၁၅ရက်၊ ၅လ၊ ၂၀၁၄ခုနှစ် သတင်းထူးများ




ဖာဒီနန်၏ မန်ယူကစားသမားဘ၀ အဆုံးသတ်ပြီ


မန်ယူ နောက်ခံလူ ဖာဒီနန်က အသင်းနဲ့ လမ်းခွဲတော့မယ်လို့ တရားဝင် ဖွင့်ဟလိုက်ပါပြီ။ ဖာဒီနန်ဟာ (၂၀၀၂ )ခုနှစ် ဇူလိုင်လမှာ လိဒ်ယူနိုက်တက်ကနေ ပေါင်သန်း (၃၀)နဲ့ မန်ယူကို ပြောင်းရွှေ့ခဲ့ပြီး (၁၂)နှစ်ကြာ ကစားခဲ့ရာမှာ ပရီးမီးယားလိဂ် ဖလား(၆)လုံး၊ ချန်ပီယံလိဂ်ဖလား(၁)လုံး၊ ကားလင်း(ကက်ပီတယ်ဝမ်း)ဖလား (၂)လုံး၊ ကမ္ဘာ့ကလပ် ချန်ပီယံဖလား (၁)လုံး ဆွတ်ခူးနိုင်ခဲ့သူပါ။

“ ကျွန်တော် နှစ်သက်တဲ့ ပုံစံမျိုးနဲ့ နှုတ်ဆက်ဖို့ အခြေအနေ မပေးခဲ့ပါဘူး။ ဒီ ၁၂နှစ်တာ ကာလက ကျွန်တော့်အတွက် ကြီးကျယ်ခမ်းနားခဲ့ပေမယ့် အပြောင်းအလဲ လုပ်ဖို့အချိန်တန်လို့ အသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာပါ။ အသင်းပရိသတ်တွေ၊ အသင်းဖော်တွေ၊ အသင်းအဖွဲ့ဝင်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်”ဟု ဖာဒီနန်က ပြောပါတယ်။ မန်ယူကလည်း အသင်းအတွက် ပေးဆပ်ခဲ့တဲ့ ဖာဒီနန်ရဲ့ စွမ်းဆောင်မှုတွေအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပါတယ်။

@z (ရိုးရာလေး)

ဗင်နီဇွဲလားတွင် အမျိုးသားစောင့်တပ်နှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ်ဖြစ်


ဗင်နီဇွဲလားနိုင်ငံမှာ အတိုက်အခံ အုပ်စုတွေက လမ်းတွေကို ပိတ်ဖို့ ကြိုးစားခဲ့ပြီး မြို့တော် ကာရာကတ်မြို့လယ်တလျှောက် ချီတက်ခဲ့လို့ အမျိုးသားအစောင့်တပ်နဲ့ ဒါဇင်နဲ့ချီတဲ့ မျက်နှာဖုံးစွပ် ဆန္ဒပြသူတွေ မေလ ၁၄ ရက်နေ့က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။

လူစုခွဲဖို့ ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ချိန်မှာ ဆန္ဒပြသူတွေကလည်း အိမ်လုပ် ဖောက်ခွဲရေး ပစည်းတွေ၊ ခဲတွေနဲ့ ပြန်လည်ပစ်ပေါက်ခဲ့ကြပါတယ်။ ဆန္ဒပြသူ ၇ ယောက် အဖမ်းခံခဲ့ရပါတယ်။

သမ္မတ နီကိုးလပ်စ် မာဒူရိုအစိုးရနဲ့ ဆွေးနွေးပွဲတွေဟာ ကျောင်းသားဆန္ဒပြပွဲကို နှိမ်နင်းမှုကြောင့် အကျပ်အတည်း ဖြစ်နေကြောင်း၊ ၃ လကြာ လမ်းပေါ်ထွက်ဆန္ဒပြမှုကို ပြေလျော့စေမယ့် အလျှော့ပေး လိုက်လျောမှုကို အရာရှိတွေက ငြင်းပယ်ခဲ့တယ်လို့ အတိုက်အခံ အဖွဲ့ MUD က ကြေညာချက် ထုတ်ပြန်အပြီး အခုလိုဖြစ်တာပါ။

အတိုက်အခံခေါင်းဆောင်တွေက အစိုးရနဲ့ ဆွေးနွေးပွဲ နောက်တကျော့ကို မတက်ဘူးလို့ ပြောခဲ့ပေမယ့် သမ္မတကတော့ ဆွေးနွေးပွဲကို ရပ်ဖို့ အစီအစဉ် မရှိကြောင်း၊ နောက်တကျော့ ဆွေးနွေးပွဲကို ဆက်လုပ်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

MUD အုပ်စုကတော့ ဆန္ဒပြမှုတွေအတွင်း အဖမ်းခံရသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုရင်း ဗင်နီဇွဲလား ရွေးကောက်ပွဲကောင်စီရဲ့ ခေါင်းဆောင်သစ် ရွေးချယ်ရေးမှာ ပါဝင်နေပါတယ်။

ဆယ်စုနှစ်အတွင်း အဆိုးဆုံး မတည်ငြိမ်မှုကြောင့်  ဖေဖော်ဝါရီလက စတဲ့ ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံး လူ ၄၂ ယောက် သေဆုံးခဲ့ပြီး အယောက် ၈၀၀ ကျော် ဒဏ်ရာရပါတယ်။ လူအယောက် ၃၀၀၀ နီးပါး အဖမ်းခံရပြီး ၁၅၀ လောက် ထောင်ထဲမှာ ရှိနေဆဲပါ။

ထင်မြင်ချက် စစ်တမ်းတွေအရ ဗင်နီဇွဲလားပြည်သူတွေဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီထက် အခြေခံကုန်စည် ရှားပါးပြတ်လပ်မှုနဲ့ အကြမ်းဖက် ရာဇ၀တ်မှုတွေကို ပိုပြီး စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

DVB Burmese 

မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးသူ ၂ သန်း ၆ သိန်းကျော်ပြီ


 မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုသူ စုစုပေါင်း ၂ သန်း ၆ သိန်းကျော် ရှိလာနေပြီး အဲဒီ အထဲမှာ ဂျီအက်စ်အမ် မိုဘိုင်းဖုန်းစနစ်နဲ့ အသုံးပြုသူ ၂ သန်းလောက် ရှိပြီး အများဆုံးဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်ကြေညာပါတယ်။

စီဒီအမ်အေ ၈၀၀ မဂ္ဂါဟပ်စ် စနစ်နဲ့ အသုံးပြုသူက ၆ သိန်းလောက်ရှိပြီး အဲဒီအထဲမှာ မြန်မာ့ဆက်သွယ်ရေးက ထုတ်တာရော၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက ထုတ်တဲ့ ဆင်းကတ်တွေပါ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဆက်သွယ်ရေး အော်ပရောတာ လုပ်ကိုင်ခွင့်ရထားတဲ့ အော်ရီဒူးနဲ့ တယ်လီနော ကုမ္ပဏီတွေကတော့ ဆင်းကတ်တွေ စတင် ရောင်းချတဲ့အချိန်မှာပဲ ဘာမှ ထပ်ပြီး လျှောက်ထားစရာ မလိုပဲ အင်တာနက်လိုင်းတွေ အသုံးပြုခွင့်ပေးသွားမယ်လို့ ကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ မိုဘိုင်းဖုန်း အသုံးပြုနိုင်ပြီး အင်တာနက် အသုံးပြုသူဟာလည်း လူဦးရေရဲ့ ၅ ရာခိုင်နှုန်းအောက်မှာပဲ ရှိနေပါသေးတယ်။

DVB Burmese

ဗဟိုအာဖရိက သမ္မတ နိုင်ငံတွင် ပြင်သစ် ဓာတ်ပုံသတင်းထောက် သတ်ဖြတ် ခံရ


ပြင်သစ် ဓါတ်ပုံသတင်းထောက်တစ်ဦး ဖြစ်သူ ကမ်မီလီလီပေ့ခ်ျသည် ဗဟိုအာဖရိကနိုင်ငံတွင် အလုပ်လုပ်ကိုင်နေရင်း သတ်ဖြတ် ခံလိုက်ရကြောင်း ပါရီရှိ ပြင်သစ် သမ္မတရုံး တာဝန်ရှိသူများက ထုတ်ပြန်ပြောကြားသည်။

