အမြန်လမ်းအကျွတ်အလွတ်ပွဲအပြီး နှစ်ရက်အကြာ ခရီးသည်တင်ယာဉ်မှောက် ၁၄ ဦးသေ

ပို့စ်တင်ချိန် - 5/13/2014 05:48:00 PM

သဲပုံစေတီတည်၍ အကျွတ်အလွတ်ပွဲ ပြုလုပ်ပြီး နှစ်ရက်အကြာ အမြန်လမ်းမကြီး ပေါ်တွင် ခရီးသည်တင်ယာဉ်တစ် စီး ထပ်မံတိမ်းမှောက်ခဲ့ကာ ခရီး သည် ၁၄ ဦး သေဆုံးပြီး ဒဏ်ရာ ရရှိသည့် ခရီးသည်များမှာလည်း အရေးပေါ် အခြေအနေဖြစ်နေ ကြောင်း သတင်းရရှိသည်။


နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာသော ရာဇာမင်း ခရီးသည်တင်ယာဉ်သည် နေပြည်တော်အထွက် တိုးဂိတ်အကျော် တွင် တိမ်းမှောက်၍ တံတား အောက်သို့ ပြုတ်ကျခဲ့ခြင်းဖြစ် သည်။ စုစုပေါင်း ယာဉ်ပေါ်ပါ ခရီးသည် ၄၃ ဦးရှိပြီး ဒဏ်ရာ ရရှိသူ ၂၉ ဦးဖြစ်ကြောင်း သတင်း ရရှိသည်။

‘‘စဖြစ်တဲ့နေရာကို ကျွန် တော်အရင်ဆုံး ရောက်တာပဲ။ မသေမရှင် ၁၀ ယောက်လောက် ဆွဲထုတ်ပေးနိုင်ခဲ့တယ်။ အပြင် ရောက်ရေးဦးစားပေးခဲ့ရလို့ ကျိုးနေတဲ့သူတွေပဲ အတင်းဆွဲခဲ့မိတယ်။ ပိုတော့ မဆိုးသွားဘူးထင်ပါတယ်။ ကားက စောင်းနေတော့ အချိန်မရွေး မှောက်သွားနိုင်တယ်လေ။ ကားပေါ်ပါတဲ့ ယောက်ျားလေးအများစုက ကျိုးကုန်၊ သေကုန်ကြတော့ ပိုခက်သွားတယ်။ ရဲစခန်းကို ဖုန်းဆက်တော့ တစ်လုံးက ပိတ်ထားတယ်။ တစ်လုံးက မကိုင်ဘူး။ ဒါပေမဲ့ ရဲတွေကလည်းမိနစ် ၂၀ လောက်အတွင်း ရောက်ကြပါတယ်’’ဟု ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိသူများကို ကယ်ဆယ်ပေးခဲ့သော ဦးစိုးမင်းလွင်က ပြောသည်။

မေလ ၁၂ ရက် ည ၆နာရီ ၄၅ မိနစ်တွင် ရာဇာမင်းခရီးသည်တင်ယာဉ်သည် မိုင်တိုင် ၁၉၇  အနီး၌ မိုးသည်းထန်စွာ ရွာသွန်းနေစဉ် ရှေ့မှ မောင်းနှင်နေသော ကားငယ်တစ်စီးကို ကျော်တက်ရာ  အရှိန်များ၍ တိမ်းမှောက်မှု ဖြစ်ပွားပြီး တံတားအောက်သို့ ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သည်။

‘‘ဖြစ်တဲ့အချိန်မှာ မိုးသည်းထန်စွာ ရွာနေတယ်။ ယာဉ်မောင်း က အရှိန်မလျှော့ဘဲမောင်းတယ်။ မိုင်တိုင် ၁၉၇-၆ မှတ်တိုင်ကို ၀င် တိုက်တယ်။ နောက်ပြီး ၀ဲဘက် မီးရထားခုံးကျော်တံတားအကာ အရံတွေကို ၀င်တိုက်ပြီး အောက် ဆင်းသွားတာ’’ ဟု ယာဉ်တိမ်း မှောက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

