန်ဆိုတာ ဆက်ဆံမှုပြုပြီးနောက် ၂၄ နာရီ ဆိုရင်ရဘို့စပြီ။ ၇၂ နာရီအတွင်းမှာ ဆေးသောက်တယ်ဆိုတာ ဖျက်ပြစ်တာဘဲလို့ ဆိုတယ်။

ဒီဆေးမျိုးကို ကြော်ညာတွေ မတရား လုပ်ရောင်းနေတာဟာလဲ မသင့်လျှော်ဘူးပြောကြလို့ ကြော်ညာတွေကို တားခဲ့ဘူးသေးတယ်။ ဆရာဝန်တွေ၊ သားဖွါးမီးယပ် အထူးကုတွေကလဲ တလွဲသုံးနေကြာအတွက် စိုးရိမ်ကြောင်း ထုတ်ပြောနေကြရတယ်။ ဒီလို လွယ်လွယ်နဲ့ အရေးပေါ် တားဆေး ရှိတယ်ဆိုပြီး တလွဲသုံးကြလို့ HIV နဲ့ STD လိင်ကတဆင့် ကူးစက်ရောဂါတွေ ပိုဖြစ်တယ်လို့ ထောက်ပြကြတယ်။

ရာသီမမှန်တာ ဖြစ်ကြပြန်လို့ ဒီလို (ကွန်ပလိန့်) တွေနဲ့ မိန်းကလေးလူနာတွေ ဆေးရုံ-ဆေးခန်းတွေမှာ ပိုများလာတယ်။ ကြော်ညာတွေ ကောင်းလို့ ဆေးဆိုင်တွေမှာ ချော့ကလက်ဝယ်သလို ဝယ်နေကြပြီး၊ မိန်းကလေးငယ်တွေကလဲ လိင်မှုရေးရာမှာ သိပ်မစဉ်းတော့ဘူး။ အမူအကျင့်တွေ ပြောင်းလာနေတာဟာ မျိုးဆက်ကိုပါ ထိခိုက်စေမယ်။ လွယ်လွယ်နဲ့ ဒီလိုဆေး ဝယ်ရတာဟာ "ခပ်လွယ်လွယ်မိန်းကလေးတွေ" များလာစေတယ်။ လွယ်တိုင်းကောင်းပါလား။

မြန်မာ့ (မ)ယဉ်ကျေးမှု
အထက်ကသုတေသနမှာ ကိုးကားခဲ့တဲ့ အမျိုးသမီးပေါင်း ၁ဝဝဝ ကျော်ထဲမှာ အများစုက ၂ နှစ်မှာမှ တခါကျော်ကျော်သာ အရေးပေါ် တားဆေး သုံးတယ်။ ၄ လမှာ ၄ ခါမကသောက်လို့ စမ်းသပ်မှုကနေ ချန်ထားလိုက်အောင်အထိ ထူးခြားတဲ့ အမေရိကန် အမျိုးသမီးက တယောက်ထဲဘဲ ပါတယ်။

မြန်မာအမျိုးသမီးတွေ ကို လေ့လာမှု မပြုရသေးလို့ ခေတ်ရှေ့ကို
အများကြီး ရောက်နေ-မနေ မသိပါ။

အရေးပေါ်တားဆေး ECee-2 ကို မြန်မာပြည်မှာ (မ)ယဉ်ကျေးမှုတရပ်လို့ မှတ်ရလောက်အောင် သုံးနေကြတယ်။ အဲလိုမသုံးသင့်ကြောင်းဖြေ
ရတိုင်း သောက်ရင် ဘာဖြစ်မလဲလို့ ပြန်မေးလေ့ရှိတယ်။

နိုင်ငံတကာ ဆေးစာတွေလိုက်ရှာတော့ မြန်မာမလေးတွေလောက် အဲလိုဆေး ခဏခဏသောက်ကြပုံမရပါ။ လေ့လာဆန်းစစ်ထားတာ နည်းတယ်။ ဆေးပညာအရပြောရရင် လက်ငင်းအနေနဲ့တော့ ရာသီရက်ပြောင်းမယ်။ ဟော်မုန်းတွေ ကမောက်ကမဖြစ်မယ်။ ရက်တွက်ချင်ရင် ခက်မယ်။ ရေရှည်မှာဘာဖြစ်မလဲ တိတိကျကျပြောမရပါ။ ဒါကြောင့် 'အရေးပေါ်ကို ပဲလှော်လို မစားပါနဲ့' ဆိုပြီး ရေးဘူးသေးတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၅-၂ဝ၁၄


လူကို ရှိရင်းစွဲအသက်ထက် ရုပ်ပိုရင့်စေတဲ့ အစားအသောက် (၇)မျိုး




မေသော် on 2014-05-12 17:21    
လူတစ်ဦးရဲ့ နုပျိုမှုဟာ တစ်ချို့သောအစားအစာတွေကြောင့် ပျက်ယွင်းသွားတတ်ကြပါတယ်။ ခုမှ အသက် ၂၅နှစ်ကို ၄၀ကျော်လို့ ထင်ရတာမျိုးပေါ့။ သူတို့ရဲ့ အစားအသောက်နဲ့ နေထိုင်မှုပုံစံတွေကို ကြည့်ပြီး သူဘာ့ကြောင့်ခုလို အိုမင်းရင့်ရော်ရတာလည်း ဆိုတာ ပြောပြပေးနိုင်ပါတယ်။ ခုလည်း လူကို အိုမင်းရင့်ရော်စေတဲ့ အစားအသောက် (၇)မျိုး အကြောင်း ပြောပြပေးချင်တာပါ။

၁။ဆား


ဟင်းချက်တဲ့အခါ ဆားတွေအများကြီးထည့်ချက်တာ၊ အငန်ဓာတ်ကို နှစ်ခြိုက်တဲ့သူတွေဟာ ရုပ်ရင့်ရော်တတ်ကြပါတယ်တဲ့။ ပါးရေတွန့်ခြင်းကို အားပေးတဲ့ ဒီအငန်ဓာတ်ဟာ အထူးသဖြင့် သင့်မျက်လုံးတစ်ဝိုက်က နူးညံ့တဲ့ အသားရေတွေကို ပိုမိုတွန့်စေပါသတဲ့။

၂။သကြား

အသားအရေပိုမိုကြည်လင်စေဖို့နဲ့ လှပတဲ့အသားအရေမျိုးလိုချင်သူတွေအတွက် သကြားကို လျှော့စားဖို့ ဆရာဝန်တွေက ဆိုထားပါတယ်။ သကြားအစား အသီးအနှံတစ်ချို့ကို စားပေးနိုင်တာကြောင့် ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုကို နှေးသွားစေ နိုင်တဲ့ သကြားဓာတ်ကို လျှော့ဖို့လိုပါတယ်။

၃။ကော်ဖီ
ကော်ဖီဟာ အသားအရည်အတွက်ရော၊ သွားတွေအတွက်ပါ သောက်ဖို့ မသင့်လျော်တဲ့အရာပါ။ အသားအရေကို ခြောက်သွားစေတတ်သလို၊ သွားတွေကိုလည်း ၀ါထိန်ထိန်ဖြစ်စေတာမို့ လူကို ပိုပြီး ရင့်ရော်စေပါသတဲ့။

၎။အရက်

အရက်သောက်လေ့သောက်ထရှိသူ အများစုဟာ ရေဓာတ်ဆုံးရှုံးတတ်ကြတာမို့ အိုမင်းရင့်ရော်တဲ့ပုံ ပေါက်နေတတ်တာ အထူးအဆန်းမဟုတ်တော့ပါဘူး။

၅။ကြွက်သားအမျှင်ပါတဲ့အသား

ကျန်းမာရေးသုတေသီတွေရဲ့ အဆိုအရ ကြွက်သားအမျှင်ပါတဲ့အသားတွေကို တစ်ပတ်ကို တစ်ခါထက်ပိုမို စားသုံးခြင်းဟာ ပါးရေတွန့်စေပါတယ်တဲ့။

၆။ပူစပ်စေတဲ့ အစားအသောက်များ


ငြုတ်သီးတွေ အများကြီးထည့်ချက်ထားတဲ့ အစားအသောက်တွေကို စားမယ်ဆိုရင် ဒါဟာ အသားအရေအတွက် အများကြီးထိခိုက်သွားပြီလို့သာ တွေးလိုက်ပါ။ သွေးကြောတွေကို ပိတ်ဆို့မှုဖြစ်စေနိုင်တဲ့ ဒီလို ပူစပ်စေတဲ့ အစားအသောက်တွေဟာ သင့်ရဲ့မျက်နှာအသားအရေကိုလည်း ပါးရေတွန့်အောင် ကူညီပေးနေပါသေးတယ်။

၇။ဆိုဒါ

သွားနဲ့အသားအရေကို ဂရုစိုက်ချင်သူတွေအတွက်တော့ ဒါလည်းရှောင်ကိုရှောင်သင့်တဲ့အရာပါ။ အထူးသဖြင့် အက်ဆစ်ဓာတ်များတာကြောင့် သွားအတွက် မကောင်းဘူးဆိုတာ သိထားရပါလိမ့်မယ်။

Ref:delish.com

Trend Myanmar

ချင်းပြည်နယ်တွင်း စည်းကမ်းမဲ့ သစ်ထုတ်လုပ်နေ


ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ ကုမ္ပဏီတွေက သစ်တွေကို စည်းကမ်းမဲ့ ထုတ်ယူနေ တယ်လို့ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီနဲ့ ဒေသခံတွေက ပြောဆိုလိုက်ပါတယ်။

Timber copyအစိုးရမပြောင်းလဲခင်ကတည်းက ကန်ပက်လက်မြို့နယ်အတွင်းမှာ သစ်တွေကို ထုတ်ယူလာခဲ့တာဖြစ်ပြီး အစိုးရပြောင်းလဲပြီးတဲ့နောက် ကုမ္ပဏီတွေကို ထုတ်ယူခွင့်ပေးခဲ့ပေမယ့် တန်ချိန်ဘယ်လောက်ထုတ် တယ်ဆိုတာ ဒေသခံကို ပွင့်ပွင့်လင်းလင်းပြောဆိုတာမရှိဘူးလို့ ချင်းအမျိုးသား ဒီမိုကရစ်တစ်ပါတီက အတွင်းရေးမှူး အဖွဲ့ဝင် ဆလိုင်းမျိုးချစ်က ပြောပါတယ်။

သစ်တွေထုတ်ယူရာမှာ ခုတ်ယူမယ့် သစ်လုံး အရွယ်အစား သတ်မှတ်ချက်၊ အစားပြန်ထိုး စိုက်ပျိုးပေးရမယ် ဆိုတဲ့ အခြေအနေတွေကိုလည်း စောင့်ကြည့်မယ်သူတွေ မရှိတဲ့အတွက် ဖြစ်သလို ထုတ်ယူနေတယ်လို့ သူက ပြောပါတယ်။

“ပြည်သူတွေကလည်း ဒီအကြောင်းကို နားမလည်ဘူး။ ပြီးတော့ သစ်တောဥပဒေမှာ သစ်တွေကို ထုတ်တဲ့အခါ အရွယ်အစားရှိတယ်။ ဘယ်အရွယ်အစားမှ ထုတ်လို့ရတယ်ဆိုတာ ရှိတယ်။ ပြီးတော့ အစားပြန်ပြီး မျိုးစနစ်စိုက်ပျိုးမှုတွေ လုပ်ပေးရမယ်ဆိုတာ ရှိတယ်။ အဲဒါတွေကို ဥပဒေအတိုင်း၊ ဥပဒေအတွင်းမှာ ထုတ်လုပ်ခွင့် ရှိမရှိ မသိဘူး။ အဲတော့ စောင့်ကြည့်တဲ့ အဖွဲ့မရှိဘူးဆိုတော့ အများကြီး ထုတ်လုပ်ကြတယ်။”

