မလာမနေရ လုပ်အားပေးခိုင်းစေမှုကြောင့် အမျိုးသမီးတစ်ဦး ဆေးရုံရောက်

ပို့စ်တင်ချိန် - 5/13/2014 03:37:00 AM


မိုးမိတ်၊ မေ ၁၂။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ် မန်ကျည်းပင်ကျေးရွာတွင် မလာမနေရ လုပ်အားပေးခိုင်းစေမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါလုပ်အားပေးစေခိုင်း
မှုကြောင့် တဲအိမ်တစ်ခုပြိုကျရာတွင် အသက် (၄ဝ)ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးသည် ထိခိုက်ဒဏ်ရာရကာ မိုးမိတ်မြို့ ပြည်သူ့ဆေးရုံတွင် အရေးပေါ်လူနာအဖြစ်
ဆေးကုသလျက်ရှိကြောင်း သိရသည်။

“ကျွန်မတို့အမျိုးသမီးတွေကို ခွန်အားမမျှတဲ့ လုပ်အားခိုင်းစေမှုတွေ လုပ်ခိုင်းပါတယ်၊ ခိုင်းတာကရွာလယ်တံတားပါ၊ ဒါပေမယ့် ရွာပြည်သူ့စစ်ခေါင်းဆောင်ပိုင်တဲ့ ကျွဲတဲ
တစ်ခုကို လူအားနဲ့ဝိုင်းရွှေ့ခိုင်းပါတယ်။ ကျွဲတဲပြိုကျပြီး သစ်သားတန်းတစ်ခုက ကျွန်မကိုယ်ပေါ်ကို ပြုတ်ကျရင်း အခုလိုဆေးရုံရောက်ရတာပါ။ ဆရာဝန်ကတော့
နောက်ကျောခါးရိုးထိသွားတယ်လို့ပြောပါတယ်။ ဓါတ်မှန်ရိုက်ကြည့်ပြီးမှသိမှာတဲ့၊ ကျွန်မကမုဆိုးမပါ။ သမီးနှစ်ယောက်အတွက် ရှာကျွေးနေရတာ။လုပ်အားပေး
မလာရင် ငွေတစ်သောင်းပေးပြီ လူငှားနေရတော့ မငှားနိုင်ဘူးလေ၊ မလာမနေရ လုပ်အားပေးဆိုပြီး ကျမတို့ရွာသားတွေကို အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတွေက အနိုင်ကျင့်
နေတယ်လို့ ခံစားရပါတယ်။ ဘာအာမခံချက်မှလည်း မရှိဘူး၊ ကိုယ်ဖြစ်ကိုယ်ခံဖြစ်နေတယ်။ ရွာမှာက ဒီလိုပဲ ခဏခဏ ဖြစ်နေကြတယ်”ဟု ဒဏ်ရာရသူ ဒေါ်ခင်မာသီ
ပြောပြချက်အရ သိရသည်။

မန်ကျည်းပင် ရွာလယ်တံတားဆောက်ရန် ရွာသူ/သားအယောက်(၅၄)ဦးအား မလာမနေရ လုပ်အားပေး၍ တံတားဆောက်ခိုင်းသည်ဟု သိရသည်။ယင်းတံတားကို
ကျေးရွာဖွံ့ဖြိုးရေးရံပုံငွေဖြင့် တည်ဆောက်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှုးက ဆိုထားကြောင်းသိရှိရသည်။

ရွာသားလုပ်သားများက အဆိုပါတံတားအတွက် အုတ်၊ သဲ၊ သစ်သားပြားများကို သယ်ပေးရပြီး၊ တံတားအနီးဆယ်ပေအကွာရှိ ကျွဲတဲအား တံတားနှင့် မလွတ်၍ လုပ်အား
ပေးရွာသားများကို ရွှေ့ခိုင်းရာမှ ကျွဲတဲပြိုကျပြီး ယခုကဲ့သို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါ လုပ်အားပေးဖြစ်စဉ်နှင့် ပတ်သက်၍ မန်ကျည်းပင်ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးအေးသောင်း က “တံတားလုပ်အားပေးဖို့ ကျွန်တော်စီစဉ်တာမဟုတ်ပါဘူး၊
ရွာရဲ့ဖွံ့ဖြိုးရေးဥက္ကဌက စီစဉ်ပြီး ကျွန်တော်တို့က ဝိုင်းဝန်းပေးတာပါ၊ ကျွဲတဲကိုလည်း ကျွန်တော် မရွှေ့ခိုင်းပါဘူး၊ကျွန်တော့်အဖွဲ့က လူတစ်ယောက်ကရွှေ့ခိုင်းတယ်လို့
သိရပါတယ်၊ အခုလိုထိခိုက်မှုတွေ ဖြစ်သွားတော့ မကောင်းဘူးလို့ ကျွန်တော်ပြောပါသေးတယ်၊ ကျွန်တော်ကိုယ်တိုင် ကားငှားပေးပြီး မိုးမိတ်ဆေးရုံကို  ပို့ခိုင်းခဲ့ပါတယ်၊
ဒဏ်ရာရသူအတွက် ကျွန်တော့်ငွေနဲ့စိုက်ပြီး ကူညီပေးတာပဲလေ”ဟု ပြောပြခဲ့သည်။