ထိုသို့ပြုတ်ကျသောကြောင့် ကားပေါ်ပါလာသော ခရီးသည် ၄၃ ဦးထဲမှ ကျား ၁၀ ဦး၊ မ ၄ ဦးသေဆုံးခြင်းဖြစ်သည်။ ခရီးသည် ၃ ဦးကို လယ်ဝေးမြို့ ဆေးရုံသို့ ပို့ဆောင်ထားပြီး ကျန်ဒဏ်ရာရရှိ သူများကို နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ထား ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ရဲမှူး ကြီးနေ၀င်းကပြောသည်။

ခရီးသည် ၁၄ ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ပြီး ခုတင်၁၀၀၀ သို့ပို့ထားသည့် ခရီးသည်များမှာ ဒဏ်ရာအလွန်ပြင်းထန်နေပြီး ၎င်းတို့အထဲတွင် ယာဉ်မောင်းပါ ပါဝင်ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ကားက အောက်ကို ကျ သွားတာပါ။ ဖြစ်စဉ်ကတော့ သေချာပြောလို့ မရသေးပါဘူး။ ခုလောလောဆယ်ကတော့ ကယ်ဆယ်ရေး အရင်လုပ်နေပါ တယ်။ ဖြစ်တဲ့အချိန်မှာ မိုးတွေ ရွာနေလို့ လုပ်ရတာခက်ခဲနေပါတယ်’’ဟု ရဲမှူးကြီးနေ၀င်းက ပြောသည်။

ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ရာဇာမင်းကားဂိတ်သို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ယင်းကားသည် နေပြည်တော်မှ ရန်ကုန်သို့ ညနေ ၆ နာရီတွင် စတင်ထွက်ခွာသည့် ကားဖြစ်ပြီး တာဝန်ရှိသူများ အခင်းဖြစ်ပွား သည့်နေရာသို့ လိုက်သွားကြောင်း ဖြေကြားသည်။

မိုးက ရုတ်တရက် သဲသဲမဲမဲ ရွာချစဉ် မိုင်နှုန်းလျှော့ချလိုက်ပြီး ၅ မိနစ်ခန့်အကြာတွင်လူတစ်ယောက်က အင်္ကျီဝှေ့ယမ်းအကူအညီတောင်းခံသည်ကို တွေ့ခဲ့ရသည်။ ထိုနေရာတွင်ကားရပ်မပေးရဲဘဲ ကျော်ရပ်လိုက်ချိန်တွင် အော်သံ၊ ညည်းသံများကြားခဲ့ရကြောင်း ပါဝင်ကယ်ဆယ်ပေးခဲ့သူ ဦးစိုးမင်းလွင်ကပြောသည်။

‘‘နောက်တော့များ ဒီလိုမြင်ကွင်းမျိုးမတွေ့ပါရစေနဲ့။ ကားစပယ်ယာလား၊ ဒရိုင်ဘာလား၊ ကားလိုင်းက တစ်ယောက်ယောက် ထွက်မပြေးဘဲ ကယ်နိုင်သလောက်ကယ်ရှာပါတယ်’’ ဟု ဦးစိုးမင်းလွင်က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

အမြန်လမ်းမကြီးတွင် ကား မှောက်မှုများ မကြာခဏဖြစ်ပွား နေသောကြောင့် ၁၁၆ မိုင်၌သဲပုံစေတီတည်၍ မကျွတ်မလွတ် သော တစ္ဆေသရဲများကို မေတ္တာ ပို့အမျှဝေခြင်း၊ နှင်ထုတ်ခြင်းများ ကို မေလ ၇ ရက်မှ ၁၀ ရက်ထိ ပြု လုပ်ခဲ့ကြသည်။

၂၀၁၄ ဧပြီလအထိ လေး လအတွင်း အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှု ၁၄၇ မှုဖြစ်ပွားခဲ့ပြီး ၅၇ ဦးသေဆုံးခဲ့သည်။ စတင်ဖွင့်လှစ်သော ၂၀၀၉ ခုနှစ်မှ ယနေ့အချိန်ထိ ယာဉ်တိုက်မှုကြောင့်သေဆုံးသူ ၃၆၀ ကျော်နေပြီဖြစ်သည်။

7Day Daily