သစ်ခုတ်တဲ့နေရာကို သွားရောက် မေးမြန်းစုံစမ်းရင်လည်း အထက်က အမိန့်အတိုင်း ခုတ်ရတာ ဖြစ်တဲ့အတွက် တစုံတရာ ရှင်းမပြနိုင်တဲ့အကြောင်း ပြောဆိုတယ်လို့လည်း ဆိုပါတယ်။

ကန်ပက်လက်မြို့ခံတဦးကတော့ သစ်တွေကို စည်းကမ်းမဲ့ ခုတ်ယူတဲ့ အတွက် ဒေသခံတွေအတွက် တစုံတရာ အကျိုးကျေးဇူး မရှိသလို ရင်ဆိုင်နေရတဲ့ အခက်အခဲကို အခုလို ရှင်းပြပါတယ်။

“သစ်ပင်တွေလှဲပြီး လမ်းတွေပိတ်ဆို့တယ်။ တောမီးတွေလောင်တယ်။ ပြီးတော့ ရေထဲ တချို့ဖုံးတော့ သူများလယ်ကွက်တွေကို ဖုံးတယ်။”

ကန်ပက်လက်မြို့အနီးမှာ သစ်တွေကို ထုတ်ယူလာတာဟာ နှစ်ပေါင်း ကြာရှည်လာခဲ့ပြီလို့ ဆိုပါတယ်။

ချင်းပြည်နယ်အတွင်း သစ်ထုတ်လုပ်မှုတွေအပေါ် ထိန်းကြောင်းမှုနဲ့ပတ်သက်လို့ ချင်းပြည်နယ်အစိုးရကို မေးမြန်ဖို့ တယ်လီဖုန်းနဲ့ဆက်သွယ်ပေမယ့် မရပါဘူး။

တော​တောင်ထူထပ်တဲ့​ ချင်း​ပြည်နယ်မှာ ကျွန်း​၊​ ပိ​တောက်၊​ အင်ကြင်း​၊​ သစ်ရာ၊​ ထင်း​ရူး​ စတဲ့​ အဖိုး​တန်သစ်​တွေ ထွက်ပါတယ်။

အထူး​သဖြင့်​ မင်း​တပ်၊​ ကန်ပက်လက်၊​ ပလက်ဝ၊​ တီး​တိန်၊​ တွန်း​ဇံ စတဲ့​ဒေသ​တွေမှာ ထွက်တဲ့​ သစ်​တွေကို မြန်မာ့​သစ်​တောဝန်ကြီး​ဌာနက စီမံခန့်ခွဲပြီး​ ပြည်တွင်း​ပြည်ပ သစ်ထုတ်လုပ်​ရေး​ကုမ္ပဏီ​တွေကို ခုတ်ခွင့်​ပြုတာတွေ ရှိနေပါတယ်။

၂၀၁၁ ခုနှစ်က ချင်း​ပြည်နယ် သစ်​တောထွက်ပစ္စည်း​တွေက​နေ ​ရောင်း​ချရရှိတဲ့​ ဘဏ္ဍာ​ငွေ​တွေကို ချင်း​ပြည်နယ်အစိုး​ရက ကိုယ်ပိုင်စီမံခန့်ခွဲခွင့်​ရဖို့  ဒုတိယအကြိမ် ပြည်​ထောင်စုလွှတ်​တော်အစည်း​အ​ဝေး​မှာ ချင်း​တိုး​တက်​ရေး​ပါတီက တင်ပြဖို့ ကြိုးစားခဲ့ပါတယ်။

DVB Burmese

ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ လျှောက်ထားသည့် ကုမ္ပဏီဝန်ထမ်း၊ အငြိမ်းစားနှင့် အများပြည်သူ ၅၀၄၀ အတွက် လျှောက်ထားသူများရှေ့တွင် မဲနှိုက်ပေးမည်

လက်ရှိဗိုလ်ဗထူးတ န်ဖိုးမျှတအိမ်ရာ ဆောက်လုပ်နေမှုအား တွေ့ရစဉ်

ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာ လျှောက်ထားသည့် အသင်းအဖွဲ့၊ ကုမ္ပဏီဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်းများ၊ အများပြည်သူ စုစုပေါင်း ၅၀၄၀ တို့အတွက် မေ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဒဂုံမြို့နယ် ရှင်စောပုလမ်း Myanmar Even Park ရှိ MRTV-4 ရိုက်ကူးရေးခန်းမတွင် မဲနှိုက်ရွေးချယ်ပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကြေညာချက်အရ သိရသည်။

ယင်းနေ့များတွင် နံနက် ၈ နာရီမှ စ တင်၍ လျှောက်ထားသူ ကာယကံရှင်များရှေ့တွင် မဲနှိုက်ပေးမည် ဖြစ်သောကြောင့် လာရောက်ကြည့်ရှုနိုင်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက် ဗိုလ်ဗထူးလမ်းပေါ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်လျက်ရှိရာ ယင်းအိမ်ရာ ၀ယ်ယူခွင့် လျှောက်လွှာများကို ယခုနှစ်ဆန်း ပိုင်းတွင်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး အခန်းပေါင်း ၄၀၀ ကျော်သာ ရောင်းချပေးမည် ဖြစ်သော်လည်း လျှောက်ထားသူ ၁၃၀၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။

ယင်းအထဲမှ လုပ်သက်နှစ် ၂၀ ကျော် ရှိ အစိုးရ၀န်ထမ်းများ၊ အငြိမ်းစားဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ အများပြည်သူ၊ လွှတ်တော်ကိုယ်စားလှယ်များ စသည်ဖြင့် ခွဲခြားကာ မဲနှိုက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဧပြီ ၅ ရက်နှင့် ၆ ရက်တို့တွင် ဗိုလ်ဗထူးတိုက်ခန်းများကို မဲနှိုက်ပြီး မဲပေါက်ခဲ့သည့် ဌာနဆိုင်ရာ ၀န်ထမ်းများစာရင်းကိုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ကြေညာပေးမည် ဖြစ်ကြောင်း သိရသည်။

Eleven Media group

ယောကျာ်းတို့ဖက်မှ တောင်းဆိုချက်


၁။ ယောကျာ်းတွေက စိတ်တန်ခိုးမရှိပါဘူး ဒါကြောင့် မိန်းမတွေရဲ့စိတ်ထဲ ဘာတွေဖြစ်နေလဲဆိုတာမသိနိုင်ပါ

၂။ အမှားလုပ်ပြီး ငိုပြခြင်းသည် ယောကျာ်းများကို အနိုင်ကျင့်ခြင်းဖြစ်သည်

၃။ ဖြစ်ချင်တာလိုချင်တာကို ပွင့်ပွင့်လင်းလင်းပြောပြပါ ။ ရှင်းရှင်းပြောရရင်
မသိမသာပြောလို့လဲ ကျွန်တော်တို့က မသိဘူး
အရိပ်ပြရင်လဲ ကျွန်တော်တို့က ယောင်ဝါးဝါး
ဒီတော့ အရှင်းဆုံးက ပြောချလိုက်ပါ။

၎။ Yes ဒါမှမဟုတ် No ဆိုတာ ကျွန်တော်တို့အတွက် မေးခွန်းတိုင်းကိုဖြေဖို့ Perfect အဖြစ်ဆုံးအဖြေပဲ

၅။ ပြဿနာတစ်ခုကိုပြောပြမယ်ဆိုရင် ကျွန်တော်တို့ကို ဖြေရှင်းစေချင်တယ်ဆိုမှပြောပြပါ မပတ်သတ်စေချင်ရင်
အစထဲက ပြောကိုပြောပြမနေနဲ့

၆။ ကျွန်တော်တို့ပြန်ဖြေလိုက်တဲ့အဖြေက ခင်ဗျားအတွက် ခံစားချက် ၂မျိုး ရစေတယ်
အဲ့ဒီထဲက တစ်မျိုးက ၀မ်းနည်းပြီး ဒေါသထွက်စေတယ်ဆိုရင် ကျွန်တော်တို့ဆိုလိုတဲ့အဖြေက အဲ့လို
မခံစားစေလိုတဲ့နောက်တစ်ခုပဲ

၇။ ကျွန်တော်တို့ကို တစ်ခုခုလုပ်စေချင်ရင် တောင်းဆိုနိုင်တယ်
ဒါမှမဟုတ် ကျွန်တော်တို့ဘာသာဘယ်လိုလုပ်လိုက်လို့လဲ ပြောနိုင်တယ်
ခင်ဗျား တောင်းဆိုချင်သလိုပုံစံရော ကျွန်တော်တို့ကိုယ့်ဟာကိုယ် လုပ်လိုက်မဲ့ပုံစံကော နှစ်ခုလုံးတော့မရဘူး

၈။ ဖြစ်နိုင်ရင် TV ကြည့်နေတုန်း စကားပြောချင်တယ်ဆို ကြော်ညာလာနေတဲ့အချိန်မှာပြောပါ

၉။ CHRISTOPHER COLUMBUS က ညွှန်ကြားချက်နဲ့သွားတဲ့လူမဟုတ်ဘူး ကျွန်တော်တို့လဲတူတူပဲ

၁၀။ ကျွန်တော်တို့ယောကျာ်းတွေက အရောင် ၁၆ မျိုးလောက်ပဲသိတယ် Window မှာဆို Default Setting လိုပေါ့
မရမ်းဖျော့ရောင်တို့ ဖက်ဖူးစိမ်းရောင်တို့ ရှုပ်ထွေးတဲ့အရောင်တွေကိုမသိလို့ စိတ်မတိုပါနဲ့

၁၁။ ဘာဖြစ်နေလဲဟင် လို့ကျွန်တော်တို့မေးတဲ့အခါ ဘာမှမဖြစ်ဘူးလို့ ခင်ဗျားပြန်ဖြေတယ်ဆိုရင်
ဟုတ်ပြီ ဘာမှမဖြစ်ဘူးလို့ပဲ သတ်မှတ်လိုက်တယ် . တစ်ကယ်တော့ ခင်ဗျားတစ်ခုခုဖြစ်နေတယ်ဆိုတာ
ကျွန်တော်တို့သိတယ် .. ဒါပေမဲ့ အဲ့တာကို မရမချင်း မေးဖို့ စိတ်မရှည်ဘူးဗျ

၁၂။ ခင်ဗျားကိုယ်တိုင်မဖြေချင်တဲ့ မေးခွန်းမျိုး ကျွန်တော်တို့ကိုမေးတဲ့အခါ ကျွန်တော်တို့ဖြေမဲ့အဖြေကလဲ
ခင်ဗျားကြားချင်တဲ့ အဖြေမျိုးမဖြစ်နိုင်ဘူးဆိုတာကြိုသိထားပါ

၁၃။ ခင်ဗျားမှာ အ၀တ်စားတွေအများကြီး ။ ဖိနပ်တွေအများကြီး ရှိပါတယ် မရှိဘူးလို့ မငြီးနဲ့ ဟုတ်တယ်မလား

ဒီစာကို ယောကျာ်းတွေဖတ်ရအောင်ဝေမျှလိုက်ပါ – သူတို့ရယ်ကြလိမ့်မယ်

ဒီစာကို မိန်းမတွေဖတ်ရအောင်ဝေမျှလိုက်ပါ – တချို့တွေ စိတ်ဆိုးကြလိမ့်မယ် ဒါပေမဲ့ တစ်ချို့ကတော့ ယောကျာ်းတွေထက်တောင်ပိုရယ်ကြလိမ့်မယ်
ဘာလို့လဲဆိုတော့ အကုန်လုံးအမှန်တွေကြီးပဲကိုးဗျ။