ယင်းတံတားတည်ဆောက်ရန်အတွက် ကျေးရွာဖွံ့ဖြိုးရေးရံပုံငွေ ဆယ့်ငါးသိန်းဖြင့် ဆောက်လုပ်တည်ဆောက်ခြင်းဖြစ်ပြီး ငွေမလုံလောက်၍ ယခုလိုရွာလုပ်အားပေး
ခေါ်ရခြင်းဖြစ်ကြောင်းကို ၎င်းကျေးရွာအုပ်ချုပ်ရေးမှုးက ဆိုထားသော်လည်း ကျေးရွာလူထုကို အတိအလင်း ပြောဆိုထားခြင်းမရှိသေးကြောင်း ကျေးရွာလူများထံမှသိရှိရသည်။

အဆိုပါမလာမနေရ လုပ်အားပေးခိုင်းစေမှုကို မကျေနပ်သည့် လုပ်အားပေးထဲမှ (၃၈)ဦးက နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO)သို့ လက်မှတ်ထိုး တိုင်ကြားထားကြောင်း
ဆက်လက်သိရသည်။

“ကျွန်တော်တို့ရွာမှာ ဒီလိုလုပ်အားပေးခိုင်းခံနေရတာ ခဏခဏပဲ၊ ရွာသားတွေက အရင်အစဉ်အလာအတိုင်း အကြောက်တရားတွေ ရှိနေတယ်လေ၊ စားဝတ်နေရေး
အဆင်ပြေလား၊ မပြေလား မထည့်တွက်ဘဲ သူတို့အမိန့်အာဏာအောက်မှာပဲ နေရသလိုဖြစ်နေတယ်၊ ရွာမှာသူတို့ကိုဆန့်ကျင်တယ်လို့ ထင်ရင် ဒုက္ခပေးဖို့လည်း
ဝန်မလေးကြဘူးလေ၊ ဥပဒေမဲ့ဖြစ်ပျက်နေပါတယ်၊ အမှန်အတိုင်းပြောရင်လည်းနည်း အမျိုးမျိုးနဲ့ဖိနှိပ်ခံနေရသလိုပါပဲ၊ ဒါကြောင့် ခုလို ILO နဲ့တိုင်ကြားထားးပါတယ်”ဟု
ရွာသားတစ်ဦးကဆိုသည်။

အထက်ပါ ILOနှင့် ဆက်သွယ်ကူညီပေးသူ မိုးမိတ်မြို့ခံ မရီရီဝင်းက`“ပြည်သူတွေကို မနိုင်ဝန်လုပ်အားပေးခိုင်းတာဟာ အတင်းအဓမ္မမြောက်ပါတယ်။ မလာမနေရဆိုတာ
အာဏာရှင်စနစ်ကို ကျင့်သုံးနေတာဖြစ်တယ်။ ကျွန်မတို့မိုးမိတ်မှာ ဒီလိုပဲ အဓမ္မခိုင်းစေမှုတွေရှိတယ်၊ လုပ်အားပေးမလာရင် ငွေနဲ့လူငှားလိုက်နေရတယ် ဆိုတော့ ကျွန်မတို့မြို့ရဲ့
အခြေအနေကို စဉ်းစားသိနိုင်ပါတယ်။ ဒါဟာ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတာပါ၊ ဒီလိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ခုလို ILO နဲ့ ဆက်သွယ်ပေးရတာဟာလည်း မိုးမိတ်မှာ
လူ့အခွင့်အရေးတွေ ဘယ်လို ချိုးဖောက်ခံနေလဲ ဆိုတာသိအောင်လို့ လုပ်ရတာပါပဲ” ဟု ဆိုသည်။

ဒဏ်ရာရမျိုးသမီးကို ရွာသားတစ်ဦးက မိုးမိတ်ဆေးရုံသို့ အရေးပေါ်ပို့ပေးခဲ့ကြောင်း၊ ရွာတာဝန်ရှိသူ လူကြီးများက အလေးထားကူညီမှုအားနည်းကြောင်း၊ ယခုကဲ့သို့ လုပ်အား
ပေးခိုင်းစေမှုကြောင့် ဒုက္ခကြုံရသောပြည်သူများအတွက် ဥပဒေအရအာမခံမှု မရှိကြောင်း၊မိုးမိတ်မြို့ရှိ ရပ်ကွက်ကျေးရွာများတွင် မလာမနေရ လုပ်အားပေးအစဉ်အလာ
ကြီးမားနေပြီး ငွေကြေးကောက်ခံမှုများလည်း မကြာခဏဖြစ်နေသည့်အပြင်၊ အဆိုပါကျေးရွာတွင် ကျောင်းနေအရွယ် မိန်းကလေးများပါ မကျန် ခွန်အားနှင့်မမျှဘဲ လုပ်အား
ပေးခိုင်းခံနေရကြောင်းကို ကျေးရွာသားများထံမှ သိရသည်။


ထွန်းထွန်း။
The Myanma Age