ရန်ကုန် ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရန် အချက်သုံးချက် အမြန်ဆုံး ပြင်ဆင်သင့်ဟု JICA အကြံပြု

ပို့စ်တင်ချိန် - 5/13/2014 01:48:00 PM


ရန်ကုန်၊ မေ ၁၂

ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည့် ရန်ကုန်မြို့တော်တွင် အများပြည်သူများ ခရီးသွားလာရေး လွယ်ကူစေရန် BRT စနစ် အကောင်အထည်ဖော်ရေး၊ ယာဉ်ကြောပိတ်ဆို့မှု စီမံခန့်ခွဲရေးနှင့် ဥပဒေ၊ နည်းဥပဒေ ပြန်လည် ပြုပြင်ခြင်း ဟူသည့် အချက်သုံးချက်ကို အမြန်ဆုံး ပြုပြင်သင့်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ၏ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး အစီအစဉ်ရေးဆွဲရေး အဖွဲ့ခေါင်းဆောင် Mr.TaKashi Shoyama က အကြံပြုသည်။

မေလ ၁၂ ရက်က ရန်ကုန်မြို့ Asia Plaza တွင် ပြုလုပ်သည့် Yangon Urban Transport Master Plan နှင့် ပတ်သက်သည့် ဟောပြောပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

သီးသန့်လမ်းကြောင်းဖြင့် ဘတ်စ်ကားများ ပြေးဆွဲသည့် BRT (BUS Rapid Transit) Network စနစ်ကို ကျင့်သုံးပါက ခရီးသွားလာရ လွယ်ကူသွားမည် ဖြစ်ကြောင်း၊ လမ်းပေါ်တွင် ယာဉ်များ ရပ်နားထားမှုများကြောင့် လမ်းယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ကားပါကင် နေရာအသစ်များ ထားရှိပေးရန် လိုကြောင်း၊ အလားတူ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး ဥပဒေကို ပြန်လည် ပြင်ဆင်သင့်ကြောင်း JICA က ထုတ်ပြန်သည်။

အဆိုပါအဖွဲ့၏ အကြံပြုချက်မှာ သင့်လျော်ကြောင်း၊ ယာဉ်ကြော ပိတ်ဆို့မှုများမှာ ယာဉ်အစီးရေ များပြားလာခြင်း၊ စည်းကမ်းမဲ့ယာဉ် များပြားလာခြင်းများကြောင့် ဖြစ်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့များ၊ မ.ထ.သ အဖွဲများနှင့် ပူးပေါင်း ဖြေရှင်းလျက် ရှိကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။

“ပြည်သူတွေ သွားလာရ အဆင်ပြေအောင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေကို ရေးဆွဲပြီး တင်ပြထားပါတယ်။ မကြာခင် တိုင်းလွှတ်တော်မှာ အတည်ပြု ဆုံးဖြတ်ပေးနိုင်မှာ” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တွင် ဘတ်စ်ကား စီးနင်း အသုံးပြုသူ ၄၉ ဒသမ ၄ ရာခိုင်နှုန်း၊ ကိုယ်ပိုင်ယာဉ် အသုံးပြုသူ ၈ ဒသမ ၁ ရာခိုင်နှုန်း၊ TAXI အငှားယာဉ် အသုံးပြုသူ ၇ ဒသမ ၇ ရာခိုင်နှုန်း၊ မော်တော်ဆိုင်ကယ် အသုံးပြုသူ ၇ ဒသမ ၂ ရာခိုင်နှုန်း၊ စက်ဘီးစီးနင်းသူ ၂၂ ဒသမ ၅ ရာခိုင်နှုန်း ကုန်တင်ယာဉ် အသုံးပြုသူ ၁ ဒသမ ၃ ရာခိုင်နှုန်း၊ ရထားစီးနင်းသူ ၁ ဒသမ ၁ ရာခိုင်နှုန်း၊ ရေကြောင်းခရီး အသုံးပြုသူ ၂ ဒသမ ၅ ရာခိုင်နှုန်းနှင့် အခြားခရီးသွား ၀ ဒသမ ၂ ရာခိုင်နှုန်း ရှိကြောင်း JICA က ထုတ်ပြန်သည်။

The Voice Weekly