Jay Ki

မြင်သလို ပြောဆိုပါရစေ - Opinion




စိတ်ထဲမှာ အစာမကြေလို့ ပြောမိတာပါ။ မုန်းရင်လည်း ခံလိုက်တော့မယ်။ မနေ့က သုတစွယ်စုံ မီဒီယာက ကျင်းပပြုလုပ်တဲ့ စာပေဆုပေးပွဲကို တက်ရောက်ခွင့် ရခဲ့တယ်။ ကျွန်တော်က စာရေးတာလည်း ဝါသနာပါ၊ ဖိတ်ကြားခြင်းလည်း ခံရတာ ဆိုတော့ ဝမ်းမြောက်ဝမ်းသာ အဲဒီပွဲကို တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံ စာပေလောက အကြောင်းကို အားလုံးသိကြပြီးသား ဖြစ်ကြမယ် ထင်ပါတယ်။ ချည့်နဲ့နဲ့ ယိုင်နဲ့နဲ့ အနေအထားနဲ့ လျှောက်လှမ်းနေကြရတာ။ ဒီကြားထဲမှာ စာရေးသူတွေရဲ့ ဘဝက ပိုဆိုသေးတယ်။ ဝါသနာပါလို့ စာတွေ ရေးနေရင်းက ဝမ်းရေးအတွက်ပါ ကြိုးစားရုန်းကန် နေကြရတဲ့ စာရေးသူတွေက အများစု ဖြစ်ကြတယ်။ ဒီခေတ် ကုန်ဈေးနှုန်းနဲ့ ရတဲ့ စာမူခတွေ ယှဉ်ရင် ဘယ်လိုမှ မဖြစ်နိုင်တဲ့ ရပ်တည်မှုတွေကြားကပဲ မရေးရမနေနိုင် ရေးနေကြတာ တွေ့ရတာ။

ဆုပေးပွဲမှာ ဆရာတင်နိုင်တိုးနဲ့ တွေ့တော့ “ဆရာစာတွေ အတော်ရေးနိုင်တယ်နော်” လို့ ချီးကျူးစကား ဆိုလိုက်တော့ ကိုတင်နိုင်တိုးက “ဝါသနာကြောင့်ပါဗျာ” ဆိုတဲ့ စကားက မြန်မာ စာရေးဆရာတွေရဲ့ ဘဝကို ထင်ဟပ် ပြလိုက်သလို ရှိတယ်။ ဒီဆရာတွေ ဝါသနာနဲ့ ရေးနိုင်၊ ရှာဖွေနိုင်၊ လေ့လာနိုင်အောင် ဆိုတာ မပူမပင် မကြောင့်မကြနဲ့ နေနိုင်ဖို့ လိုတယ်။ စာမူခတစ်ပုဒ် တစ်သောင်းလောက်နဲ့ စာရေးသူ တစ်ယောက်ရဲ့ စာဟာ နေ့တိုင်း ဂျာနယ်တွေ၊ သတင်းစာတွေထဲမှာ မပါနိုင်ဘူး။ စာရေးသူတွေဟာ သူတို့စာတွေကို မိတ္တူစက်လို လှိမ့်ထုတ်လို့ မရသလို၊ ဂျာနယ် သတင်းစာတိုက်တွေကလည်း သူ့တစ်ယောက်တည်းရဲ့ စာတွေကိုပဲ နေ့တိုင်း ဖော်ပြပါ့မယ်လို့ အာမခံချက် ပေးနိုင်မယ် မထင်ဘူး။ ဒါကြောင့် စာရေးသူတွေဟာ ချည့်နဲ့နဲ့ ရပ်တည်နေရတယ်လို့ ပြောမိတာ။

စာရေးသူတွေရဲ့ အားအင်တွေကို ဖြည့်ပေးနေတဲ့ အထောက်အကူပြု အဖွဲ့တွေကတော့ နိုင်ငံတော် စာပေဆုရွေးချယ်ရေး အဖွဲ့အပြင် အခြားပုဂ္ဂလိက စာပေဆု ရွေးချယ်ပေးနေတဲ့ အဖွဲ့လေးတွေ ဖြစ်ပါတယ်။ ဒီကြားထဲမှာ စွယ်စုံမီဒီယာ အုပ်စုရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာတင်ထွန်းဦးကိုလည်း ကျေးဇူးတင်ရမယ်။ သူက စာပေလောကသားတွေကို သူ့နည်းသူ့ဟန်နဲ့ အသက်ဆက်နိုင်ရေး အထောက်အကူ ပေးနေတာလို့ ပြောရင် ရနိုင်ပါတယ်။

ဒီနှစ် စာပေဆုက ခုနစ်ဆုနဲ့၊ တစ်သက်တာ စာပေဆုက တစ်ဆု စုစုပေါင်း ရှစ်ဆုပေးကြောင်း အခမ်းအနားမှာ သိရတယ်။ ဆရာဒေါက်တာတင်ထွန်းဦးက ပဏာမ စကားပြောစဉ်မှာ စာအုပ်ရေးတဲ့ စာရေးသူရဲ့ တင်ပြပုံ၊ ရေးဖွဲ့ပုံတွေသာမက ထုတ်ဝေသူတွေရဲ့ စာအုပ်ဒီဇိုင်း အဆင်အပြင် သေသပ် လှပမှုတွေကိုလည်း စဉ်းစားတယ်ဆိုတဲ့ အချက်ကို သဘောကျမိတယ်။ ဆရာ့စကားထဲမှာ အချို့စာအုပ်တွေဟာ အကြောင်းအရာ ကောင်းပေမယ့် စာအုပ်တွေက နှစ်လိုဖွယ်၊ ကိုင်ကြည့်ချင်ဖွယ် မကောင်းလောက်အောင် အဆင်အပြင် ညံ့ဖျင်းတာကြောင့် ဆုရွေးချယ်ရေးနဲ့ လွဲဖယ်ခဲ့ရတယ်လို့ ပြောလိုက်တာဟာ မြန်မာ့စာပေလောကကို သတိထား ဆင်ခြင်နိုင်အောင် ထောက်ပြ ဝေဖန်လိုက်တာပဲလို့ ယူဆပါတယ်။ ပြီးတော့ စာအုပ် ထုတ်ဝေရေး လုပ်ငန်းဆိုတာ စာရေးသူနဲ့ ထုတ်ဝေသူတို့ ပေါင်းစပ်အားထုတ်မှု ဘယ်လောက် လိုအပ်သလဲ ဆိုတာကိုလည်း မီးမောင်း ထိုးပြလိုက်သလို ရှိပါတယ်။

ဒီနေ့ပွဲမှာ ထူးခြားတာက ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် အခမ်းအနားကို တက်ရောက် ချီးမြှင့်တယ်။ ဒါပေမဲ့ ဝန်ကြီးက စာရေးသူတွေ၊ ကြွရောက်သူတွေကို ရင်းနှီးစွာ နှုတ်ဆက်၊ ဆုယူပြီး ဆင်းလာတဲ့ သက်ကြီး စာရေးဆရာကြီးတွေကို ကိုယ်တိုင်ထပြီး ဖေးမတွဲနဲ့ မလုပ်ဖူးတာတွေ လုပ်သွားတာ သတိထားမိတယ်။ ပိုပြီး ထူးခြားတာက ခါတိုင်း ဒီလိုပွဲမျိုးတွေဆိုရင် ဝန်ကြီးကိုယ်တိုင် မိန့်ခွန်း တက်ပြောပေးရတဲ့ နေရာမှာ ဒီနေ့တော့ ဝန်ကြီးက ဘာမိန့်ခွန်းမှ တက်ပြောခြင်း မရှိဘဲ ပြုံးပြုံးကြီးနဲ့ နားထောင်နေတာ တွေ့ရတာကတော့ ထူးခြားချက်ပဲလို့ ပြောရမယ်။

ကျွန်တော် အားနာနာနဲ့ ပြောရမယ့် စိတ်ပျက်စရာ ကောင်းတဲ့ အကျင့်စရိုက်တွေကို ရှေ့မျက်နှာ နောက်ထားပြီး ပြောရတော့မှာပဲ။ ဆုတွေအားလုံး ပေးပြီးချိန်မှာ ဆုရ စာရေးဆရာတွေရဲ့ကိုယ်စား တက္ကသိုလ်စိန်တင်က ကျေးဇူးတင်စကား တက်ပြောပေးရမယ့် အလှည့်ရောက်လာတယ်။ အဲဒီအချိန်မှာ စလိုက်တာနဲ့ စာပေဟောပြောပွဲပုံစံ ဟစ်ကြွေးလိုက်ကတည်းက သွားပြီဆိုတာ သိလိုက်ရတယ်။ ပြီးတော့ တစ်နာရီလောက်ကို ကျေးဇူးတင်စကား တစ်လုံးမှမပါဘဲ သူ့စာအုပ်ကောင်းကြောင်း၊ ဦးနုအကြောင်း၊ ဒီမိုကရေစီ အကြောင်းတွေကို ပြောသွားတယ်။ ဒါတွေ အားလုံးဟာ စာအုပ်ထဲ ပါပြီးသားတွေပဲ။ အကြောင်းအရာ အတော်များများဟာလည်း ဒီပွဲကို တက်ရောက်လာသူတွေ အားလုံးလိုလိုက လူညံ့တွေ မဟုတ်တော့ သိကြမယ် ထင်ပါတယ်။

စာပေဆုပေးပွဲမှာ ဆုရသူများ ကိုယ်စား ကျေးဇူးတင် စကားလို့ အခမ်းအနားမှူးက စကားပလ္လင် ခံလိုက်ပေမယ့် ဆရာတွေက စာပေဟောပြောပွဲ စိတ်ရောက်သွားသလား၊ စာအုပ် ကြော်ငြာဖို့ စိတ်ဝင်စားသွားသလားတော့ မပြောတတ်ပါဘူး။ သိတာတွေ၊ တတ်တာတွေ အကုန်နှောပြီး တစ်နာရီလောက် စာအုပ်အညွှန်း လုပ်သွားတာကတော့ တက်ရောက်လာသူတွေကို စော်ကားသလို ထင်မိတယ်။

ပိုဆိုးတာက နောက်ပိုင်းမှ ရောက်လာတယ်။ ဒေါက်တာ ခင်မောင်ညိုက တစ်ခါ စင်ပေါ်တက်ပြန်တယ်။ ပုံနှိပ်အစ ဂူတင်ဘတ်ကနေ သမိုင်းချီလိုက်တာ သူနိုင်ငံခြား ရောက်ခဲ့တာရော၊ ပညာသင်ခဲ့တာတွေ အပါအဝင် တတ်သိထားတာတွေ နောက်ထပ် ဝင်ညွှန်းတာက အချိန်အတော်ကြာသွားပြန်တယ်။ ပိုဆိုးတဲ့ အလှည့် ရောက်လာပြန်ပါတယ်။ ဆရာဖိုးသောကြာ အလှည့်ကျမှ သတင်းစာသမိုင်း လှန်တော့တာ။

အားလုံးကို ခြုံပြောရရင် ဒီအခမ်းအနားဟာ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို ကြေညာတဲ့ နေရာလား၊ ကိုယ့်ကိုယ်ကိုယ် ကြော်ငြာတဲ့ နေရာလား၊ ကိုယ်တော်ကြောင်း တတ်ကြောင်း ကြွားတဲ့နေရာလား ပြန်လည် သုံးသပ်ဖို့ လိုပါတယ်။ ပြီးတော့ အခမ်းအနားတစ်ခုမှာ ဘယ်သူတွေ တက်လာသလဲ၊ ငါဘယ်လောက် ပြောသင့်သလဲ၊ ဒီအခမ်းအနားဟာ ဘာအခမ်းအနားလဲ၊ ငါဘယ်လောက် ပြောဖို့ သင့်တော်သလဲ၊ လူတွေက ဘယ်လောက် လက်ခံနိုင်စွမ်း ရှိသလဲ စတာ စတာတွေကို ပြန်လည် သုံးသပ်ဖို့ လိုမယ် ထင်တယ်။

