မိုးကြိုးထိမှန်ပြီး နေအိမ်မီးလောင်၍ သေဆုံး

ပို့စ်တင်ချိန် - 5/13/2014 05:45:00 PM


နေပြည်တော်၊ မေ ၁၃

၂၀၁၄ ခုနှစ်၊ မေလ ၁၁ ရက်နေ့ ည ၇ နာရီချိန် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရေအေး ကျေးရွာအနောက်တောင်ဘက်(၃)မိုင်ခန့်အကွာရှိ အင်တောကြီးကွင်းတွင် အမျိုးသား(၁)ဦး မိုးကြိုးထိမှန် သေဆုံးနေကြောင်းသတင်းအရ ရွှေမြို့နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ရေအေးကျေးရွာနေ ကိုမင်းမင်းဌေး(၃၁)နှစ်အား ခေါင်းမှခါးအထိ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။

စစ်ဆေးချက်အရ အင်တောကြီးကွင်းရှိ (၃x၃)ပင် သက္ကယ်မိုး/ ထရံကာ/၀ါးကြမ်းခင်း နေအိမ်တဲအတွင်း၌ ကိုမင်းမင်းဌေး၊ ၎င်း၏ဇနီး မစန္ဒာဌေးနှင့် သားဖြစ်သူ မောင်ဉဏ်ဝင်းတို့ ၃ ဦး အတူအိပ်ပျော်နေစဉ် မိုးကြိုးပစ်သံကြားသဖြင့် မစန္ဒာဌေးမှ ထကြည့်ရာ နေအိမ်ခေါင်းရင်းထရံအား မီးစွဲလောင်နေသည်ကို တွေ့ရှိရသဖြင့် ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီ တောင်းခံပြီး တဲနီးချင်းများနှင့်အတူ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း၊

ထို့နောက် တဲအတွင်းကြည့်ရှု စစ်ဆေးရာ ကိုမင်းမင်းဌေးမှာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသည့်အပြင် တဲအတွင်းချည်နှောင် ထားသည့် နွား(၃)ကောင်အနက် နွားမ(၁)ကောင်ပါ သေဆုံးနေသည်ကို
တွေ့ရှိရကြောင်း သိရှိရသဖြင့် ရွှေမြို့နယ်မြေရဲစခန်း၊
သေမှုသေခင်းအမှတ်စဉ်(၆/၂၀၁၄)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။

ရဲဇာနည်