မစ္စလီပေ့ခ်ျ ၂၆ နှစ်၏ ရုပ်အလောင်းကို ဗဟို အာဖရိကနိုင်ငံတွင်းဘော်အာဒေသတွင် ခရစ်ယာန် ဘာသာ ဆန့်ကျင်ရေး စစ်သွေးကြွ တပ်ဖွဲ့က မောင်းလာသော ကားတစ်စီးအား ပြင်သစ် ကင်းလှည့်အဖွဲ့က စစ်ဆေးရာတွင် တွေ့ ရှိခဲ့ခြင်းဖြစ်သည်။ သူမသည် ကင်မရွန်းနှင့် နယ်စပ်အနီး ခရီးသွားစဉ် တိုက်ပွဲများဖြစ်ပွားရာ တွင်ကြားညပ်ကာသေဆုံး ခဲ့ရခြင်းဖြစ်ကြောင်း သတင်းများကဆိုသည်။ ဓါတ်ပုံသတင်းထောက်တစ်ဦးဖြစ်သူ မစ္စကမ်မီလီ ၏ လက်ရာ သတင်းဓါတ်ပုံများကို ဘီဘီစီ သတင်း ဌာနအပါအ၀င် ကမ္ဘာ့ သတင်းဌာန များတွင် မကြာခဏ အသုံးပြုလေ့ရှိသည်။ ပြီးခဲ့သည့် အပတ်က သူမ၏ တွစ်တာ ၀က်ဘ်ဆိုက်စာမျက်နှာတွင်မူ ပြီးခဲ့သည့် မတ်လက ဆီလီကာ သူပုန်စစ်သွေးကြွများ က လူပေါင်း ၁၅၀ ဦးအားသတ်ဖြတ်ခဲ့ရာ ဘာဘာရ တီမြို့မှ ကီလိုမီတာ ၁၂၀ အကွာသို့ ဘာလာကာဆန့်ကျင်ရေး စစ်သွေးကြွများနှင့် အတူ မော်တော် ဆိုင်ကယ်ဖြင့် ခရီးထွက်သွားကြောင်း ရေးသား ထားသည်။

ခရစ်ယာန် အများစုရှိသော ထိုနိုင်ငံတွင် မူဆလင်ဆီလီကာ သူပုန်များက ၂၀၁၃ မတ်လတွင် အာဏာ သိမ်းပြီးနောက် ခရစ်ယာန် များကလည်း ဘာလာကာ ဆန့်ကျင်ရေး စစ်သွေးကြွအဖွဲ့ ဖွဲ့ကာ ပြန်လည်တိုက်ခိုက်မှု များ လုပ်ဆောင်ခဲ့ရာမှ တိုင်းပြည်မှာ ပြည်တွင်း စစ်အသွင်ဖြစ်လာ ခြင်းဖြစ်သည်။

Messenger News Journal 

ဆူဒန်နိုင်ငံမှ ခရစ်ယာန် အမျိုးသမီးတစ်ဦး သူမ၏ ဘာသာသက်ဝင်ယုံကြည်မှုအတွက် သေဒဏ်ချမှတ်ခံရဖွယ်ရှိ


ဆူဒန်နိုင်ငံမှ ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် မနက်ဖြန် နောက်ဆုံးထား၍ သူမယုံကြည်ရာ ဘာသာကို မစွန့်လွှတ်ပါက သေဒဏ်ပေးခံရဖွယ်ရှိသည်ဟု သတင်းများအရ သိရသည်။

မယ်ရီယမ်ယာယာအီဘရာဟင် (၂၇ နှစ်) အား ခါတွမ်းတရားရုံးတွင် လွန်ခဲ့သော ရက်သတ္တပတ်က “ဘာသာကူးပြောင်းခြင်း/ဘာသာစွန့်လွှတ်ခြင်း” ပြစ်မှုဖြင့် အဆိုပါ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ထံမှ သိရသည်။ တရားစီရင်ခြင်းကိုလည်း မူလသတ်မှတ်ရက်ထက် ၁ ရက် စော၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တရားရုံးက သူမအား မွတ်စလင်အဖြစ်ပင် မှတ်ယူသည်။

သူမသည် ခရစ်ယာန်အမျိုးသားတစ်ဦးနှင့် အိမ်ထောင်ပြုထားသော်လည်း အစ္စလာမ်ဘာသာရေးဥပဒေအရ ဘာသာခြားနှင့် ထိမ်းမြားခြင်းသည် မင်္ဂလာအထမြောက်ခြင်း/အကြုံးဝင်ခြင်း မရှိသဖြင့် တရားရုံးက သူမအား ကာမကျုးလွန်မှုဖြင့်လည်း အပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

“အမျိုးသမီးတစ်ဦးကို ဘာသာယုံကြည်မှုကြောင့် သေဒဏ်ပေးတာ၊ ဘာသာခြးတစ်ဦးနဲ့ အိမ်ထောင်ပြုလို့ ကြိမ်ဒဏ်ပေးတာဟာ စက်ဆုပ်စရာကောင်းတယ်”ဟု အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ဆူဒန်နိုင်ငံဆိုင်ရာ သုတေသီဖြစ်သူ မာနာအိဒရစ် က ပြောသည်။

“သေဒဏ်နဲ့ ပတ်သက်လို့ နိုင်ငံတကာစံအရ သတ်မှတ်ထားတဲ့ အပြစ်ပေးထိုက်တဲ့ ပြစ်မှုတွေနဲ့ ကိုက်ညီဖို့ဆိုတာကို ထားလိုက်ဦး ကာမကျုးလွန်ခြင်း၊ ဘာသာကူးပြောင်းခြင်းဆိုတာတွေဟာ ရာဇ၀တ်မှုလို့ သတ်မှတ်ဖို့ကို မသင့်ဘူး၊ ဒါဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ဥပဒေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်တာပါပဲ” ဟု ၎င်းက ပြောသည်။

မယ်ရီယမ်သည် ကိုယ်ဝန် ၈ လရှိနေပြီး လက်ရှိတွင် လ ၂၀ သားအရွယ် သားငယ်နှင့် အတူ ထိန်းသိမ်းခံထားရသည်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကမူ မယ်ရီယမ်အား ယုံကြည်မှုအကျဉ်းသားအဖြစ် သတ်မှတ်သည်။

ကမ္ဘာလုံးဆိုင်ရာခရစ်ယာန်များ သွေးစည်းညီညွတ်ရေးအဖွဲ့မှ သိရသည်မှ မယ်ရီယမ်၏ ဖခင်သည် ဆူဒန်နိုင်ငံသားမွတ်စလင်ဖြစ်၍ မိခင်မှာ အီသီယိုးပီးယားနိုင်ငံမှ ရှေးရိုးခရစ်ယာန်ဖြစ်ကြောင်း၊ သူမအသက် ၆နှစ်သမီးအရွယ်တွင် ဖခင်က မိသားစုကို စွန့်ခွာသွားခဲ့ပြီး မိခင်က ပြုစုပျိုးထောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ဖခင်သည် မွတ်စလင်ဖြစ်သည့်အတွက် တရားရုံးက မယ်ရီယမ်အားလည်း မွတ်စလင်အဖြစ် မှတ်ယူသည်။

ယခင်က ကိုယ်ဝန်ဆောင်မိခင်များ၊ ရင်ဝယ်ပိုက် ကလေးရှိသည့် မိခင်များအား တရားစီရင်ရာတွင် ရင်သွေးငယ် မိခင်နို့ပြတ်သည်အထိ ဆိုင်းငံ့ထားလေ့ရှိသည်ဟု ကမ္ဘာလုံးဆိုင်ရာခရစ်ယာန်များ သွေးစည်းညီညွတ်ရေးအဖွဲ့၏ ပြောခွင့်ရအမျိုးသမီး ကီရီကန်ခွေဒီ က ပြောသည်။

ခါတွမ်းမြို့ရှိ နိုင်ငံခြားသံရုံးများမှ အဆိုပါတရားစီရင်မှုအား ပြောင်းလဲနိုင်ရန် ဆူဒန်နိုင်ငံအစိုးရအား တိုက်တွန်းနေကြသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Source ; CNN

ရန်ကုန်မြို့ အခြေခံပညာ ကျောင်းအချို့ ဝင်ခွင့် ကျပ် ၁၀ သိန်းနီးပါးအထိ ပေးရကြောင်း သတင်းထွက်ပေါ်



 ရန်ကုန်၊ မေ ၁၄

 ပညာရေး ဝန်ကြီးဌာန အခြေခံပညာ ကျောင်းဖွင့်ရာသီ ရန်ကုန်မြို့တော်ရှိ နာမည်ကြီး အခြေခံပညာ ကျောင်းအချို့တွင် ကျောင်းဝင်ခွင့်အတွက် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် တစ်ဆင့်ခံ ဝန်ဆောင်ပေးသူများကို ကျပ်ငါးသိန်းမှ ၁၀ သိန်းအထိ ပေးရကြောင်း အဆိုပါ ပညာရေး အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။

ကျောင်းအပ်နှံစဉ် ကာလတွင် အလှူငွေနှင့် ရန်ပုံငွေ ကောက်ခံခြင်းကို ပညာရေး ဝန်ကြီးဌာနက နှစ်စဉ် တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသော်လည်း အချို့ကျောင်းများတွင် ငွေကြေးပေး၍ ကျောင်းအပ်နှံမှုများ ရှိနေကြောင်း အခြေခံပညာ ဆရာ၊ ဆရာမများက The Voice သို့ ပြောကြားသည်။

“ကျောင်းလေးတွေကျတော့ အလှူငွေ ယူတယ်လို့ အသံကြားရင် အတင်းဖိ စစ်ပြီးတော့ ဒီလို ကျောင်းကြီးကျတော့ လွှတ်ထားတာ ဘာသဘောလဲ မသိဘူး” ဟု ရန်ကုန်မြို့တော်ရှိ ကျောင်းအုပ်ဆရာ တစ်ဦးက ထပ်လောင်း ပြောကြားသည်။

အခြေခံပညာ ကျောင်းများတွင် သက်ဆိုင်ရာ မြို့နယ်အတွင်းက ကျောင်းသား၊ ကျောင်းသူများကိုသာ ဦးစားပေး လက်ခံရမည် ဖြစ်ပြီး အခြားမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများကို ဒုတိယ ဦးစားပေး အဖြစ်သာ ထည့်သွင်းထားသည်။