ဟိုတယ်ကြီးတစ်ခုမှာ အခမ်းအနားတစ်ခုကို ကျင်းပတယ် ဆိုတာ နာရီပိုင်းနဲ့ အချိန်ကို ဝယ်ကြရတယ်။ ဒီအခမ်းအနားအတွက် သူတို့လည်း အချိန်ကို ဝယ်ထားရမှာ သေချာတယ်။ ၂ နာရီကနေ စလိုက်တဲ့ အခမ်းအနားဟာ ၄ နာရီခွဲ ၅ နာရီလောက်အထိ ကြာသွားတယ် ဆိုတာကတော့ အချိန်တွေ ဘယ်လောက် ပုပ်သွားတယ် ဆိုတာ ကာယကံရှင်တွေပဲ သိပါလိမ့်မယ်။

စာရေးဆရာကြီးတွေ ဆိုပြီး မပြောရဲ၊ မဆိုရဲ လွှတ်ထားပေးလိုက်တော့ စာပေဟောပြောပွဲနဲ့ ပုံမှားရိုက်သွားတဲ့ ကိုယ့်ကိုယ်ကိုယ် ဖော်သူတွေကြောင့် ဝန်ကြီးလည်း လှိမ့်ပိန့်ပြီးတော့ ထိုင်နေရ၊ ပရိသတ်တွေကလည်း မအီမသာ၊ ထပြီး တားဝံ့တဲ့ သူတွေကလည်း မရှိတာကြောင့် လေးစား ဂုဏ်ယူစရာ ကောင်းသော စာပေဆုနှင်းပွဲကြီးဟာ အီလေးဆွဲပြီး မကြာသင့်ဘဲ ကြာသွားခဲ့ရပါတယ် ခင်ဗျား။

(အငြိမ်းစား ကျောင်းဆရာတစ်ဦး)
မှတ်ချက်။ ။ ဤကဏ္ဍပါ ဖော်ပြချက်များသည် စာရေးသူ၏ ကိုယ်ပိုင်ယူဆချက် အာဘော်များသာ ဖြစ်ပြီး The Voice Daily ၏ အာဘော် မဟုတ်ပါ။



နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင် အောင်


အိပ်ရေး မဝတာကြောင့် ငြီးစီစီကြီး ဖြစ်နေတယ် ဆိုတာ ကိုတော့ သိကြပြီး သားပါ။ အခု ဆွီဒင်မှ လေ့လာမှု အသစ် အရ အိပ်ရေး မဝခဲ့ရင် ကယ်လိုရီ လောင် ကျွမ်းနိုင်စွမ်း ၂၀ ရာခိုင်နှုန်းခန့် ကျဆင်း ပြီး ဆာလောင်မှု ဖြစ်စေတဲ့ ဟော်မုန်း Ghrelin ထုတ်လုပ်မှုလည်း မြင့်တက်လာ နိုင်တယ်လို့ သိရပါတယ်။ ညစဉ် အနည်း ဆုံး ခုနစ်နာရီခန့် အိပ်စက်တာကြောင့် လေးရက်အတွင်း ဇီဝရုပ်ဖြစ်ပျက်နှုန်း ပြန် လည် ကောင်းမွန်ပြီး ကိုယ်အလေးချိန် ၂၄ ပေါင်ခန့် ကျဆင်းအောင် ကူညီနိုင် တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါ တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင် အောင် အောက်ပါတို့ကို ပြုလုပ်ပေးပါ။

ညနေချိန်တွင် သစ်သီးစားပါ

သစ်သီးမှာပါဝင်တဲ့ သဘာဝ သကြား ဓာတ်ဖြစ်တဲ့Fructose ဟာ ဦးနှောက်မှ စိတ်အေးချမ်းမှု ရှိစေတဲ့ ဓာတုပစ္စည်း ထုတ်လုပ်မှုကို မြင့်တက်စေပြီး မိနစ် ၂၀ အတွင်း အိပ်ငိုက်စေနိုင်တယ်လို့ သုတေ သီတွေက ဆိုပါတယ်။

ဇက်ချိုးပါ

အိပ်ရာမဝင်ခင် ၁၀ မိနစ်အလိုမှာ ဦးခေါင်းလှည့်ပြီး ဇက်ချိုးတာကြောင့် အမျိုးသမီး ၉၀ ရာခိုင်နှုန်းမှာ တင်းမာမှု နဲ့ စိုးရိမ်စိတ်အတွေးတွေ လျော့ကျပြီး အလွယ်တကူအိပ်ပျော်နိုင်တယ်လို့ သိရ ပါတယ်။

ညဝတ္အက်ႌပြပြဝတ္ပါ

အင်္ကျီတင်းတင်းကျပ်ကျပ်တွေ ဝတ် ထားတာကြောင့် ခန္ဓာကိုယ်မှ အပူချိန် တွေ ထွက်မသွားအောင် တားမြစ်နိုင်တဲ့ အတွက် ကိုယ်အပူချိန် မြင့်တက်နေပြီး ဦးနှောက်မှ အိပ်ပျော်မှုကောင်းစေတဲ့ Melatonin ဟော်မုန်းထုတ်လုပ်မှု နှေး ကွေးသွားပါတယ်။ အင်္ကျီပွပွတွေ ဝတ် ထားတာကြောင့် ခန္ဓာကိုယ်အပူချိန် လျော့ သွားနိုင်ပါတယ်။

ခြေသလုံး နှိပ်ပေးပါ

အိပ်ရာဝင်ချိန်မှာ ခြေသလုံြးွကက် သားကို ငါးမိနစ်ခန့် နှိပ်နယ်ပေးတာ ကြောင့် အိပ်ပျော်နိုင်မှု နှစ်ဆပိုမြန်သွား ပါတယ်။ နှိပ်တာကြောင့် ခြေထောက်မှာ ရှိတဲ့ အာရုံကြောတွေ လှုံ့ဆော်မှုရရှိစေပြီး အိပ်တာကို အနှောင့်အယှက်ဖြစ်စေတဲ့ ဖိစီးမှုဟော်မုန်း ထွက်ရှိမှုနည်းသွားပါတယ်။

အိပ်ခန်းတွင်း Lavender ရနံ့ ထည့်ပါ

Lavender ရနံ့ရှူ ရတာကြောင့် ဦး နှောက်မှ စိတ်အေးချမ်းမှုရရှိတဲ့ လှိုင်းတွေ ထုတ်လုပ်မှုပိုများလာပြီး ၁၀ မိနစ်အတွင်း အိပ်ပျော်စေနိုင်တယ်လို့ သုတေသီတွေ က ဆိုပါတယ်။

Good Health

အမြန်လမ်းအကျွတ်အလွတ်ပွဲအပြီး နှစ်ရက်အကြာ ခရီးသည်တင်ယာဉ်မှောက် ၁၄ ဦးသေ

သဲပုံစေတီတည်၍ အကျွတ်အလွတ်ပွဲ ပြုလုပ်ပြီး နှစ်ရက်အကြာ အမြန်လမ်းမကြီး ပေါ်တွင် ခရီးသည်တင်ယာဉ်တစ် စီး ထပ်မံတိမ်းမှောက်ခဲ့ကာ ခရီး သည် ၁၄ ဦး သေဆုံးပြီး ဒဏ်ရာ ရရှိသည့် ခရီးသည်များမှာလည်း အရေးပေါ် အခြေအနေဖြစ်နေ ကြောင်း သတင်းရရှိသည်။


နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာသော ရာဇာမင်း ခရီးသည်တင်ယာဉ်သည် နေပြည်တော်အထွက် တိုးဂိတ်အကျော် တွင် တိမ်းမှောက်၍ တံတား အောက်သို့ ပြုတ်ကျခဲ့ခြင်းဖြစ် သည်။ စုစုပေါင်း ယာဉ်ပေါ်ပါ ခရီးသည် ၄၃ ဦးရှိပြီး ဒဏ်ရာ ရရှိသူ ၂၉ ဦးဖြစ်ကြောင်း သတင်း ရရှိသည်။

‘‘စဖြစ်တဲ့နေရာကို ကျွန် တော်အရင်ဆုံး ရောက်တာပဲ။ မသေမရှင် ၁၀ ယောက်လောက် ဆွဲထုတ်ပေးနိုင်ခဲ့တယ်။ အပြင် ရောက်ရေးဦးစားပေးခဲ့ရလို့ ကျိုးနေတဲ့သူတွေပဲ အတင်းဆွဲခဲ့မိတယ်။ ပိုတော့ မဆိုးသွားဘူးထင်ပါတယ်။ ကားက စောင်းနေတော့ အချိန်မရွေး မှောက်သွားနိုင်တယ်လေ။ ကားပေါ်ပါတဲ့ ယောက်ျားလေးအများစုက ကျိုးကုန်၊ သေကုန်ကြတော့ ပိုခက်သွားတယ်။ ရဲစခန်းကို ဖုန်းဆက်တော့ တစ်လုံးက ပိတ်ထားတယ်။ တစ်လုံးက မကိုင်ဘူး။ ဒါပေမဲ့ ရဲတွေကလည်းမိနစ် ၂၀ လောက်အတွင်း ရောက်ကြပါတယ်’’ဟု ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိသူများကို ကယ်ဆယ်ပေးခဲ့သော ဦးစိုးမင်းလွင်က ပြောသည်။

မေလ ၁၂ ရက် ည ၆နာရီ ၄၅ မိနစ်တွင် ရာဇာမင်းခရီးသည်တင်ယာဉ်သည် မိုင်တိုင် ၁၉၇  အနီး၌ မိုးသည်းထန်စွာ ရွာသွန်းနေစဉ် ရှေ့မှ မောင်းနှင်နေသော ကားငယ်တစ်စီးကို ကျော်တက်ရာ  အရှိန်များ၍ တိမ်းမှောက်မှု ဖြစ်ပွားပြီး တံတားအောက်သို့ ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သည်။

‘‘ဖြစ်တဲ့အချိန်မှာ မိုးသည်းထန်စွာ ရွာနေတယ်။ ယာဉ်မောင်း က အရှိန်မလျှော့ဘဲမောင်းတယ်။ မိုင်တိုင် ၁၉၇-၆ မှတ်တိုင်ကို ၀င် တိုက်တယ်။ နောက်ပြီး ၀ဲဘက် မီးရထားခုံးကျော်တံတားအကာ အရံတွေကို ၀င်တိုက်ပြီး အောက် ဆင်းသွားတာ’’ ဟု ယာဉ်တိမ်း မှောက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

ထိုသို့ပြုတ်ကျသောကြောင့် ကားပေါ်ပါလာသော ခရီးသည် ၄၃ ဦးထဲမှ ကျား ၁၀ ဦး၊ မ ၄ ဦးသေဆုံးခြင်းဖြစ်သည်။ ခရီးသည် ၃ ဦးကို လယ်ဝေးမြို့ ဆေးရုံသို့ ပို့ဆောင်ထားပြီး ကျန်ဒဏ်ရာရရှိ သူများကို နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ထား ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ရဲမှူး ကြီးနေ၀င်းကပြောသည်။

ခရီးသည် ၁၄ ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ပြီး ခုတင်၁၀၀၀ သို့ပို့ထားသည့် ခရီးသည်များမှာ ဒဏ်ရာအလွန်ပြင်းထန်နေပြီး ၎င်းတို့အထဲတွင် ယာဉ်မောင်းပါ ပါဝင်ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ကားက အောက်ကို ကျ သွားတာပါ။ ဖြစ်စဉ်ကတော့ သေချာပြောလို့ မရသေးပါဘူး။ ခုလောလောဆယ်ကတော့ ကယ်ဆယ်ရေး အရင်လုပ်နေပါ တယ်။ ဖြစ်တဲ့အချိန်မှာ မိုးတွေ ရွာနေလို့ လုပ်ရတာခက်ခဲနေပါတယ်’’ဟု ရဲမှူးကြီးနေ၀င်းက ပြောသည်။

ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ရာဇာမင်းကားဂိတ်သို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ယင်းကားသည် နေပြည်တော်မှ ရန်ကုန်သို့ ညနေ ၆ နာရီတွင် စတင်ထွက်ခွာသည့် ကားဖြစ်ပြီး တာဝန်ရှိသူများ အခင်းဖြစ်ပွား သည့်နေရာသို့ လိုက်သွားကြောင်း ဖြေကြားသည်။

မိုးက ရုတ်တရက် သဲသဲမဲမဲ ရွာချစဉ် မိုင်နှုန်းလျှော့ချလိုက်ပြီး ၅ မိနစ်ခန့်အကြာတွင်လူတစ်ယောက်က အင်္ကျီဝှေ့ယမ်းအကူအညီတောင်းခံသည်ကို တွေ့ခဲ့ရသည်။ ထိုနေရာတွင်ကားရပ်မပေးရဲဘဲ ကျော်ရပ်လိုက်ချိန်တွင် အော်သံ၊ ညည်းသံများကြားခဲ့ရကြောင်း ပါဝင်ကယ်ဆယ်ပေးခဲ့သူ ဦးစိုးမင်းလွင်ကပြောသည်။

‘‘နောက်တော့များ ဒီလိုမြင်ကွင်းမျိုးမတွေ့ပါရစေနဲ့။ ကားစပယ်ယာလား၊ ဒရိုင်ဘာလား၊ ကားလိုင်းက တစ်ယောက်ယောက် ထွက်မပြေးဘဲ ကယ်နိုင်သလောက်ကယ်ရှာပါတယ်’’ ဟု ဦးစိုးမင်းလွင်က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

အမြန်လမ်းမကြီးတွင် ကား မှောက်မှုများ မကြာခဏဖြစ်ပွား နေသောကြောင့် ၁၁၆ မိုင်၌သဲပုံစေတီတည်၍ မကျွတ်မလွတ် သော တစ္ဆေသရဲများကို မေတ္တာ ပို့အမျှဝေခြင်း၊ နှင်ထုတ်ခြင်းများ ကို မေလ ၇ ရက်မှ ၁၀ ရက်ထိ ပြု လုပ်ခဲ့ကြသည်။

၂၀၁၄ ဧပြီလအထိ လေး လအတွင်း အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှု ၁၄၇ မှုဖြစ်ပွားခဲ့ပြီး ၅၇ ဦးသေဆုံးခဲ့သည်။ စတင်ဖွင့်လှစ်သော ၂၀၀၉ ခုနှစ်မှ ယနေ့အချိန်ထိ ယာဉ်တိုက်မှုကြောင့်သေဆုံးသူ ၃၆၀ ကျော်နေပြီဖြစ်သည်။

7Day Daily

လူသတ်မှု ကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်း မရှိသဖြင့် အသတ်ခံရသူ၏ မိသားစုဝင်များ စိုးရိမ်ထိတ်လန့်


ရန်ကုန်၊ မေ ၁၂
မန္တလေးမြို့တော်တွင် မေလဆန်းက ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ကျူးလွန်ခဲ့သည့် လူသတ်မှုတွင် တရားခံများကို ဖမ်းဆီးရမိခြင်း မရှိသေးသောကြောင့် အသတ်ခံရသူ၏ မိဘနှင့် ဆွေမျိုး အသိုင်းအဝိုင်းများ စိုးရိမ်ထိတ်လန့် နေရကြောင်း သေဆုံးသူ၏ ဖခင်ဖြစ်သူ ဦးမြင့်သိန်းက ပြောကြားသည်။

ပြင်ဦးလွင်မြို့နယ် ကောင်းလွန်း ကျေးရွာအုပ်စု၊ ဂွေးပင်ကျေးရွာတွင် နေထိုင်သည့် သားဖြစ်သူ ဦးသိန်းထွဋ်အောင် (၃၀ နှစ်) နှင့် မွေးစားသားဖြစ်သူ မောင်ရဲ (၁၈ နှစ်) တို့နှစ်ဦး ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းရှိ အဲဗားဂရင်း စားသောက်ဆိုင်တွင် မေလ ၃ ရက်နေ့ ညပိုင်းက စားသောက်နေစဉ် လူတစ်စုက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ယင်းတိုက်ခိုက်မှုကြောင့် သားဖြစ်သူမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ လက်တစ်ဖက်ပြတ် ဒဏ်ရာဖြင့် ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း၊

အဆိုပါ ထွက်ပြေးလွတ်မြောက် လာသူ၏ ပြောကြားချက်အရ ဦးစိုးမင်း ဆိုသူနှင့် အပေါင်းအပါများက ကားတစ်စီးဖြင့် ရောက်ရှိလာပြီး အသင့်ယူဆောင်လာသည့် ဓားများဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဦးမြင့်သိန်းက ပြောဆိုသည်။
“ဦးစိုးမင်း ဆိုတာက လယ်ယာမြေကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အပေါ်မှာ မကျေနပ်မှုတွေ ရှိနေပါတယ်၊ ကျွန်တော့်ကို သတ်မရလို့ သားကိုသတ်သွားတာ။

သူ့တပည့်တွေက ရွာထဲမှာလိုက်ပြီး ခြိမ်းခြောက် ဆဲဆိုနေတာတွေ ရှိနေပါတယ်။ ပြီးတော့ ကျွန်တော်တို့ သွားလာတဲ့ နေရာမှာလည်း မလုံခြုံပါဘူး။ သက်ဆိုင်ရာ ရဲစခန်းကို အကြောင်းကြားတော့လည်း အရေးယူတာ မရှိဘူး” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။

အဆိုပါ ဦးစိုးမင်း ဆိုသူသည် ယခင်က ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးဖြစ်ပြီး အုပ်စုဖွဲ့၊ တပည့်မွေးကာ လယ်ယာမြေ အရေးကိစ္စများနှင့် ပတ်သက်ပြီး ရွာသူ၊ ရွာသားများ အပေါ်တွင် မကြာခဏ အနိုင်ကျင့် ဗိုလ်ကျနေသူ ဖြစ်ကြောင်း ဂွေးပင်ကျေးရွာ၏ ရာအိမ်မှူးဖြစ်သူ ဦးစိန်ဝင်းက ပြောကြားသည်။

“ပြောရရင် သူက သူများလုပ်နေတဲ့ လယ်တွေ၊ ယာတွေကို မတရား သိမ်းချင်နေတာ။ ဒါကို ကျွန်တော်ရော၊ ဦးမြင့်သိန်းတို့က ငြိမ်မခံဘဲ သူနဲ့ အတိုက်အခံ ဖြစ်နေတာ၊ မကြာခဏ ဆိုသလို ကျွန်တော်တို့အပေါ်မှာ ရန်ပြုမယ့် အရိပ်အယောင်တွေ အရင်ကတည်းက တွေ့နေရတယ်၊ သူတို့အုပ်စုကို တစ်ရွာလုံးက ကြောက်ရတယ်” ဟု ၎င်းကရှင်းလင်း ပြောဆိုသည်။

ဦးစိုးမင်းကို အခင်းဖြစ်ပြီး နောက်ရက်တွင် ၎င်း၏နေအိမ်သို့ လာရောက် ဖမ်းဆီးခဲ့သော်လည်း တိမ်းရှောင်နေခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် ဦးစိုးမင်း၏ ညီဖြစ်သူ ဦးစိုးလင်းကို မေလ ၅ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ရာအိမ်မှူး ဦးစိန်ဝင်းက ဆိုသည်။

ပြစ်မှုကျူးလွန်သူဟု တိုင်ကြားခံရသည့် ဦးစိုးမင်း အပါအဝင် ဦးကျော်စွာ၊ ဦးကြည်ရွှေတို့ သုံးဦးကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းနေဆဲဖြစ်ပြီး အဆိုပါ အမှုအတွက် ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းက (ပ)၂၅၇/၁၄၊ ပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း၊ ဖမ်းဆီးရမိသူ ဦးစိုးလင်းကိုလည်း ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း မန္တလေးတိုင်းဒေသကြီး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဖြစ်သူ ဒုရဲမှူးကြီး စိန်ထွန်းက The Voice သို့ ပြောကြားသည်။

“ကျန်တဲ့ မိသားစုဝင်တွေရဲ့ လုံခြုံရေး အတွက်တော့ ကျွန်တော့် ဖုန်းနံပါတ် ပေးထားပါတယ်။ အရေးအကြောင်းရှိရင် ကျွန်တော့်ဆီ ဖုန်းဆက်ဖို့ ပြောထားပါတယ်” ဟု ၎င်းကဆိုသည်။

The Voice Weekly

အစား အရမ်းစားပြီး အ၀လွန်လာလို့ အစာအိမ် ခွဲစိတ်ရမယ့် လေးနှစ်သား

အိန္ဒိယနိုင်ငံမှာ အသက် ၄နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ အလွန်ဝလာတာကြောင့် ကိုယ်အလေးချိန် ကျစေဖို့ သူ့ရဲ့ အစာအိမ်ကို ၇၀ရာခိုင်နှုန်းလောက် ဖြတ်ထုတ်ပေးဖို့ မိဘတွေက ခွဲစိတ်ဆရာဝန်တွေ ထံမှာ အကူအညီတောင်းခဲ့ပါတယ်။

လေးနှစ်သားလေး Rishi Khatau

လွန်ခဲ့တဲ့ စက်တင်ဘာမှာ သူဟာ ကိုယ်အလေးချိန် ၉၈ပေါင်ရှိခဲ့ပြီး သူ့ရဲ့မိဘတွေကတော့ သူ့ကို ဘယ်လိုမှ အစားရပ်အောင် လုပ်လို့မရဘူးလို့ ဆိုပါတယ်။

အဲဒီကလေးရဲ့ ခန္ဓာကိုယ်ဟာ အလွန်ကြီးတာကြောင့် လူကြီးအရွယ်ဝတ်တွေ ၀တ်ဆင်နေရပြီး သူ့ရဲ့ဘောင်းဘီ ခါးဆိုဒ်က ၃၆ လက်မ ရှိတယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ မိဘများအတွက် သူ့ရဲ့ အစာအိမ်ကို သေးငယ်အောင် ခွဲစိတ်ဖို့ကလွဲပြီး ဘာမှ မတတ်နိုင်တော့ပါဘူး။ အဆိုပါ ကလေးငယ်ဟာ ယင်းကဲ့သို့ ခွဲစိတ်ကုသမှုခံရသူများထဲမှာ ကမ္ဘာ့အသက်ငယ်ဆုံး ဖြစ်တယ်လို့ သိရပါတယ်။


သူ့ကို မွေးဖွားစဉ်က သုံးပေါင် ကိုးအောင်စသာ ရှိခဲ့ပြီး တစ်နှစ်အတွင်းမှာ ကလေးကို ကိုယ်ခန္ဓာကြီးထွားစေဖို့ အစာတွေ အလွန်အမင်းကျွေးခဲ့ပါတယ်။ ဒါ့ကြောင့် အသက် တစ်နှစ်ပြည့်ချိန်မှာ သူဟာ ကျန်းမာပြီး ကြံ့ခိုင်တဲ့ ကလေးတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက် ၆လအတွင်း သူဟာ တဖြည်းဖြည်းနဲ့ ကြီးထွားလာခဲ့ရာ အသက် ၂နှစ်ပြည့်တဲ့ အချိန်မှာတော့ သူဟာ ၄၂ပေါင် ရှိနေပါပြီ။ ဒါ့ကြောင့် မိဘတွေက စိုးရိမ်ပြီး ကလေးကို ကျွေးတဲ့ အစာပမာဏ တစ်ဝက်ကို လျော့ခဲ့ပေမယ့် ကလေးဟာ အစာမ၀တဲ့အတွက် အော်ဟစ် ငိုကြွေးခဲ့ပါတယ်။

