ရန်ကုန်မြို့နယ်များအား မီး ၂၄ နာရီ ပြန်ပေးမည် ဟုဆို

ပို့စ်တင်ချိန် - 5/13/2014 01:47:00 AM


ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များ အား ၂၄ နာရီ လျှပ်စစ်ဓာတ်အား ပြန်လည် ဖြန့်ဖြူးပေးခြင်းအား ယနေ့ စတင်မည်ဖြစ်ကြောင်း မြို့တော် လျှပ်စစ်ဓာတ်အားပေး အဖွဲ့ ထံမှ သိရသည်။ ၂၀၁၄ ခုနှစ်၊ မေလဆန်း မှ စတင်ကာ ရန်ကုန်မြို့ အတွင်းရှိ မြို့နယ်များ တွင် ထရန်စဖော်မာလဲခြင်း၊ ဓာတ်အားလိုင်းတိုးချဲ့ခြင်း တို့ကြောင့် မကြာခဏ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါ အဆိုပါ လုပ်ငန်းများ ပြီးစီးနေပြီ ဖြစ်၍ ပြန်လည်ပေးဝေတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေး အဖွဲ့ မှ သိရသည်။ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်တွေ တပ်ဆင်တာလည်း ပြီးစီးနေပြီ၊ အခု စပြီး စမ်းလွှတ်နေတယ် ဆိုတော့ ပုံမှန် ပြန်ပေးဝေတော့မှာပါ ဟု ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ မှ ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်လတ် က ပြောသည်။ ယခု ရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် မိုးသက်လေပြင်း များ ကျရောက် မှုကြောင့် သစ်ကိုင်းများ ကျိုးပဲ့ခြင်း၊ ဓာတ်အားလိုင်းများ လဲလှယ်ရခြင်းတို့ ဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါ ပြန်လည်ကောင်းမွန်သွားပြီဖြစ် ကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းတွင် မြို့နယ်များ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပြီး၊ စက်မှုဇုန်များအား အပြည့် အ၀ပေးဝေမည် ဟု ပြော ဆိုထား သော်လည်း ဓာတ်အား ပြတ်တောက်မှု များရှိနေကာ လက်ရှိ စက်မှုဇုန်များတွင် လျှပ်စစ်ဓာတ်အား ပြက်တောက်မှုမှာ ပိုမိုများပြားလာကြောင်း လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင် က ပြောသည်။ မီးက မမှန်တော့ ဆိုင်ပိတ်ထားရ တယ်။ မီးစက်နဲ့ ကျတော့ လူက သိပ်မရှိတော့ဘူး။ မီးလာမှပဲ ဆိုင်ပြန်ဖွင့် တော့မယ် ဟု သုဝဏ္ဏဈေး အနီးရှိ Sky Star အင်တာနက်ဆိုင်မှ ဆိုင်ရှင် မမေရီက ပြောသည်။ ယင်းကဲ့သို့ လျှပ်စစ်မီး ပြတ် တောက်မှု များကြောင့် အသေးစား နှင့် အလတ်စား လုပ်ငန်းရှင်များ အပြင် လျှပ်စစ် ဓာတ်အားနှင့် လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များ မှာလည်း စိုးရိမ် ပူပန် နေလျက် ရှိသည်။

Messenger News Journal