သို့သော် ကျောင်းဝန်ဆောင်မှု ကွာဟချက်၊ အခြား သင်ကြားရေး လိုအပ်ချက်နှင့် အကြောင်းရင်း အမျိုးမျိုးကြောင့် ကျောင်းသားမိဘ အချို့က နာမည်ကြီး ကျောင်းများကို ရွေးချယ် အပ်နှံလေ့ ရှိကြသည်။

အလားတူ ရန်ကုန်ပညာရေး တက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမ အသိုင်းအဝိုင်းနှင့် အစိုးရဝန်ထမ်း အရာရှိ အသိုင်းအဝိုင်းကိုသာ ခွင့်ပြုထားသော်လည်း ပြင်ပ အသိုင်းအဝိုင်းမှ ကျောင်းသား၊ ကျောင်းသူများကိုမူ ကျပ်တစ်သိန်းမှ ၁၀ သိန်းအထိ အလှူငွေ ကောက်ခံကာ ကျောင်းဝင်ခွင့် လက်ခံကြောင်း အဆိုပါကျောင်းမှ ကျောင်းသားမိဘ တစ်ဦးက ဆိုသည်။

ယင်းအလှူငွေ ကောက်ခံမှုများသည် ယခင် ပညာသင်နှစ်များထက် လျော့နည်းလာကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ ကျောင်းဝင်ခွင့် အခက်အခဲများအပြင် ဆရာ၊ ဆရာမများ၏ သင်ကြားရေး လိုအပ်ချက်ကြောင့် ကျူရှင်၊ စာကျက်ဝိုင်းများ အကူအညီ ထပ်မံယူရသဖြင့် ကျောင်းသားတစ်ဦး၏ အခြေခံ ကုန်ကျစရိတ် ပိုမြင့်မားနေရခြင်း ဖြစ်ကြောင်း ကျောင်းသားမိဘများက ဝေဖန်ကြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အမှတ် (၃) အခြေခံပညာ ဦးစီးဌာနသို့ The Voice က ဆက်သွယ် မေးမြန်းစဉ် အလှူငွေ ကောက်ခံမှုအကြောင်း သတင်းတိကျ ခိုင်လုံမှု ရှိလျှင် ဆက်သွယ် တိုင်ကြားစေလိုကြောင်း အဆိုပါ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညွှန့်ရွှေက ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းက အခြေခံပညာ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများကို ကျောင်းအပ်နှံစဉ်အတွင်း အလှူငွေ ကောက်ခံခြင်း၊ သူငယ်တန်း ကလေးငယ်များကို အသက်စိစစ် လက်ခံခြင်းနှင့် အခြား စည်းကမ်းချက်များကို ယခုဆန်းပိုင်းတွင် ပညာရေး ဝန်ကြီးဌာနက သတိပေး ထုတ်ပြန်ထားသည်။

The Voice Weekly

ပဲခူးမြို့၊ ရွှေမော်ဓောစေတီ၌ ကဆုန်လပြည့်နေ့ တွင် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းနှင့် အဖွဲ့ဝင်များ ညောင်ရေသွန်းလောင်း



၁၃၇၆ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး ၌ ကျင်းပသည့် ကဆုန် ညောင်ရေသွန်း ပွဲတော်သို့ ပဲခူးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းနှင့် တိုင်းဒေသကြီး ၀န်ကြီးများ တက်ရောက်ခဲ့ ကြသည်။

တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များ တက်ရောက်သည့် မြောက်ဘက်မုခ်သို့ မော်တော်ကားများ ဆိုက်ရောက်ပြီး ကားပေါ်မှဆင်း၍ စုပေါင်း ညောင်ရေသွန်းမည့် နေရာသို့ လမ်းလျှောက် သွားရောက်ကာ ဆရာတော်ကြီး များထံမှ တရား နာယူကြသည်။
ထို့နောက် ညောင်ရေသွန်းခြင်းကို ဆောင်ရွက်ရန် သံဃာတော်များ ဦးဆောင်၍ တိုင်းဒေသကြီး

ပုဒ်မ ၁၄၄ ဖောက်ဖျက်ကျူးလွန်သူများကို ဖမ်းဆီးအရေးယူမည်ဟု ရခိုင်ပြည်နယ်တွင် ကြေညာ



ရန်ကုန်၊မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်တွင် ဒေသလုံခြုံရေးအခြေအနေကြောင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ဥပဒေ ဖောက်ဖျက်သူများကို မေလ အကုန်မှ စ၍ စတင်အရေးယူမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က မေ ၁၅ ရက်တွင် မဇ္ဈိမကိုပြောသည်။

ရခိုင်ပြည်နယ် မြို့နယ်များတွင် ညမထွက်ရ အမိန့်ကို ဖောက်ဖျက်ပါက အရေးယူ ခံရမည်ဟု မြို့နယ် အုပ်ချုပ်ရေးမှူး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက မေလ ဒုတိယအပတ်က စတင်၍ ရခိုင်ပြည်သူလူထုသို့ ကြေညာလိုက်ခြင်းဖြစ်ပြီး နေ့စဉ်ကြေညာလျှက်ရှိသည် ဟုဆိုသည်။

“လုံခြုံရေးအရ လျှော့ပေးနိုင်တဲ့အတွက် အချိန်လျော့ပေးထားတာတွေရှိတယ်။ ဒါပေမယ့် ကျန်တဲ့အချိန်ကိုတော့ ကြပ်မတ်ဖို့လိုတယ်။ ဒါကြောင့် ကြိုတင်အသိပေး ကြေညာထားတာ”ဟု ဦးဝင်းမြိုင်ကပြောသည်။

ရခိုင်ပြည်နယ် စစ်တွေ၊ဘူးသီးတောင်၊ မောင်တောနှင့် မြို့နယ် အများစုတွင် ပုဒ်မ၁၄၄ ထုတ်ပြန်ထားသည်။

အချို့မြို့နယ်များကိုမူ နံနက် ၆ နာရီက ည ၁၀ နာရီအထိ သွားလာခွင့်ပြုထားသည်။

ရခိုင်ပြည်နယ်တွင်း ပုဒ်မ ၁၄၄ ကို ပြန်လည်တင်းကြပ်ခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ရောက် အမေရိကန် နိုင်ငံသားများ အနေဖြင့် သတိထားနိုင်ရေးအတွက် အမေရိကန်သံရုံးကလည်း ထပ်ဆင့် သတိပေးထုတ်ပြန်ထားသည်။

လတ်တလော ရခိုင်ပြည်နယ်၏ လုံခြုံရေးအနေအထားကိုမူ “ဥပဒေကိုလိုက်နာဖို့ အတွက်သာ တင်းကြပ်တာပါ၊ အထွေအထူး စိုးရိမ်စရာမရှိပါဘူး”ဟု ဦးဝင်းမြိုင်ကဆိုသည်။ လက်ရှိအခြေအနေအထိ ဖမ်းဆီးခြင်းမရှိသေးဟုလည်း သူကပြောသည်။

စစ်တွေမြို့တွင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ၏ ရုံးခန်းများကို တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ယခင်က ပြန်လည် လျှော့ချခဲ့သည့် ပုဒ်မ ၁၄၄ ကို ထပ်မံ တင်းကြပ်လိုက်ခြင်းဖြစ်သည်။

ကေဇူး
Mizzima - News in Burmese

နမ့်ခမ်းမြို့ မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူများပြား



မေလ ၁၅ ရက် ၂၀၁၄

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် မူးယစ်ဆေးဝါးပေါများပြီး သုံးစွဲသူများလည်း နေ့စဉ်ရက်ဆက် တိုးများလာကာ သွားရောက်ဝယ်ယူသုံးစွဲရပ်ကွက်ကိုလည်း မူးယစ်ဆေးရပ်ကွက်ဟုပင် နာမည်ကြီးလာနေ ကြောင်း စုံစမ်းသိရှိရသည်။

နမ့်ခမ်းမြို့ ကုန်းကုလားရပ်ကွက် အနီးတွင် တရုတ်၊ သျှမ်း၊ တအာင်းလူမျိုးများ ဖြစ်ကြသည့် လူငယ်၊ လူရွယ်မက အသက် ၆၀ နှင့် အမျိုးသမီးငယ်များပါ တရက်လျှင် ၂၀၀ ထက်မနည်း ဘိန်းဖြူ၊ ယာဘ၊ အိုက်စ် နှင့် အခြားမူး ယစ်ဆေးဝါးများ သွားရောက်ဝယ်ယူ သုံးစွဲနေကြကြောင်း နီးစပ်သူများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဆေးသုံးလူတွေက လယ်သွားတဲ့ပုံစံအတိုင်းသွားကြတယ်။ ဓါးတွေ ဘာတွေနဲ့ဆိုတော့ သူတို့ကို ဘယ်သူမှ အနီးမကပ်ရဲဘူး။ ဘယ်သူတွေလဲ ဘယ်ကလာကြတာလဲဆိုတာ မကြည့်ရဲကြဘူး” ဟု ကုန်းကုလား ရပ်ကွက်သားတဦးကပြောသည်။