ကလေးရဲ့ ဖခင် Mr Khatau က အခုလို ပြောပါတယ်။ သားဟာ အလွန်ဝတဲ့အတွက် ၁၀မိနစ်လောက်ပဲ အိပ်ပြီး ညဘက်လဲ နိုးနေတယ်။ နောက်ပြီး အသက်ရှူမရတဲ့ ဆိုးရွားတဲ့ ဒဏ်တွေကိုလည်း ခံရပြီး အမြဲ အသက်ရှူကျပ်လေ့ရှိတယ်။ ဒါ့ကြောင့် နောက်နှစ်အထိတောင် သူအသက်ရှင်ပါ့မလား ဆိုပြီး တွေးပူနေရတယ်လို့ ဆိုပါတယ်။

ကလေးငယ်ဟာ ဆရာဝန်နဲ့ အမြဲလိုလို တွေ့နေရပြီး ဆေးကုသခံနေရပါတယ်။ သူ့ရောဂါရဲ့ လက္ခဏာကတော့  Rishi with Prader Willi ဖြစ်ပြီး ဆိုလိုတာက ကယ်လိုရီကို ကောင်းကောင်း လောင်ကျွမ်းမပေးနိုင်တဲ့အတွက် ဖြစ်တယ်လို့ ဆရာဝန်က ပြောပါတယ်။ သူ့ကို နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့ပြောပေမယ့် မလုပ်နိုင်ဘူး။ သူ့ကို အမြဲအရိပ်တကြည့်ကြည့်နဲ့ လိုချင်တာ အကုန်လုပ်ပေးနေရတယ်လို့ ပြောပါတယ်။ သူဟာ ဘယ်တော့မှ သူစားရမယ့် စားစရာကို စိတ်တိုင်းမကျဘူးလို့  သိရပါတယ်။

Rishi Khatau တို့ မိသားစု

ဒီအတွက်ကြောင့် သားဖြစ်သူကို အပြစ်မတင်ဘဲ ဒါဟာ သူတို့ရဲ့ စိုးရိမ်စိတ်၊ ချစ်စိတ်တွေနဲ့ ကလေးကို အစာ အလွန်အကျွံကျွေးမိရာက ဖြစ်ခဲ့တဲ့အတွက် စိတ်မကောင်း ဖြစ်နေကြပါတယ်။ နောက်ဆုံးမှာတော့ ရွေးစရာ လမ်းမရှိဘဲ အစာအိမ်ချုံပစ်ဖို့ဘဲ ရှိတော့တာကြောင့် အဲဒါဟာ သူတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက် ဖြစ်တယ်လို့ သိရပါတယ်။ ကလေးငယ်ရဲ့ ခွဲစိတ်ကုသမှု အောင်မြင်ပါစေလို့ World-Myanmar News မှ ဆုတောင်းပေးပါတယ်။

ref: dailymail.co.uk
World-Myanmar News

စစ်အသုံးစရိတ် က အလှူအတန်း စရိတ်ထက် များနေ





၂၀၁၂ ခုနှစ်ရဲ့ စစ်အသုံး စရိတ်ကို စစ်တမ်းချုပ် ကြည့်တဲ့ အခါမှာ အမေရိကန် ဒေါ်လာ ၁၇၃၅ ဘီလျံ ရှိပါတယ်။ ယင်းဟာ တစ်ကမ္ဘာလုံးက စစ် အသုံးစရိတ် များကို စုပေါင်းလိုက်ခြင်း ဖြစ်ပြီး အမေရိကန် နဲ့ တရုတ်က ကမ္ဘာ့ စစ်အသုံးစရိတ် အများဆုံး နှစ်နိုင်ငံ ဖြစ်ပါတယ်။


 ပြီးရင် ရုရှား၊ မြောက်ကိုရီးယား၊ ပြင်သစ် နဲ့ အခြားသော ဥရောပနဲ့ အမေရိက နိုင်ငံ များက အစဉ်လိုက် ရှိနေပြီး အသုံးစရိတ်က တစ်နှစ်ထက် တစ်နှစ် ပိုမြင့် လာကြ ပါတယ်။ ယင်းထဲမှာ အမေရိကန်က ဦးဆောင် နေပါတယ်။ တစ်ဖက်မှာလည်း ကမ္ဘာ့ ဆင်းရဲသား နိုင်ငံ များက ပညာ မတတ်သေးတဲ့ ကလေးတွေ၊ လူငယ်တွေကို ပညာသင်ပေးရင် ကုန်ကျမယ့် စရိတ်ကို တွက်ပြ ထားပေး ပါတယ်။ ယင်းဟာ အမေရိကန်ဒေါ်လာ ၁၃၅ ဘီလျံပဲ ရှိပါတယ်။ ဒီတော့ လက်ရှိ ကမ္ဘာ့ စစ်အသုံး စရိတ်ရဲ့ ဆယ်ပုံပုံ တစ်ပုံတောင် မရှိ ပါဘူး။

ဒါကြောင့်မို့ စစ် အသုံးစရိတ် အစား ပညာရေးနဲ့ ကမ္ဘာ့ ဆင်းရဲသား နိုင်ငံများက လူဆင်းရဲ များရဲ့ ကျန်းမာရေး တို့အတွက် အသုံးပြု သင့်ကြောင့် လေ့လာသူများက မှတ်ချက်ပြု ပြောဆို ထားပါတယ်။
.
Ref: dyknow
အောင်ခမ်း (www.innewsmyanmar.com)

ဆိုးဆေးပါသည့် ငပိများ ပြန်လည်တွေ့ ရှိလာ၊ ပပျောက်သည် အထိ အရေးယူသွားမည်



ဆိုးဆေးများ ပါဝင်သော ငပိများ ဈေးကွက်အတွင်း ပြန်လည် တွေ့ရှိရသည့် အတွက် အရေးယူသွား မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန၊ အစားအသောက်နှင့် ဆေးဝါးဆိုင်ရာ ကွပ်ကဲမှု ဦးစီးဌာနမှ သိရသည်။
စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း ရေးအတွက် ယမန်နေ့က UMFCCI ခန်းမ တွင် မြန်မာနိုင်ငံ စားသူများ သမဂ္ဂမှ ဦးစီး၍ စားသုံးသူ ကာကွယ်ရေး ခြေရာကောက် လုပ်ငန်းစဉ် ဆွေးနွေးပွဲ တစ်ရပ် ကျင်းပခဲ့သည်။
““ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ ဘုရင့်နောင် ပွဲရုံမှာ စစ်ဆေးတဲ့အခါ အရောင်ဆိုးတဲ့ ငပိရှိတယ်၊ နည်းနည်းချင်း တစ်ဆင့်ထက် တစ်ဆင့် ပိုထွက်လာတယ်””ဟု ကျန်းမာရေး ၀န်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ဆိုင်ရာ ကွပ်ကဲမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်စောလှက ပြော သည်။
ယင်းသို့ စစ်ဆေးရာတွင် ပင်ရင်းမှ ဖြန့် ဖြူးသော လုပ်ငန်းများအား ပြည်နယ်နှင့် တိုင်းဒေသကြီး များအထိ စုံစမ်း စစ်ဆေးနေရ ဆဲဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ စစ်ဆေးနေကြောင်း ၎င်းက ဆက်ပြောသည်။
““ဈေးတွေကို စီမံခန့်ခွဲတဲ့ အခါမှာ စား သုံးသူ ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ကျွန်တော် တို့က FDA (အစားအသောက်နှင့် ဆေးဝါး ဆိုင်ရာ ကွပ်ကဲမှု ဦးစီးဌာန)က တားမြစ်ထား တဲ့ ကိစ္စ၊ သတင်းမှာ ကြေညာထားတဲ့ မရောင်းရ ပစ္စည်းတွေ ဈေးထဲမှာ တင်ရောင်း နေသလား ဆိုတာ လိုက်စစ်ပါတယ်””ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ ဈေးများဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဆိုးဆေးများ ပါရှိသော စားသောက် ကုန်များအား ရောင်းချသည်ကို ဈေးဝယ်သူ များမှ တိုင်ကြားလာသည့် အခါ မည်သူက ရောင်းချသည်ကို မေးမြန်းစုံစမ်းရာတွင် ဈေး ၀ယ်သူမှ ထိုဈေးသည်အား နေ့စဉ်မြင်တွေ့ နေရသည့် အတွက် အတိအကျ ဖြေကြားခြင်း မရှိကြောင်း သိရသည်။ ယင်းအတွက်ကြောင့် ဈေးတစ်ခုလုံး လိုက်လံ စစ်ဆေးရာတွင် တား မြစ်ထား သည့် ပစ္စည်း ရောင်းချသူများက ပစ္စည်း များ သိမ်းဆည်းထားပြီး ဖြစ်သည့် အတွက် အတိအကျ ဖော်ထုတ် မရသည့် အခက်အခဲ များလည်းရှိကြောင်း ၎င်းက ဆက်ပြောသည်။
ငပိတွင် ဆိုးဆေး၊ ဓာတ်မြေသြဇာများ ပါရှိသည်ဟု စားသုံးသူ ကာကွယ်ရေး အသင်း တစ်သင်းမှ ဖော်ထုတ်ခဲ့သည့် အတွက်၂၀၁၃ ခုနှစ်၊ နှစ်ကုန်ပိုင်း၌ ငပိရောင်းဝယ်မှု ကျဆင်း သည်အထိ ဖြစ်ခဲ့ပြီး ငပိ လုပ်ငန်းရှင်များ၊ ငပိ ပညာရှင် များမှ ပြန်လည် ရှင်းလင်း ခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

Messenger News Journal

မိခင်နှင့် သူစိမ်းတစ်ဦး အိပ်ရာထဲ ချစ်ရည်လူးနေသည့်ပုံကို သားဖြစ်သူက ဖခင်အား ပြ



ဇင်ဘာဘွေနိုင်ငံမှ လူငယ်တစ်ဦးသည် မိခင်ဖြစ်သူအား အိပ်ယာထဲ၌ အခြားယောင်္ကျားတစ်ဦးနှင့် အတူရိုတ်ကူးထားသည့် ၀လစ်စလစ်ဓါတ်ပုံများကို သူမ၏ လက်ကိုင်ဖုန်းထဲမှ တွေ့မြင်ခဲ့ရာ ဒေါသပေါက်ကွဲပြီး ယင်းဓါတ်ပုံများကို ဖခင်ဖြစ်သူ ဒူမိဆာနီ နာဘယ်လား အား ပြသခဲ့လေသည်။

ဓါတ်ပုံကို မြင်တွေ့ပြီးနောက် ဖခင်သည်လည်း ဒေါသူပုန်ထ၍ မိန်းမဖြစ်သူ၏ပါးပြင်အား ကိုက်ဆွဲ ကိုက်ဖြတ် ရန်လိုမှုပြုခဲ့သည်ဟု သိရသည်။ ထို့အပြင် မိန်းမဖြစ်သူသည်
၎င်းနှင့် လိင်ဆက်ဆံမှုမပြုသည်မှာ ၁ နှစ်နီးပါးရှိပြီဟု ဒူမိဆာနီ က ပြောသည်။

စွပ်စွဲခံ အမျိုးသမီး ကာဇီယာ နာဒယ်လား ကမူ သူမအိမ်ထောင်ရေးဖောက်ပြန်သည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။ ဒူမိဆာနီသည် ၁၈နှစ်ရှိပြီဖြစ်သော အိမ်ထောင်ရေးအား ရပ်စဲရန်အတွက် ကွာရှင်းစာချုပ်၌ လက်မှတ်ထိုးခိုင်းသဖြင့် သူမအား ရန်လိုတိုက်ခိုက်မှုပြုခြင်းဖြစ်ကြောင်း ကာဇီယာ က ပြောသည်။

