အပစ်အခတ် ရပ်စဲရေးအတွက် အရေးပါသည့် KIO နှင့် ဆွေးနွေးပွဲ ဒုဗိုလ်ချုပ်ကြီးမြင့်စိုး တက်ရောက်နိုင်ခြင်း မရှိ

ပို့စ်တင်ချိန် - 5/13/2014 01:50:00 PM



 မြစ်ကြီးနား၊ မေ ၁၂

 နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် အရေးပါသည့် ဆွေးနွေးပွဲ တစ်ခုဖြစ်သော အစိုးရနှင့် KIO တို့ ယနေ့ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး တက်ရောက်နိုင်ခြင်း မရှိကြောင်း မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။
“တက်ရောက်နိုင်ခြင်း မရှိဘူးလို့ သိရတယ်” ဟု ဦးလှမောင်ရွှေက ပြောကြားသည်။

မြစ်ကြီးနားမြို့၌ ပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်းက ဦးဆောင် ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

သို့သော် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး ဆွေးနွေးပွဲသို့ မတက်ရောက်နိုင်ခြင်း၏ အကြောင်းရင်းကိုမူ မသိရှိရပေ။

ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးသည် အစိုးရနှင့် KIO တို့၏ ယခင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အထူးအာဏာကုန် လွဲအပ်ခြင်း ခံရသည့် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးအဖြစ် စစ်ဘက်ရေးရာ ကိစ္စများကို ဆွေးနွေးခဲ့သူ ဖြစ်သည်။

အစိုးရနှင့် KIO တို့၏ ယခုတစ်ကြိမ် ဆွေးနွေးပွဲသည် ကချင်ပြည်နယ်တွင် ဧပြီလဆန်းမှ စတင်ကာ ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ ဆွေးနွေးရန်အတွက် KIO ဗဟိုက ဖိတ်ကြားခဲ့ခြင်း ဖြစ်ပြီး အစိုးရဘက်မှ ဆွေးနွေးပွဲ တက်ရောက်မည့် အမည်စာရင်းတွင် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၏ အမည်စာရင်း ပါဝင်ကြောင်း၊ သို့သော်လည်း မေလ ၁၂ ရက်နေ့ ညနေ ၆ နာရီ အချိန်ထိ ရောက်ရှိလာခြင်း မရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) မှ သိရှိရသည်။

အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ KIO ဘက်မှ ဦးဆွမ်းလွတ်ဂမ်က ဦးဆောင် ဆွေးနွေးမည် ဖြစ်ပြီး ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါအဝင် ကိုယ်စားလှယ် ၁၀ ဦး တက်ရောက်မည် ဖြစ်ကြောင်း PCG မှ ဦးလမိုင်ဂွမ်ဂျာက ပြောကြားသည်။
“ဆွေးနွေးမယ့် အကြောင်းအရာတွေက အတွင်းရေးမို့ မသိနိုင်သေးပါဘူး။ မနက်ဖြန်မှ သိမယ်” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော အစိုးရ ကိုယ်စားလှယ်များမှာ မြစ်ကြီးနားမြို့ရှိ နိုင်ငံရေးပါတီများ၊ ဘာသာရေး ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများကို ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံကာ ယနေ့ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ပတ်သက်သည့် အမြင်သဘောထား မှတ်ချက်များကို တောင်းခံခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။

ယနေ့ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ရန်အတွက် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT)၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ် မစ္စမာရီယာတို့ မြစ်ကြီးနားမြို့သို့ ရောက်ရှိနေပြီ ဖြစ်ပြီး “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် မိုင်းလားအဖွဲ့ (NDAA) တို့ တက်ရောက်လာခြင်း မရှိကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့မှ သိရှိသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် မေလ ၁၂ ရက်နေ့က မြစ်ကြီးနားသို့ ရောက်ရှိလာသော KIO ကိုယ်စားလှယ် အဖွဲ့များကို ကချင်ဒေသခံ အများအပြားက ကြိုဆိုခဲ့ကြသည်။

The Voice Weekly