ယခင်က နမ့်ခမ်းမြို့နယ်အတွင်း ဟိုနမ့်ရပ်ကွက်တွင်သာ ယာဘ မူးယစ်ဆေး ပေါများသည်ဟုနာမည်ကြီး နေသော်လည်း ယခုအခါ မြို့တွင်းရပ်ကွက်နှင့်နီးသော ကုန်းကုလားရပ်ကွက်သို့ပါ ကူးလာပြီဖြစ်ကြောင်း ရွာသားများကပြောဆိုပါသည်။

ကုန်းကုလားရပ်ကွက်အတွင်း ရပ်မိရပ်ဖတဦးကလည်း “ သူတို့တွေက လူအင်အားများတယ်။ ရပ်ကွက်ထဲကိုဖြတ် သန်းသွားလာနေတော့ အိမ်ရှင် မရှိရင်လည်း ပစ္စည်းတွေ ခိုးယူရောင်းစားကြတယ်။ ဒီကိစ္စ တာဝန်ရှိပုဂ္ဂိုလ်တွေ အာဏာပိုင်တွေကိုလည်း တိုင်တန်းထားတယ်။ ဘာမှသူတို့လုပ်မပေးနိုင်ဘူး။ ကျနော်တို့လည်း ကိုယ့်ရွာသား တွေ ရန်ပြုခံရမှာကြောက်လို့ဘာမှသွားမပြောရဲဘူး။ မတားရဲကြဘူး။ ” ဟု ဆိုပါသည်။

SNLD ကျားခေါင်းပါတီမှ စိုင်းလိန်မြတ်က “ ကုန်းကုလား ရပ်ကွက်အကြီးအကဲတွေ ရပ်မိရပ်ဖတွေက အာဏာ ပိုင်တွေကိုတင်ပြ ထားတာတွေရှိတယ်။ ကျနော်တို့လည်း ကျားဖြူပါတီ ၊ မြို့မ ပြည်သူ့စစ်နဲ့ မြို့နယ်တွင်း အာဏာပိုင်တွေနဲ့တိုင်ပင်ပြီးတော့မှ ပြသနာဖြေရှင်းဖို့ ဆွေးနွေးသွားပါမယ်” ဟု သျှမ်းသံတော်ဆင့် အားပြော သည်။

နမ့်ခမ်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး ပေါများမှုနှင့်ပတ်သက်၍ သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့ Shan Drug Watch က ၁- နမ့်ခမ်းမြို့သည် နယ်စပ်မြို့ဖြစ်သောကြောင့် ၂- စစ်မြေပြင်အတွင်းတည်ရှိနေ သောကြောင့် ၃- ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်တဖြစ်လဲ ဒေသတွင်းပြည်သူ့စစ် တပ်ဖွဲ့ ခေါင်း ဆောင်ပန်းဆေးကျော်မြင့် သည်မူးယစ်းဝါးနှင့်တိုက်ရိုက်ပတ်သက်နေသောကြောင့် ၄- အစိုးရကိုယ်တိုင်မှာ ထိုဒေသအတွင်းမူးယစ်ဆေးဝါးပေါများအောင်လွှတ်ထားသောကြောင့် ဟု ပြောဆိုပါသည်။

နမ့်ခမ်းမြို့နယ်အတွင်း ယာဘဈေးနှုန်းမှာ WY စာတမ်းပါ ပန်းရောင်ဆေးပြား တပြား ၁၅၀၀ ကျပ်၊ WY ပထမတန်း ၂၅၀၀ ကျပ် ၊ X တံဆိပ် တပြား ၂၅၀၀ ကျပ်၊ ၈၈၁ တံဆိပ် တပြား ၂၀၀ ကျပ်ရှိကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။

သျှမ်းသံတော်ဆင့်

မအူပင်မှာ ရွာတွေကို ရဲကဝင်ရောက်ရှာဖွေ



 ဧရာဝတီတိုင်း မအူပင်မြို့ နယ် ပလောင်ရွာမှာ လယ်သိမ်းခံထားရ တဲ့ဒေသ ခံတွေနဲ့ ရဲတွေကြား မနှစ်ကဖေဖေါ်ဝါရီလမှာဖြစ်ခဲ့တဲ့ အထိကရုဏ်းမှာ ရဲတဦးသေဆုံးတဲ့အတွက်ဆိုပြီး ရွာသားတချို့ ကို ဖမ်းဆီးဖို့  ဒီမနက် ၄ နာရီလောက်က ပလောင်ရွာနဲ့  အဒိတ်ရွာတွေကို ရဲအင်အား ၃ဝ လောက် ဝင်ရောက်ရှာဖွေခဲ့တယ်လို့ သိရပါတယ်။

အခုမနက်မှာ အဒိတ်ရွာက မစမ်းဆိုသူရဲ့အိမ်ကိုဝင်ရှာတယ်လို့ ပလောင် ရွာနေ လယ်သမား ဦးကျော်မင်းကဆိုပါတယ်။

"ကျနော်တို့နဲ့ အပါအဝင် မစမ်းဆိုတဲ့အမျိုးသမီးရဲ့အိမ်ကို ဒီမနက်ဝိုင်းတယ် ၊အဲ့မှာဝိုင်းကျတော့ မစမ်းကမရှိတော့ သူတို့ပြန်ဆင်းသွားတယ်၊အဓိကတော့ အဲ့ရဲတစ်ယောက် သေတဲ့ကိစ္စအမှုနဲ့ ပတ်သတ်ပြီးတော့ လိုက်ပြီးတော့လိုက် ဖမ်းနေတာပဲ၊သေတဲ့ရဲက ဘယ်သူလဲဆိုတာ ကျနော်တို့ နာမည်လဲမသိဘူး ၊ကိုယ်ပိုင်နံပါတ်လဲ မပါဘူး၊သူတို့ပြောသံကြားတာပဲကျနော်တို့သိတယ် ၃ဝ၂ ပုဒ်မ တပ်ပြီးတော့ ဖမ်းနေတာပဲကျနော်တို့ကို၊မစမ်းဆိုလို့ရှိရင် နှစ်ခါရှိပြီ ဝိုင်းတာ "

ပလောင်ရွာမှာ ဒေါက်တာမြင့်စိန်ရဲ့ကုမ္ပဏီက လယ်တွေသိမ်းထားတဲ့ အတွက် မနှစ်ကစပြီး အဲဒီလယ် တွေမှာ မူလပိုင်ရှင်လယ်သမားတွေက ဝင်ရောက်ထွန်ယက်ခဲ့ပါတယ်။ ဒါကြောင့် ၂ဝ၁၃ ခုနှစ် ဖေဖေါ်ဝါရီလမှာ ရဲတွေက အဲဒီလယ်သမားတွေကို နှိမ်နင်းဖို့ ရွာကိုဝင်တဲ့အခါ လယ်သ မားတွေနဲ့  ရွာသားတွေ အပြန်အလှန်ရိုက်နှက်ကြပြီး ရွာသားတချို့ ရော၊ ရဲတချို့ ပါဒဏ်ရာရသွားပါတယ်။

အဲ့ဒီဖြစ်ရပ်မှာ ဒဏ်ရာရတဲ့ရဲတဦးသေဆုံးတယ်ဆိုပြီး ရွာသားတချို့ ကိုဖမ်းဖို့ ကြိုးစားနေတာလို့ ဆို ပါတယ်။

သက်ဆိုင်ရာတာဝန်ရှိသူတွေက အခုလိုဖြေရှင်းတာကို ရှုံ့ ချကြောင်း လယ်သမားသမဂ္ဂဖြစ်မြောက် ရေးတာဝန်ခံ မစုစုနွေးက သူ့ ရဲ့ဖေ့ဆ်ဘွတ်လူမှုရေးစာမျက်နှာမှာ ရေးသားထားပါတယ်။

RFA Burmese


လိင်အင်္ဂါနှစ်ခုပါ ကလေးငယ် ခွဲစိတ်ရန် အခက်ခဲဖြစ်နေ


မကွေးတိုင်း ဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ တပ်ရင်းကျေးရွာအုပ်စု၊ ဘွေကြီး ကျေးရွာထိုင်သူ အသက် (၉) နှစ်အရွယ် ကလေးငယ်တစ်ဦးတွင် ယောကျာ်း အင်္ဂါနှင့် မိန်းမအင်္ဂါ နှစ်ခုစလုံး ပါရှိနေကြောင်း သိရသည်။

အဆိုပါ ကလေးမှာ မင်းလှမြို့နယ်၊ တပ်ရင်း ကျေးရွာအုပ်စု၊ ဘွေကြီး ကျေးရွာမှ ကျော်စန်းဦးနှင့် မကြွေတို့၏ သားဦးဖြစ်သော အသက်(၉)နှစ် အရွယ်ခန့်ရှိ ၄တန်း ကျောင်းသား ဇင်မျိုးသူ ဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါ အင်္ဂါနှစ်ခုပါ ကလေးတွင် မိန်းမအင်္ဂါ ပုံစံလည်း ပါရှိပြီး ယောကျာ်း အင်္ဂါဆီးသွား ပြွှန်တန်လည်း ပါရှိကာ ကျင်ငယ်စွန့် (ဆီးသွားသောအခါ) ဆီးသွားပြွှန်တန်မှ စွန့်ထုတ် နေရကြောင်း သိရသည်။