ကာဇီယာအား ခင်ပွန်းဖြစ်သူ၏ တိုက်ခိုက်ခြင်းမှ ကာကွယ်ပေးရန် တရားရုံးမှ ကာကွယ်မိန့် ပေးသနားထားသည်။

Ref ; yourjewishnews


News Watch(စောင့်ကြည့်သတင်းဂျာနယ်) 

မိုးကြိုးထိမှန်ပြီး နေအိမ်မီးလောင်၍ သေဆုံး


နေပြည်တော်၊ မေ ၁၃

၂၀၁၄ ခုနှစ်၊ မေလ ၁၁ ရက်နေ့ ည ၇ နာရီချိန် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရေအေး ကျေးရွာအနောက်တောင်ဘက်(၃)မိုင်ခန့်အကွာရှိ အင်တောကြီးကွင်းတွင် အမျိုးသား(၁)ဦး မိုးကြိုးထိမှန် သေဆုံးနေကြောင်းသတင်းအရ ရွှေမြို့နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ရေအေးကျေးရွာနေ ကိုမင်းမင်းဌေး(၃၁)နှစ်အား ခေါင်းမှခါးအထိ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။

စစ်ဆေးချက်အရ အင်တောကြီးကွင်းရှိ (၃x၃)ပင် သက္ကယ်မိုး/ ထရံကာ/၀ါးကြမ်းခင်း နေအိမ်တဲအတွင်း၌ ကိုမင်းမင်းဌေး၊ ၎င်း၏ဇနီး မစန္ဒာဌေးနှင့် သားဖြစ်သူ မောင်ဉဏ်ဝင်းတို့ ၃ ဦး အတူအိပ်ပျော်နေစဉ် မိုးကြိုးပစ်သံကြားသဖြင့် မစန္ဒာဌေးမှ ထကြည့်ရာ နေအိမ်ခေါင်းရင်းထရံအား မီးစွဲလောင်နေသည်ကို တွေ့ရှိရသဖြင့် ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီ တောင်းခံပြီး တဲနီးချင်းများနှင့်အတူ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း၊

ထို့နောက် တဲအတွင်းကြည့်ရှု စစ်ဆေးရာ ကိုမင်းမင်းဌေးမှာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသည့်အပြင် တဲအတွင်းချည်နှောင် ထားသည့် နွား(၃)ကောင်အနက် နွားမ(၁)ကောင်ပါ သေဆုံးနေသည်ကို
တွေ့ရှိရကြောင်း သိရှိရသဖြင့် ရွှေမြို့နယ်မြေရဲစခန်း၊
သေမှုသေခင်းအမှတ်စဉ်(၆/၂၀၁၄)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။

ရဲဇာနည်

ဝင်ငွေနှစ်မျိုးကို နှိုင်းယှဉ်ကြည့်ခြင်း




စားပွဲထိုးတစ်ယောက်ရတဲ့ ဝင်ငွေဟာ ပြည်သူ့ဘဏ္ဍာကို တရားမဝင်နည်းနဲ့ ရယူနေသူတွေ ဝင်ငွေထက် သန့်စင်နေလို့ ရဲရဲရင့်ရင့်သေနိုင်တယ်ဆိုတဲ့စကားကြားတော့ ‘‘ကျွန်တော်ခွန်အားတွေရှိသွားပြီ’’လို့ လှိုက်လှိုက်လှဲလှဲပြောလာသူက စားပွဲထိုးအမျိုးသားလေးတစ်ဦး။

  ညဘက်စားသောက်ဆိုင် တစ်ဆိုင်မှာ မျက်မှန်းတန်းမိတဲ့ စားပွဲထိုးလေးတစ်ဦးနဲ့ မနက်ပိုင်း ရပ်ကွက်ထဲမှာ ဆုံဖြစ်တယ်။ တကယ်တော့ တစ်ရပ်ကွက်တည်း နေကြတာ။ ရပ်ကွက်ကလည်းကြီးနှစ်ယောက်လုံးကလည်း ငယ်မွေးခြံပေါက်  ရပ်ကွက်သားတွေမဟုတ်တော့ မသိကြ။ စားသောက်ဆိုင်မှာ မျက်မှန်းတန်းမိရုံဆိုတာကလည်း စားသောက်ပြီး ဘောက်ချာရှင်းတဲ့အခါ  ပိုတဲ့ငွေလေးအနည်းအကျဉ်း  ပေးဖူးတာမျိုးရှိတော့ သူမှတ်မိနေတာဖြစ်မယ်။ ခုလမ်းမှာတွေ့တော့ သူက တရင်တနှီးနှုတ်ဆက်တယ်။ ဒီလိုနဲ့ မကြာခဏလမ်းမှာ တွေ့ဆုံနှုတ်ဆက်ရင်းက ရင်းနှီးလာပြီး အိမ်လိပ်စာတွေ ဖလှယ်ဖြစ်တယ်ဆိုပါတော့။ ပြောချင်တာက တစ်ရက်မှာ ကျွန်တော့်အိမ်ကို သူ ရောက်လာတယ်။ သူရောက်လာခြင်းက ဒီစာရေးဖြစ်ဖို့အကြောင်း ဖန်လာခြင်းလို့ဆိုရမှာပဲ။

  သူ့အမည်က မောင်မြင့် အောင်၊ အသက်က (၁၉)နှစ် ကျော်ကျော်၊ မိဘတွေရဲ့ ဆင်းရဲ ခြင်းက သူ့ပညာရေးကိုခါးပြတ် စေတော့ မိသားစုစားဝတ်နေရေး ကို ရရာအလုပ်ဝင်လုပ်ရင်း ဖြေ ရှင်းခဲ့ရသူ။ လောကမှာ ဒါမျိုးတွေ ဒုနဲ့ဒေးမို့ ထူးဆန်းတဲ့အရာတော့ မဟုတ်။ ဒီထက်ဆိုးတဲ့ဘဝတွေ တောင် မနည်းမနောရှိနေသေး တာဆိုတော့ သူ့ဘဝဖြတ်သန်းပုံ က  ရေးကြီးခွင်ကျယ်ပြောပလောက်တဲ့အရာတော့မဟုတ်။ ပြောချင်တာက သူ့ရဲ့ လက်ရှိ အလုပ်အပေါ်မှာထားရှိတဲ့ သူ့ရဲ့ စိတ်ခံစားမှု  တိမ်းချော်နေတာ။ ခုလုပ်နေတဲ့ စားပွဲထိုးအလုပ်မှာ ကျင်လည်လာတာ ၂ နှစ်ပြည့်တော့မတဲ့။ လစာက ကျပ် ၅၀,၀၀၀။ သူပြောတဲ့ အောက်စိုက်ငွေနဲ့ပေါင်းလိုက်ရင် အလွန်ဆုံးတစ်လ ကျပ်တစ်သိန်းဝန်းကျင်။ လိုရင်းပြောရရင် ဒီအလုပ်ကို သူမလုပ်ချင်တော့။ အခြားအလုပ်လေးများတွေ့ရင်  အသံပြုပါလို့ ကျွန်တော့်ထံ  အကူအညီလာတောင်းတာ။ ဒီအလုပ်အပေါ်မှာ  သူတကယ်စိတ်ပျက်ငြီးငွေ့နေပုံရတယ်။

‘‘ဘာကြောင့်မလုပ်ချင်တာ လဲ။ ပင်ပန်းလို့လား’’လို့ ကျွန် တော်မေးတော့ သူက ‘‘အောက် ကျလို့’’တဲ့။ ကိုယ်ကလုပ်အား ပေးလို့ တစ်ဖက်က လုပ်အားခ ပြန်ပေးတာ ဘယ်လိုအောက်ကျတာများလဲလို့ ကျွန်တော်ပြန်မေးတော့ သူက ‘‘ကျွန်တော်တို့ရတဲ့ လစာကနည်းတော့ ဧည့်သည် တွေဆီကမျှော်ရတယ်။ သူတို့ ကျေနပ်အောင်အောက်ခြေသိမ်း လုပ်ပေးရတယ်။ အစ်ကိုတို့သိတဲ့ အတိုင်း အရက်ငှဲ့ပေးရတယ်။ ဆေးလိပ်မီးညှိပေးရတယ်။ ရေ ကုန်ရင်ရေ၊ အရက်ကုန်ရင် အရက် လိုက်ထည့်ပေးရတယ်။ သူတို့မှာတဲ့ အမြည်းနောက်ကျနေရင်လည်း အပြောအဆိုခံရသေးတယ်။ ကျွန်တော်တို့ကလည်း တစ်ဝိုင်းတည်းတာဝန်ယူရတာ မဟုတ်တော့ ဟိုဝိုင်းပြေးလိုက်၊ ဒီဝိုင်းပြေးလိုက်နဲ့။ သူတို့သဘောကျရင်တော့ တစ်ရာကနေ  တစ်ထောင်လောက်အထိ ပေးတတ်ကြပါတယ်။  ဒါပေမဲ့ အစ်ကိုရာ အဲဒီလိုကြီးယူရတာကို ကျွန်တော် ရှက်လာတယ်။ မယူရင်လည်း လစာနဲ့က အဆင်မပြေဘူး’’တဲ့။

တစ်ဖက်ကကျေကျေနပ်နပ် ကြည်ကြည်ဖြူဖြူပေးတာကိုယူရ တာ ရှက်လာတယ်ဆိုတော့ အမျိုးသမီးတစ်ယောက်ပြောဖူးတဲ့သူ့အစ်ကိုဝမ်းကွဲစည်ပင်ဝန်ထမ်းတစ်ယောက်အကြောင်းသွားသတိရမိတယ်။ သူမပြောပုံ အရ စည်ပင်သာယာရေးကော်မတီ၊ မော်တော်ယာဉ်ဌာနမှာ အကြီးအကဲမဟုတ်ပေမယ့်  လုပ်ကိုင်ခွင့်ရှိတဲ့ရာထူးတစ်ခုခုရထားပုံ။ ပင်ရင်းလစာကို  မမက်မောလောက်အောင်  ဝင်ငွေကောင်း တယ်ဆိုပဲ။သူအရက်မူးပြီးပြန် လာတဲ့နေ့ဆိုရင်  အခြေအနေကောင်းပြီတဲ့။  လက်ဆွဲအိတ် အမည်းထဲမှာ ငွေစက္ကူထုပ်တွေ မှအပြည့်၊ ဇစ်ဆွဲဖွင့်မရလောက်အောင် အိတ်ကဖောင်းကားနေတတ်သတဲ့။ သူမပြောပုံအရ အဲဒီစည်ပင်ဝန်ထမ်းရဲ့အလုပ်က ပြင်ဆင်ရမယ့်ကားရယ်၊ ကားမောင်းသူရယ်၊ လဲရမယ့်ပစ္စည်းရယ်ကို တွဲပြီး ဓာတ်ပုံရိုက်။ ရိုက်ပြီးသား ဓာတ်ပုံနဲ့တကွ ပြင်ဆင်ခွင့်ရဖို့ ငွေတောင်း။ ပြီးရင်ကားပစ္စည်းဆိုင်သွား၊ လိုအပ်တာတွေဝယ်၊ စက်ပြင်ကိုအပ်ပေါ့။ ဝမ်းကွဲအစ်ကိုရဲ့  အလုပ်အကြောင်းပြောပြီး သူမမှတ်ချက်ပြုပုံက ‘‘စည်ပင်ကားတွေပြင်တယ်သာပြောတာ ကောင်းကောင်းကန်းကန်းတစ်စီး မှမတွေ့ဘူး။ ဟိုနေရာပျက်၊ ဒီနေရာပျက်နဲ့ပါ။ သူ့အိမ်ကတော့ တိုက်အိမ်ဖြစ်နေပြီ။ ကားလည်း တစ်စီးဝယ်ထားပြီးပြီ။ ကားပစ္စည်းရောင်းတဲ့ဆိုင်က စာရေးမလေးနဲ့တောင် ငြိဖူးသေးတယ်’’တဲ့။

