လှိုင်သာယာမြို့နယ်တွင်အုပ်စုဖွဲ့ရိုက်နှက်မှုကြောင့်တစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 5/13/2014 01:45:00 PM



ဖြိုးဝေလင်း၊ ကျော်စိုးမိုး
ဆိုင်ကယ်ကယ်ရီမောင်းနှင်သူများ၏ အုပ်စုဖွဲ့ရိုက်နှက်မှုကြောင့် လူသေဆုံးခဲ့သော ဖြစ်စဉ်တစ်ခု မေလ ၁၀ ရက်၊ ည ၉ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်ပွားပုံမှာ လှိုင်သာယာမြို့နယ်၊ ၁၉ ရပ်ကွက်အတွင်း နေထိုင်သည့် ဦးဇော်မြင့်တင် (ခ) ကိုပြား (၃၅) နှစ်သည် မိုးသူရ၊ ကျော်ဝင်းလှိုင်၊ ဦးသောင်းတင်တို့နှင့်အတူ အလုပ်ကိစ္စစုံစမ်းရန် ရွှေလင်ပန်း (၁၀၃) ကားဂိတ်သို့ စက်ဘီးဖြင့်သွားပြီးအပြန်တွင် ဘီးပေါက်၍ ရွှေလင်ပန်းဘုန်းကြီးကျောင်းရှေ့ ဆိုင်ကယ် ကယ်ရီဂိတ်တွင် ဆိုင်ကယ်ငှားစဉ် စကားများခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

ယင်းနောက် ဦးဇော်မြင့်တင်နှင့်အတူ ဦးသောင်းတင်တို့သည် စက်ဘီးတွန်း၍ ပြန်လာစဉ် ရွှေလင်ပန်းတံ တားအဆင်းသို့အရောက် ကယ်ရီသမားဦးလှသိန်း (၅၀)နှစ်၊ စိုးသိန်း(ခ)ကရင် (၂၂)နှစ်၊ ကိုသန်းလွင် (၃၆) နှစ်တို့နှင့်အတူ အမည်မသိသူ သုံးဦး၊ စုစုပေါင်း လူခြောက်ဦး ရောက်ရှိလာပြီး အရှည်နှစ်ပေခန့်ရှိ သစ်သားတုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြခြင်းဖြစ်သည်ဟု ရဲထံ ထွက်ဆိုထားသည်။

ယင်းသို့ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် ဦးဇော်မြင့်တင်တွင် ၀ဲမျက်လုံးအောက်၊ ဦးခေါင်း၊ ၀ဲမျက်ခုံးတို့တွင် ဒဏ် ရာများရရှိခဲ့ခြင်းကြောင့် လှိုင်သာယာဆေးရုံတွင် ပြင်ပလူနာအဖြစ် တက်ရောက်ကုသခဲ့သည်ဟု ဆို သည်။
ဦးသောင်းတင်တွင် ယာနားအုံပေါက်ပြဲဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ဌာနသို့ ပို့ဆောင်ကုသခဲ့သော်လည်း မေ ၁၁ ရက်၊ နံနက် ၅ နာရီခန့်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ လူသေဆုံးသည်အထိ ရိုက်နှက်ခဲ့သည့် ဦးလှသိန်းအပါအ၀င် လူခြောက်ဦး အား အရေးယူပေးပါရန် ဦးဇော်မြင့်တင်၏ တရားလိုပြုတိုင်တန်းချက်ကို လှိုင်သာယာမြို့မရဲစခန်းမှ (ပ) ၆၅၉/၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၃၂၃/ ၁၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများကို စစ်ဆေးလျက်ရှိသည်။

Mizzima - News in Burmese