ယောကျာ်းအင်္ဂါနဲ့ မိန်းမ အင်္ဂါဆက်စပ်နေတဲ့ ဇင်မျိုးသူ သူ့ကို သရက်ဆေးရုံမှာ မွေးတာပါ မွေးတုန်းကတော့ မသိခဲ့ဘူး။ ကြီးလာမှ သတိထားမိတာပါ၊ ဒါပေမယ့် ငွေကြေး အခက်အခဲကြောင့် မကုဘဲ နေရာကနေ နောင်တစ်ချိန် ဒုက္ခရောက်လာမှာစိုးလို့ ဆေးရုံ ပြသခဲ့တာပါ။ ဒါပေမယ့် ရန်ကုန် ဆေးရုံးကြီးကို တက်ရောက် ကုသမှ ရမယ်လို့ ပြောပါတယ်”ဟု သူတို့ မိသားစု လာရောက် တည်းခိုသည့် သရက်အိမ်မှ ဒေသခံတစ်ဦးက ပြောပြသည်။

ဇင်မျိုးသူသည် ယောကျာ်းလေး စိတ်ရှိပြီး ယောကျာ်းလေး သူငယ်ချင်းများနှင့်သာ ဆော့ကစားတတ်သည်။ ယခုအခါ ခွဲစိတ်မှု ပြုလုပ်ရန် အတွက် အခက်အခဲများ ရှိနေပြီး ဆေးပညာ လမ်းညွှန်မှု လိုအပ်ကြောင်းနှင့် ရန်ကုန် ဆေးရုံကြီးတွင် လာရောက် ဆေးကုသမည် ဖြစ်ကြောင်းလည်း သိရသည်။

Tomorrow Journal

ရခိုင်ပြည်နယ် အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးစင်တာအဖွဲ့ မြေပုံဒုက္ခသည်စခန်း စစ်ဆေး


နယ်စပ်ဒေသလုံခြုံရေး ဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အရေးပေါ်ပေါင်းစပ် ညှိနှိုင်းရေးစင်တာ (ECC) က တာဝန်ရှိသူတွေဟာ မြေပုံမြို့နယ်ထဲမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တယ်လို့ ပြည်နယ်ပြန်ကြားရေးဌာနက ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာ အကူအညီပေးရေး လုပ်ငန်းတွေ ပြန်လည်စတင်နေတဲ့အတွက် အန်ဂျီအိုနဲ့ ယူအန်က တာဝန်ရှိသူတွေနဲ့အတူ ဒီကနေ့ သွားရောက်စစ်ဆေးတာလို့ ပြည်နယ်ဥပဒေချုပ်နဲ့ အစိုးရ ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှသိန်းက ဒီဗွီဘီကို ပြောပါတယ်။

“နယ်လုံဝန်ကြီးက အီစီစီအဖွဲ့နဲ့ မြေပုံကို သွားနေတယ်။ လောလောဆယ် ဒီမှာရောက်နေတဲ့ အီးစီစီ ဒုဥက္ကဋ္ဌ ဗိုလ်ချူပ်မောင်မောင်အုန်း၊ အဲန်ဂျီအိုတွေ၊ ယူအန်အဖွဲ့အစည်းတွေနဲ့ လုပ်ငန်းတွေ ပြန်စဖို့ မြေပုံဒုက္ခသည်စခန်းကို သွားကြည့်နေကြပါတယ်။”

ဝန်ကြီးက သူတို့ အခက်အခဲတွေကို မေးမြန်းခဲ့လို့ စားဝတ်နေရေး၊ ပညာရေးအခက်အခဲတွေ တင်ပြခဲ့ကြောင်း ၀န်ကြီးနဲ့ စကားပြောခွင့်ရခဲ့သူ စခန်းကော်မတီဝင် ကိုအောင်လွင်က ပြောပါတယ်။

“ဒီမှာက ကျနော်တို့ဘယ်မှ ထွက်လို့မရဘူး။ ၁၅ ဧကထဲမှာပဲ နေနေရတယ်။ အလုပ်အကိုင်ဆိုလည်း မရှိဘူး။ ၀င်ငွေလည်း မရှိဘူး။ စားရေးသောက်ရေး အခက်အခဲ တော်တော်ရှိပါတယ်။ စာသင်ကျောင်းကလည်း နွားတဲကုပ် အဆင့်လောက်ပဲ ရှိပါတယ်။ သူတို့ကို ဒီအခက်အခဲတွေ တင်ပြတယ်။ ဥက္ကဋ္ဌကလည်း ငါးဖမ်းခွင့်ရဖို့ကိုလည်း တင်ပြခဲ့ပါတယ်။”

ဝန်ကြီးက သူတို့အခက်အခဲတွေ ဖြေရှင်းပေးမယ်လို့ ပြောခဲ့ပေမယ့် သူတို့ကို ဧည့်သည်လို့ သုံးနှုန်းပြောဆိုခဲ့ကြောင်း၊ ဧည့်သည်ဆိုတာ အိမ်ရှင်နဲ့ တည့်အောင်ပေါင်းရ မယ်လို့ ပြောဆိုခဲ့တဲ့အပေါ်မှာတော့ စိတ်မကောင်းဖြစ်မိကြောင်း၊ စခန်းမှာ ကမန်တိုင်းရင်းသား လူမျိုးတွေပါ အများကြီးနေထိုင်ကြောင်း ကိုအောင်လွင်က ဆက်ပြောပါတယ်။

“ကျနော်တို့ကို ဧည့်သည်တဲ့ ကျနော်တို့က ဒီမြေမှာ ဘိုးစဉ်ဘောင်ဆက်နေခဲ့တာပါ။ မြန်မာနိုင်ငံမှာ မနေ့တနေ့ကမှ ရောက်လာတာ မဟုတ်ဘူး။ အဲသလို ကျနော်တို့ကို သုံးတယ်ဆိုတော့ ကျနော်တို့ တော်တော့ကို ခံစားရပါတယ်။”

မြေပုံဒုက္ခသည်စခန်းမှာ လူပေါင်း ၃၀၀၀ ကျော်ရှိပြီး မနှစ်အောက်တိုဘာလက ဖြစ်ပွားတဲ့ ပဋိပက္ခတွေကြောင့် မြေပုံမြို့ပေါ်ရပ်ကွက် ၅ ခုကနေ ပြောင်းရွှေ့ခိုဝင်လာတာ ဖြစ်ပါတယ်။

ဝန်ကြီးနဲ့အဖွဲ့ဟာ သူတို့စခန်းမှာ နာရီဝက်ကြာ လာရောက်ကြည့်ရှုသွားခဲ့ပြီး ပေါက်တော ဒုက္ခသည်စခန်းတွေဘက်လည်း သွားရောက်မယ်လို့ ပြောခဲ့ကြောင်း ကိုအောင်လွင်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဒေသခံအချို့က နိုင်ငံတကာ အန်ဂျီအိုအဖွဲ့ကို ဆန္ဒပြမှုတွေ ဖြစ်ပွားပြီး လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ နိုင်ငံတကာလုပ်ငန်းတချို့ ရပ်နားခဲ့ရာက ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့မှာတော့ အရေးပေါ်ပေါင်းစပ် ညှိနှိုင်းရေးစင်တာ (ECC) အဖွဲ့၊ နိုင်ငံတကာ အန်ဂျီအိုအဖွဲ့၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်နဲ့ ရပ်မိရပ်ဖတွေ တွေ့ဆုံဆွေးနွေးပြီး အိုင်အန်ဂျီအိုတွေ ပြန်လည် ၀င်ရောက်လုပ်ကိုင်ရေး ဆွေးနွေးခဲ့ပါတယ်။

DVB Burmese

လယ်သမားများနှင့် ကိုကောင်းထက်ကျော်ကို လွှတ်ပေးရန် ဗကသ တောင်းဆို


မြန်မာနိုင်ငံအတွင်း သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြတဲ့သူတွေကို အစိုးရက ဖြိုခွင်းခြင်း ဆက်မလုပ်ဖို့နဲ့ ဖမ်းဆီးခံရတဲ့ တောင်သူလယ်သမားတွေနဲ့ ကိုကောင်းထက်ကျော်ကို အမှုကွင်းလုံးကျွတ်ပေးဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။

သဲကုန်းမြို့နယ်မှာ မေလ ၁၄ ရက်နေ့ မနက် ၁၁ နာရီက လယ်သမားခေါင်းဆောင် ကိုပေါက်စ ပြန်လည်လွတ်မြောက်ဖို့ မိုးကောင်းဘုရား ဆုတောင်းပွဲကအပြန်မှာ သဲကုန်းရဲစခန်းက တုတ်၊ ဓားတွေနဲ့ ဝင်ရောက်ဖမ်းဆီး အကြမ်းဖက်ခဲ့တာပါ။

ကိုကောင်းထက်ကျော် အပါအဝင် ရွာသားတွေကို ဝရမ်းမပါဘဲ တုတ်နဲ့ရိုက်၊ ဓားနဲ့ထိုးကာ အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်ကို ဗကသအဖွဲ့ချုပ်က ပြင်းပြင်း ထန်ထန်ရှုတ်ချကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။

ဗကသအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက “၃ လပြည့်အခမ်းအနားကို သဲကုန်းမြို့ပေါ်ကို တက်ပြီးတော့ ဘုရားမှာ ၀တ်ပြုဆုတောင်းပွဲ လုပ်တယ်။ ၀တ်ပြုဆုတောင်းပွဲအတွင်းမှာ အနှောင့်အယှက် မရှိဘူး။  ၀တ်ပြုဆုတောင်းပြီး ပြန်လာတဲ့အခါမှာ ရွာအ၀င်လမ်းမှာ ရှိတဲ့ ဘုန်းကြီးကျောင်းနားမှာ ရဲအင်အား ၃၀ လောက်ကနေ ပိတ်ဖမ်းပြီး သူတို့ကို ဘာဖမ်းဝရမ်းမှ မပါပဲ ဖမ်းချင်လို့ ဖမ်းတယ်ဆိုတဲ့အနေအထားနဲ့ တုတ်နဲ့ ၀င်ရိုက်တာဖြစ်တယ်။ တုတ်နဲ့ ၀င်ရိုက်တဲ့ အချိန်မှာ သူ့ကို အကာအကွယ်ပေးတဲ့ ဒေါ်ညို ဟာ ဖမ်းဆီးခံရတယ်။ ကိုကောင်းထက်ကျော်ကို ထပ်ပြီး လက်ထိတ်ခတ်တယ်။ ခေါင်းမှာ ဒဏ်ရာတချက်ရပြီး လက်ထိတ်ခတ်ခံရတဲ့အချိန်မှာ အမျိုးသမီးတယောက် ၀င်ဆွဲတယ်။ အဲဒီအမျိုးသမီး မခင်မာအေးက ၀င်ဆွဲတဲ့အခါမှာ ရဲက ထိုးလိုက်တဲ့ ဓားချက်နဲ့ လက်မောင်းမှာ ဒဏ်ရာရရှိတယ်။ ဒါဟာ တရားလက်လွတ် ဆောင်ရွက်တာဖြစ်တယ်လို့ ကျနော်တို့ သုံးသပ်တယ်။”

ရိုက်နှက်ခံရတဲ့ ကိုကောင်းထက်ကျော် ခေါင်းဒဏ်ရာနဲ့ မခင်မာအေး လက်မောင်းဓားဒဏ်ရာရရှိသူတို့မှာ ဆေးကုသမှုခံယူခွင့် မရတဲ့အပြင် ဒီနေ့ ဖမ်းဝရမ်းထုတ် လိုက်တယ်လို့ ဆိုပါတယ်။

ကိုကောင်းထက်ကျော်နဲ့ လယ်သမားတွေကို မတရားစွဲဆိုထားတဲ့ အမှုတွေကနေ ချက်ချင်းပိတ်သိမ်းပြီး ကွင်းလုံးကျွတ် လွှတ်ပေးဖို့၊ သဲကုန်းသပိတ်စခန်းကို လုံးဝမဖျက်သိမ်းဖို့၊ သိမ်းဆည်းလယ်ယာမြေတွေကို မူလပိုင်ရှင်ထံပြန်လည်အပ်နှံဖို့၊ ရိုက်နှက်ခံရတဲ့ ကိုကောင်းထက်ကျော်နဲ့ မခင်မာအေးကို အတားအဆီးမရှိ ဆေးကုသခွင့်ရရှိရေး စတဲ့အချက်တွေ ပါဝင်ပါတယ်။

ပါဝင်ပတ်သက်တဲ့ တာဝန်ရှိသူအားလုံးကို ဖော်ထုတ်အရေးယူပေးဖို့လည်း ပဲခူးတိုင်းအစိုးရနဲ့ သမ္မတ ဦးသိန်းစိန်ကို တောင်းဆိုထားပါတယ်။

သဲကုန်းမြို့က လယ်သမားတွေ အကြမ်းဖက်ခံရမှုနဲ့ပတ်သက်ပြီး သဲကုန်းမြို့နယ် ရဲစခန်းကို ဆက် သွယ်မေးမြန်းရာမှာတော့ အကြမ်းဖက်မှုမှာ ပါဝင်တဲ့ ရဲမှူး အောင်ဇော်က ဖုန်းကို ဖြေဆိုခြင်းမရှိပါဘူး။

ဒါကြောင့် နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနက ရဲမှူးကြီး ဝင်းခေါင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ရဲတပ်ဖွဲ့ဝင်တွေ့က ဓားနဲ့ထိုးပြီး အကြမ်းဖက်မှုလုပ်တယ်ဆိုတာ မဟုတ်ကြောင်းနဲ့ လယ်သမားတွေက ဗကသ ကျောင်းသား ကိုကောင်းထက်ကျော်ကို လုရင်း ဖြစ်ပေါ်တာလို့  ဒီဗွီဘီကို အခုလိုပြောပါတယ်။

“ရဲတပ်ဖွဲ့ဘက်ကတော့ ဓားထိုးတာတို့၊ ဓားကိုင်တာတို့ ကျန်တဲ့ဟာတွေ အကုန်လုံးတော့ မရှိပါဘူး။ အမှန်တော့ အတိုချုပ်ပြောလိုက်ရင် ဆန္ဒပြတာကို တားတယ်။ ဆက်လုပ်တယ်။ ဆက်လုပ်တဲ့အတွက်ကြောင့်မို့ ဖမ်းဆီးဖို့အတွက် လုပ်တယ်။ ကောင်းထက်ကျော်ကို တချို့အမျိုးသမီးတွေကနေ ပြန်လည်ပြီးတော့ လုယူဆွဲခေါ်တဲ့အတွက်ကြောင့် ကောင်းထက်ကျော်က လဲကျသွားတယ်။ အတင်းလု ဆွဲခေါ်တဲ့အတွက် လဲကျ ခေါင်းပေါက်ပြဲ ဒဏ်ရာတချက်ရတယ်။ ပြီးမှ သူ့ကို ဆွဲလုခေါ်သွားပြီးတော့ အမှတ် ၄ ကျောင်းပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းပေါ် ထွက်ပြေးသွားတာ။”

သဲကုန်းလယ်ယာမြေကိစ္စမှာ အကြမ်းဖက်ခံရသူတွေကို မတရားဖမ်းဆီးချုပ်နှောင်မှု မပြုလုပ်နိုင်ဖို့ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေကို ကျောင်းသားသမဂ္ဂအဖွဲ့တွေက သဘောထား ထုတ်ပြန်ချက်တွေ ဖြန့်ဝေ သွားမှာဖြစ်ပါတယ်။

သိမ်းဆည်းမြေတွေပြန်ရရေးအတွက် လယ်သမားတွေဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၁ ရက်နေ့က သပိတ်စခန်းဖွင့် တောင်းဆိုတာဖြစ်ပြီး လယ်သမား ခေါင်းဆောင် ကိုပေါက်စကို ပုဒ်မ ၅၀၅ ခ နဲ့ ပထမရုံးချိန်းမှာပဲ ဖမ်းဆီးပြီး ပေါင်းတည်ထောင်ကို ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်။

DVB Burmese 

မြောက်ကိုရီးယား လေယာဉ်ပစ်တပ်ကို ကင်မ်ဂျုံအန်း သွားရောက်စစ်ဆေး


တောင်ကိုရီးယားနှင့် တင်းမာမှုများ ရှိနေစဉ် အတောအတွင်း မြောက်ကိုရီးယား နိုင်ငံ့ခေါင်းဆောင် ကင်မ်ဂျုံအန်း အနေဖြင့် စစ်တပ် မဟာဗျူဟာ တပ်ဖွဲ့များသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။ြေ

အပစ်အခတ်ရပ်စဲရေး ကြန့်ကြာနေတာ မြန်မာစစ်တပ်ကြောင့်လို့ NCCT ပြောပြီ


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ကြန့်ကြာနေတာ မြန်မာ့တပ်မတော်ရဲ့ ရပ်တည်ချက်ကြောင့်ဖြစ်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင် ၁၆ဖွဲ့နဲ့ စုစည်းထားတဲ့ NCCT က ပြောလိုက်ပါပြီ။ မြန်မာစစ်တပ်ရဲ့ သဘောထားက ဘာလဲ။ ဘာ့ကြောင့် ငြိမ်းချမ်းရေး မရနိုင်တာလဲ။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ရဲ့အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက မြန်မာတပ်မတော်ဘက်က သဘောထားတင်းမာနေမယ်ဆိုရင် သြဂုတ် ၁ရက်နေ့ နောက်ဆုံးထားပြီး အပစ်ရပ်ရေး လက်မှတ်ထိုးဖို့ မဖြစ်နိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ အဓိက ပြဿနာက မြန်မာစစ်တပ်ဟာ ဖယ်ဒရယ်ဆိုတာကို လုံးဝလက်မခံတာကြောင့်လို့ ဆိုပါတယ်။

သမ္မတနဲ့လွှတ်တော်က ဖယ်ဒရယ်ကို လေ့လာပြီး လက်ခံမယ့် အနေအထားမှာရှိပေမယ့် ပြည်ထောင်စု၊ ဖယ်ဒရယ် စတဲ့ ဝေါဟာရကို အငြင်းပွားတာထက် ဖယ်ဒရယ်စနစ်နဲ့ ဖွဲ့စည်းမယ့် ပုံစံကို မြန်မာစစ်တပ်က လုံးဝလက်မခံတာဖြစ်တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားတွေဟာ ပြည်ထောင်စုကနေ ခွဲထွက်ရေးကို စဉ်းစားရလောက်အောင် မမိုက်မဲသလို မြန်မာနိုင်ငံမှာ စုစည်းရပ်တည်မှာ ရမယ်ဆိုတာသိနားလည်တာကြောင့် တန်းတူမျှတရေးရှိမှ အဆင်ပြေမယ်လို့ NCCT အဖွဲ့ဝင် ခွန်ဥက္ကာက ဆိုပါတယ်။