အဲဒီဝန်ထမ်းရဲ့ အလုပ်က ရုတ်တရက်ကြည့်ရင် အားကျ စရာ။ စားပွဲထိုးမောင်မြင့်အောင် ကို အဲဒီအကြောင်းပြန်ပြောပြပြီး ‘‘မင်း.. မလုပ်ချင်ဘူးလား’’လို့ မေးလိုက်တော့ သူက ‘‘ဟာ.. ဘယ်လိုမေးလိုက်တာလဲအစ်ကို ရာ လုပ်ချင်တာပေါ့။ ဒီလောက် ငွေရလွယ်တာကို’’တဲ့။ ပျာပျာသလဲပြန်ဖြေတယ်။ ချက်ချင်းတောင်စိတ်ကူးယဉ်နေမယ့်ပုံ၊ ပြုံးလို့။ မှန်ပါတယ်။ ငွေရလွယ်တာကို လူတိုင်းလိုလို မက်မောကြမှာပါ။ ဒါကြောင့်မို့လည်း အဲဒီ စည်ပင်ဝန်ထမ်းရဲ့ တစ်ဦးတည်းသော ညီအရင်းလည်း စည်ပင်ထဲ ဝင်လိုက်ပြန်သတဲ့။ သူလည်းပဲ လစာမမက်တဲ့ ဝန်ထမ်းအဆင့် ဖြစ်နေပြီဆိုပဲ။

ခုခေတ်မှာ လစာကျပ်တစ် သိန်းကျော်ရတဲ့ ဝန်ထမ်းတစ် ယောက်တိုက်ဆောက်၊ ကားစီး နေနိုင်ပြီဆိုကတည်းက သမားရိုး ကျမဟုတ်တာ ပေါ်လွင်နေတယ်။ လုပ်ငန်းသဘောတရားမသိပေ မယ့် ကျွန်တော်အနီးစပ်ဆုံးတွက် ချက်မိတာက ပြင်ဆင်ဖို့ဆိုပြီး နေ့ ရှိသရွေ့ ဓာတ်ပုံရိုက်ရိုက်တင်နေ တဲ့ ကားတွေက တကယ်ပြင်ဖို့လို အပ်တာလား။ ကားဘီးတွေ အဟောင်းချွတ်ပြီး တကယ်ပဲ အသစ်လဲသလား။ လဲရမယ်ဆိုပြီး ဓာတ်ပုံရိုက်ထားတဲ့ ကားဘီးအဟောင်းကရော တွဲရိုက်ထားတဲ့ ကားဘီးဟုတ်ရဲ့လား။ တကယ် ပြင်တယ်၊ တကယ်လဲတယ်ဆိုရင် လည်း စာရင်းပြတဲ့ပစ္စည်းနဲ့ တကယ်သုံးတဲ့ပစ္စည်းက အမျိုးအစားတူ၊ ဈေးတူနေရဲ့လား။ ပစ္စည်းတူပါတယ်ဆိုရင်ရော အရည်အတွက်တူရဲ့လားဆိုတာပါပဲ။ မလိုအပ်ဘဲ လိုအပ်သယောင်ယောင်နဲ့ ပစ္စည်းအစား ထိုးဓာတ်ပုံရိုက်မယ်၊ ဘောက်ချာမှာ အရည်အသွေးကောင်းပစ္စည်းလို့ စာရင်းပြပြီး လက်တွေ့မှာ အဟောင်းပြန်ထည့်တာ၊ အရည်အသွေးညံ့တွေထည့်တာ။  စက်ပစ္စည်းဆိုကတည်းက နားလည်တတ်ကျွမ်းတဲ့အထက်လူကြီးဆိုတာ ခပ်ရှားရှားလေ။ အောက်က တက်လာတဲ့စာရင်းစာရွက်ကိုသာ လက်မှတ်ထိုးခွင့်ပြုလိုက်တာ ဘယ်ပစ္စည်းက ဘာဆိုတာသိမှာ မဟုတ်လေတော့ လစာမမက်တဲ့ဝန်ထမ်းတွေရှိနေတာမဆန်းဘူးပေါ့။

အဲဒီလို လစာမမက်တဲ့ ဝန် ထမ်းက ပုဂ္ဂလိကလုပ်ငန်းဆိုရင် ခုလိုစာတစ်တန်ပေတစ်ဖွဲ့ပြော နေစရာမလိုပါဘူး။ ခုသူက စည် ပင်ဝန်ထမ်း၊ ယူနေတဲ့ငွေတွေက ပြည်သူ့ဘဏ္ဍာတွေ၊ ပြည်သူနဲ့ ဆိုင်နေတော့ ပြောရပြီပေါ့။ ပြည် သူထိခိုက်တယ်၊  နိုင်ငံနစ်နာ တယ်၊ပြည်သူ့ဘဏ္ဍာကိုစာရင်း လိမ်ပြီးယူနေတာ။ ခုလိုစာရင်း လိမ်ငွေတောင်းခံနေတဲ့ဌာနတွေ များလာလေလေ မြို့တော်စည် ပင်သာယာမှုအားလျော့လေလေ၊ ပြည်သူ့ဘဏ္ဍာငွေနဲ့ပြန်လုပ်ပေးရ မယ့် နိုင်ငံဖွံ့ဖြိုးရေးကိစ္စတွေအား နည်းလေလေပါပဲ။ မြို့တော်စည် ပင်သာယာရေးကော်မတီမှာ မလိုအပ်တဲ့ငွေယိုပေါက်တွေများနေရင်  အများပြည်သူခံစားခွင့်တွေဆုံးရှုံးလေပါပဲ။ ပြောခဲ့တဲ့ စည်ပင်ဝန်ထမ်းလို ပြည်သူ့ဘဏ္ဍာလိမ်ညာရယူတဲ့ ဝန်ထမ်းမျိုးအခြား ဌာနဆိုင်ရာတွေမှာလည်းရှိ ကောင်းရှိနေနိုင်ပါတယ်။ အဲဒီဝန်ထမ်းမျိုးတွေ ဆက်မွေးနေရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ပလိုင်းပေါက်နဲ့ဖားကောက်သလိုဖြစ်နေမှာပဲ။ ဆက်ပြီးတော့လည်း နိုင်ငံချွတ်ခြုံကျနေဦးမှာပဲ။

  တကယ်တော့ စားပွဲထိုး လေးရတဲ့ဝင်ငွေဟာ နည်းနေပေ မယ့် ဘယ်သူ့ဆီကမှ  လိမ်ညာ လှည့်ဖျားရယူထားတာမဟုတ်။ ကိုယ့်ဝန်ဆောင်မှုကောင်းလို့ တစ်ဖက်က ကျေကျေနပ်နပ်ပေး တဲ့ငွေမို့ စောစောကပြောတဲ့ စည် ပင်ဝန်ထမ်းရဲ့ ချမ်းသာကြွယ်ဝမှု ထက်သန့်ရှင်းတယ်၊ မွန်မြတ် တယ်၊ စိတ်သန့်တယ်၊ လိမ်ညာခိုး ယူပြီးကြီးပွားတာမဟုတ်လို့ ရဲရဲ ရင့်ရင့်လက်မထောင်နိုင်တယ်။ ‘‘ငါ.. ခိုးစားနေတာမဟုတ်ဘူး’’လို့ ပေါ့။  ဘာသာရေးရှုထောင့်က ကြည့်ရင်လည်း တစ်ဘဝစံမဟုတ် တော့ဘူး။ သံသယကင်းတဲ့စိတ် နဲ့လည်း သေနိုင်တယ်။ မိသားစု လိုအပ်ချက်တွေကို မမှန်မကန် နည်းလမ်းနဲ့ ရှာကြံဖြည့်ဆည်းပေး နေသူဟာခံရတော့ တစ်ယောက် တည်းရယ်။  ဘယ်ဇနီးမယား၊ သမီးသားကမှ ဝင်ခံပေးမှာ မဟုတ်ဘူး။

ဇနီးမယား၊ သား၊သမီးတွေကို လုပ်ကျွေးခြင်းဟာ မင်္ဂ လာတစ်ပါးဆိုပေမယ့် ခိုးကျွေးတာဟာ အကုသိုလ်ပါပဲ။ ခိုးသူရော၊  ခိုးရာပါပစ္စည်းစားနေတဲ့  ဇနီးမယား၊ သား၊သမီးတွေရော အကုသိုလ်နဲ့နေထိုင်အသက်ရှင်ကြတာမို့ အားကျအတုယူစရာ မဟုတ်ပါဘူး။

မောင်မြင့်အောင် လက်ရှိ လုပ်နေတဲ့ စားပွဲထိုးလုပ်ငန်းဟာ သူတစ်ပါးစားသောက်လိုတဲ့ အရာတွေကို  တည်ခင်းပေးရတဲ့  ဝန်ဆောင်မှုလုပ်ငန်း၊ သူတစ်ပါး စိတ်ကျေနပ်မှုရအောင် လှိုက်လှဲပျူငှာစွာ ဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းမို့ မွန်မြတ်တယ်။ လူတိုင်းမလုပ်နိုင်။ ကိုယ့်ကြောင့် တစ်ပါးသူစိတ်ကျေနပ်မှုရသွားတာကိုမြင်ရင် ကိုယ်တိုင်လည်း စိတ်ချမ်းမြေ့မှုရစေတဲ့အပြင် အလုပ်တာဝန်ကျေပွန်ရာလည်း ရောက်ပါတယ်။ ကျွန်တော်ပြောချင်တာက မောင်မြင့်အောင် လက်ရှိလုပ်နေတဲ့ စားပွဲထိုးအလုပ်ကောင်းပါတယ်လို့ ထောက်ခံချင်တာမဟုတ်။လုပ်နေတဲ့ လက်ရှိအလုပ်အပေါ် စိတ်ထားတတ်ဖို့နဲ့ ပြောခဲ့တဲ့ဝင်ငွေနှစ်မျိုး နှိုင်းယှဉ်ရင် မိမိဝင်ငွေက အပြစ်ကင်းတယ်၊  အကုသိုလ်ကင်းတယ်။ တန်ဖိုးရှိတာချင်းလည်း မတူဘူး။ တကယ်တော့ အကုသိုလ်ကင်းနေတဲ့ မိမိဝင်ငွေက သူ့ဝင်ငွေထက်တန်ဖိုးပိုကြီးမားတယ်ဆိုတာကို သူသိစေလိုတာ။ ဒါကြောင့် ပြည်သူ့ဘဏ္ဍာကို တရားမဝင်လုပ်ပိုင်ခွင့်နည်းနဲ့ရ ယူချမ်းသာခြင်းထက်  မိမိဝန် ဆောင်မှုကြောင့်  တစ်ပါးသူကြည် ဖြူစွာပေးကမ်းစွန့်ကြဲတဲ့ငွေက သန့်စင်နေလို့ ရဲရဲရင့်ရင့်သေနိုင် ကြောင်းပြောပြတော့ မောင်မြင့်အောင် စိတ်ကျေနပ်မှုရကာ ပြန်သွားတော့တယ်။

7day daily

ရာဇာမင်း ကားမှောက်သည့် သတင်း လက်ရှိ အခြေအနေနှင့် ဓာတ်ပုံများ


မနေ့ည အမြန်လမ်း ၁၉၇မိုင် ရာဇာမင်းယာဉ်တိမ်းမှောက်မှုကိစ္စမှာ အမှန်တကယ် ချီးကျူးရမည့်သူများ