NCCT အဖွဲ့ဝင်တွေဟာ လာမယ့် မေလ ၂၁ရက်နေ့ကျရင် မြန်မာအစိုးရနဲ့ ရန်ကုန်မှာ တွေ့ဆုံတဲ့အခါ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် Single Text မှာပါဝင်မယ့် ဝေါဟာရတွေကို အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ပြုလုပ်ဖို့ မြစ်ကြီးနားမှာရှိတဲ့ KIO ဆက်ဆံရေးရုံးမှာ မေလ ၁၄ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အာမခံချက်ရှိဖို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်ကို ရေးဆွဲရာမှာ ဖယ်ဒရယ်တပ်တော်ကိစ္စ တိုင်းရင်းသားတွေဘက်က ထည့်သွင်းချင်တယ်လို့ တာအိုက်ဘုန်းက ဆိုပါတယ်။ ဒါပေမယ့် နှစ်ဖက်သဘောထား မတူညီမှုတွေက အခက်အခဲတစ်ခုလိုဖြစ်နေတာကြောင့် နှစ်ဖက် အလျော့အတင်းလုပ်နိုင်တဲ့ပေါ် မူတည်ပြီး သြဂုတ်မတိုင်ခင် စာချုပ်ချုပ်နိုင် မချုပ်နိုင် သိနိုင်မယ်လို့ ဆိုပါတယ်။

Kamayut Media

မန္တလေးတွင် လေပြင်းတိုက်၍ ပြုတ်ကျဝါယာကြိုးများ ကိုင်မိရာမှ အမျိုးသားသုံးဦး ဓာတ်လိုက်သေ



မန္တလေး၊ မေ ၁၄

မန္တလေးမြို့တော်တွင် မေလ ၁၀ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် လဲကျနေသာ ဓာတ်တိုင်များ၊ ၀ါယာကြိုးများ၊ ကြေးနန်းကြိုးများကို ကိုင်မိ၍ မေလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း အမျိုးသားသုံးဦး ဓာတ်လိုက် သေဆုံးသွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

အောင်မြေသာစံမြို့နယ် ဘုန်းတော်တိုးရပ်ကွက် သာယာအေးရပ်တွင် လေပြင်းတိုက်ခတ်ပြီး သစ်ကိုင်းကျိုး၍ ပြုတ်ကျနေသဖြင့် မေလ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် လျှပ်စစ်ရုံးမှ လျှပ်စစ်ကျွမ်းကျင် အဆင့် ၅ မှ တာဝန်ရှိသူများ ပြုပြင်နေစဉ် ရပ်ကွက်တွင်းရှိ ရွှေကျင်ချောင်းအတွင်းမှ ရေချိုးပြန်လာသော အမျိုးသားတစ်ဦးသည် ပြုတ်ကျနေသော ကြေးနန်းကြိုးကို ရေစိုလက်ဖြင့် ကိုင်မိရာမှ ဓာတ်လိုက် သေဆုံးသွားခဲ့ကြောင်း ယင်းမှတ်တမ်းများအရ သိရသည်။

ယင်းအပြင် ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင် ရပ်ကွက်ရှိ အသက် ၂၉ နှစ်အရွယ် အမျိုးသားနှစ်ဦးသည် ကမ္မာဝါတန်းနှင့် ဈေးတန်းလမ်းဆုံတွင် လျှပ်စစ်ဓာတ်တိုင်မှ ပြုတ်ကျနေသော ဗို့အား ၄၀၀ ရှိ လျှပ်စစ်ဓာတ်အားကြိုးကို ကိုင်မိရာမှ ဓာတ်လိုက်၍ လက်မောင်းဒဏ်ရာ၊ ဝမ်းဗိုက်ဒဏ်ရာများ ရရှိ၍ သေဆုံးသွားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဓာတ်လိုက် သေဆုံးမှုများနှင့် ပတ်သက်၍ ပြည်ကြီးတံခွန် မြို့မရဲတပ်ဖွဲ့စခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၅/၂၀၁၄၊ ၁၆/၂၀၁၄ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ထပ်မံသိရသည်။

မန္တလေးမြို့တော်တွင် မေလ ၁၀ ရက်နေ့ ညနေပိုင်းက မိုးနှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်တိုင်များ ပြိုလဲခဲ့ပြီး ယင်းကို ဖယ်ရှားရှင်းလင်းရာမှ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ အပါအဝင် ဝန်ထမ်းသုံးဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၈ မိုင်နှုန်းမှ မိုင် ၂၀ နှုန်းအထိ တိုက်ခတ်သွားခြင်း ဖြစ်ပြီး ယင်းလေတိုက်မိုင်နှုန်းမှာ ၂၀၁၄ ခုနှစ်အတွင်း အမြင့်ဆုံးနှုန်းဖြစ်ကာ မုတ်သုန်ရာသီ ရောက်ရှိပါက ယင်းနှုန်းများထက် ပိုမိုတိုက်ခတ်ဖွယ် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly

ထိုင်းနှင့်မလေးရှိ လုပ်သားများအား နိုင်ငံကူးလက်မှတ်ထုတ်ပေးရာ တွင် မြန်မာကျပ်ငွေနှင့်ညီမျှသော နှုန်းထားဖြင့်သာ ကောက်ခံ



ထိုင်းနှင့်မလေးရှားရှိ မြန်မာရွှေ့ ပြောင်းလုပ်သားများကို နိုင်ငံကူးလက် မှတ်ထုတ်ပေးရာတွင် မြန်မာကျပ်ငွေနှင့်ညီမျှသော နှုန်းထားဖြင့်သာ
ကောက်ခံ လျက်ရှိကြောင်း သိရသည်။

”အရင်က နိုင်ငံကူးလက်မှတ် လုပ်ရင် ဘယ်နိုင်ငံမှာလုပ်လုပ် အမေရိ ကန် ဒေါ်လာ ၁ဝဝ ပေးရတယ်။အလုပ် သမားတွေအတွက် အရမ်းများတာပေါ့။ အခု ဝန်ကြီးဌာနက သတ်မှတ်ပေး တာ နှစ်သောင်းငါးထောင်နဲ့ ညီတဲ့တန်ဖိုးပဲ” ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးထင်အောင်က ပြောသည်။

ထိုင်းရှိအလုပ်သမားများကို ယခင် က နိုင်ငံကူးလက်မှတ်ထုတ်ပေးရာတွင် ယာယီနိုင်ငံကူးလက်မှတ်သာ ထုတ်ပေးလေ့ရှိပြီး ယခုနှစ်မတ်လမှ စတင်ကာ ရွှေ့ပြောင်း လုပ်သားများ အဆင်ပြေစေရန် သာမန်နိုင်ငံကူးလက်မှတ် (နိုင်ငံ အားလုံးသို့ သွားလာနိုင်ခွင့်)ကို စတင်ထုတ်ပေးနေခြင်းဖြစ်သည်။

ယင်းသို့ ထုတ်ပေးရာ တွင် မြန် မာနိုင်ငံအတွင်း နိုင်ငံကူး လက် မှတ် ပြုလုပ်သော တန်ဖိုး ကျပ်၂၅ဝဝဝ နှုန်းထားအတိုင်းညီမျှ သော ထိုင်းဘတ်ငွေနှင့် မလေးရှားရင်း ဂစ်အတိုင်းသာကောက် ခံ၍ ပြု လုပ်ပေး နေခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး ဌာနမှရဲမှူးကြီးဦးကျော်စိုးကပြောသည်။

”ထိုင်းက အဓိကပါနော်။ လေးနှစ် ပြည့်ပြီး လုပ်သားတွေကို ထိုင်းမြန်မာ အစိုးရတွေက လုပ်ပေးနေပေမယ့် ထင်သလောက်တော့ မများလာသေးဘူး” ဟု နိုင်ငံကူး လက် မှတ်ထုတ်ပေးရာတွင် လာရောက်အသစ် လျှောက် ထားသူနှင့် သက်တမ်းတိုးသူ နည်းပါးလျက်ရှိ ကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ဦးမျိုးအောင် က ပြောသည်။

နိုင်ငံကူး လက်မှတ်ထုတ်ပေးရာ တွင် မလေးရှား၌ ဇွန်လတွင် လာ ရောက်လျှောက်ထားခွင့် ပိတ်မည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် မတ်လမှ စတင်ထုတ် ထားပေး ၍ နောက်ခြောက် လအကြာတွင် လျှောက်ထားခွင့် ပိတ်သွားမည်ဖြစ် သည်။

အဆိုပါ ကာလအတွင်း လာရောက်လျှောက်ထားသူများသည် မလေးရှားတွင် အ သစ်ေ လျှာက် ထားသူ ၁၂၈၈ ဦး၊ သက်တမ်းတိုးနှင့်ပျောက်ဆုံးလျှောက် ထားသူ ၁၄၅၃ ဦးရှိပြီး ထိုင်းတွင်အသစ်၊ သက်တမ်းတိုးနှင့် ပျောက် ဆုံးလျှောက်ထားသူ ၆၉၁ ဦး သာရှိ၍ နိုင်ငံ သားဟုတ်မဟုတ် ပြန်လည် စိစစ်ပြီး စာအုပ်ထုတ်ပေးပြီး လူဦးရေနှစ်ဦးသာ ရှိကြောင်းသိရသည်။

”လေးနှစ်ပြည့်သက်တမ်းတိုးခိုင်းတာကို ထိုင်းမှာ နိုင်ငံရေး အပြောင်းအလဲ ကြောင့်ခြောက်လမဖမ်းဘဲ လွှတ်ပေးထားတာ။
အဲဒါကို အလုပ်သမားတွေ က ပေါ့ ပေါ့ တန်တန်နေနေကြတယ်။ အလုပ်ရှင်တွေကလည်း သူတို့အလုပ်မပျက်ရင်ပြီးရော မလွှတ်ချင်ဘူး”ဟု မြန်မာနိုင်ငံ ပြည်ပအ လုပ်အကိုင်ရှာဖွေရေး
အေဂျင် စီအသင်း ချုပ်မှအတွင်းရေးမှူး ဦးကျော်ထင်ကျော်က ထိုင်းရှိရွှေ့ပြောင်းလုပ်သားများ နိုင်ငံကူး လက်မှတ်လာရောက် ထုတ်ယူမှုအားနည်းနေရခြင်းအကြောင်း အချက်ကို ရှင်းပြသည်။

ရွှေ့ပြောင်းလုပ်သားများကို နိုင်ငံကူးလက်မှတ်လာရောက်ထုတ်ယူကြရန် အားနည်းနေခြင်းအပေါ် ထိုင်းနှင့်မ လေးရှားရှိ သတင်းစာနှင့်မီဒီယာအပိုင်း တွင် အသိပေးခြင်း များ ပြုလုပ်သွားရန် စီစဉ်ထားပြီး ထိုင်းသို့ ပို့ဆောင်ခဲ့သော အေဂျင်စီများနှင့် မှတ်ပုံတင်ဖြင့်စေ လွှတ်ခဲ့သူပွဲ စားများကိုလည်း မိမိတို့ ပို့ ဆောင်ခဲ့သော လုပ်သားများထံသို့ သွား ရောက်ဆက်သွယ်ကာ အသိပညာပေး ခြင်းနှင့် တစ်ဖက်ရှိ အလုပ်ရှင်နှင့်ညှိနှိုင်း ကာ နိုင်ငံကူးလက်မှတ်ထုတ်နိုင်ရန် စီစဉ် ပေးခြင်း များပြုလုပ်သွားရန် ဝန်ကြီးဌာန ကတိုက်တွန်းထားကြောင်း သိရသည်။

ယခင်က ရွှေ့ပြောင်းလုပ်သားများ အတွက် နိုင်ငံကူးလက်မှတ် ထုတ်ပေးရာ တွင် အလုပ်လုပ်ပြီးလေးနှစ်ပြည့်ပါက မိမိ နေထိုင်သည့် တိုင်းပြည်သို့ သုံးနှစ်ပြန် လည်နေ ထိုင်ပြီးမှသာ ထပ်မံ၍ လက်မှတ် ထုတ်ပေးပြီး သွားရောက်အလုပ်လုပ်ကိုင် ခွင့်ရှိရာမှ ယခုနောက်ပိုင်းတွင်ပြည်တွင်း သို့တစ်လပြန်နေရပြီး၊ တစ်ရက်အထိ အဆင့် ဆင့်လျှော့ချပေးခဲ့ပြီး လက်ရှိတွင် ပြည် တွင်းသို့ ပြန်ဝင်ရခြင်း မပြုလုပ်ရဘဲ သက်ဆိုင်ရာနယ်စပ်ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများတွင် ချက်ချင်းထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ခိုင်နွယ်ဦး
Popular Myanmar News Journal


အမြန်လမ်းယာဉ်အန္တာကင်းရှင်းစေရန်အတွက်.


အမြန်လမ်းခရီးထွက်တော့မည်ဆိုလျှင်...

ဝပ်ရှော့သို့သွားရောက်ကာ ကားအားစစ်ဆေးသင့်ပါသည်...

(၁)ဘရိတ်ရှေ့/နောက်စစ်ဆေးပါ...
(က)ဘရိတ်ရှုး(Brake Pad)
ဘရိတ်ရှုးပါး၍ အသစ်လဲပြီးလျှင် ဘရိတ်ငြိ မငြိသိသာစေရန်...
တစ်ပတ်မောင်းပြီးလျှင် ဂျိုင့်ထောက်၍လှည့်ကြည့်ပါ...
အနည်းငယ်ငြိနေသည်ထင်ပါက အပြစ်ရှာ၍ ပုံမှန်အတိုင်းဖြစ်အောင်ပြုပြင်ပေး
သင့်ပါသည်...

(ခ)ဘရိတ်ရှုးရှိနေပါကလည်း ဘရိတ်အိုး(Piston housing)ထိန်း...
ဆလိုက်ပင်(Slide pin)များပါသောဘရိတ်အမျိုးအစားဖြစ်ပါက...
ဆလိုက်ပင်များကိုဖြုတ်ထုတ်၍ သန့်ရှင်းရေးလုပ်ကာ အမဲဆီထည့်ပြီးမှ...
ပြန်ထည့်ကာ ဆလိုက်ပင်များ ကြပ်နေ/မကြပ်နေကို စမ်းကြည့်ပြီးမှ...
ပြန်ဆင်ပေးပါ...

ဆလိုက်ပင်ပါသောဘရိတ်များ၏ အလုပ်လုပ်ပုံရ...
ဘရိတ်ပစ္စတင်သည် ဘရိတ်နင်းလိုက်၍ ဆီဖိအား(Hydraulic pressure)ကို
ရပါက ပစ္စတင်ထွက်လာပြီး ဘရိတ်ရှုးကိုဖိချိန်တွင် ဆလိုက်ပင်ကလည်း...
ပစ္စတင်ဖိအားကြောင့်ရွေ့လျားပြီအပြင်ဘက်ဘရိတ်ရှုးကိုအလုပ်စေပါသည်...
ထို့အတွက်ကြောင့် ဆလိုက်ပင်များ မကစားနိုင်ပါက ဘရိတ်ငြိပါသည်...

ကျွန်တော့်အတွေ့အကြုံအရ ဂျပန်မှ တင်သွင်းလာသောကားများသည်...
ပင်လယ်ရေဆားငံငွေ့ရိုက်ထားသဖြင့် သံချေးတက်နေသည်ကို...
တော်တော်များများတွေ့ရကာ ဘရိတ်ငြိနေတတ်ပါသည်...
အချို့ကားများဆိုလျှင် အပူပေး၍ထုတ်မှသာ ဆလိုက်ပင်ထွက်လာတတ်ပါသည်...

ဘရိတ်ငြိနေပါက ဘီးဂွေနှင့် တာယာသည်အလွန်ပူကာ...
တာယာကွဲလွယ်ပါသည်...ဘရိတ်ငြိသောကားကို ၁၅ ကီလိုလောက်မောင်းကြည့်
ပါက ဂွေနှင့်တာယာသည်အလွန်ပူကာ လက်ဖြင့်ကိုင်ရန်မဆိုထားနှင့်...
ရေထိပါက မီးကို ရေနှင့်လောင်းသောအသံပင်ထွက်ပါသည်...

ထို့ကြောင့် ဘရိတ်ငြိပါက ဘီးဂွေနှင့်တာယာအလွန်ပူကာ တာယာအတွင်းရှိ...
လေထုသည်လည်းပူ၍ မူလလေပေါင်ထက်များလာကာ...
တာယာသည်လည်းပူလာသောအခါ...
မူလခံနိုင်ရည်ထက်ကျဆင်းသွားသဖြင့်...တာယာကွဲရန်အလွန်လွယ်ပါသည်...

ကျွန်တော်တို့ဆီတွင်လည်း တာယာကွဲသောကားအများစုမှာ...
ဘရိတ်ငြိသောကြောင့်ဖြစ်ပါသောကြောင့်...
ခရီးဝေးသွားမည်ဆိုလျှင် ဝပ်ရှော့များတွင် ရှေ့/နောက် ဘရိတ်လေးဘီးလုံးကို
စစ်ဆေးပြုပြင်သင့်ပါသည်...

(၂)အောက်ပိုင်းနှင့်...စတီယာရင်ထိန်းချုပ်မှု့(Steering control)စနစ်ဖြစ်သော...
တိုက်ရော့(Tie rod)...ဘောဂျွိုင့်(Ball joint) များချောင်နေခြင်းရှိ/မရှိကို...
စစ်ဆေးသင့်ပါသည်...စတီယာရင် ပါဝါဆီ ရှိ/မရှိ...ပါဝါဆီ ယိုစိမ့်မှု့ရှိ/မရှိကို...
စစ်ဆေးပါ...ရေတိုင်ကီ...ရေပြန်ဗူးရေနှင့် အင်္ဂျင်ဝိုင်စစ်ပါ...

တိုက်ရော့ ဘောဂျွိုင့်များချောင်နေခဲ့၍ ပြုတ်ထွက်ခဲ့သည်ရှိသော်...
ကီလို ၄၀ ၅၀ အရှိန်လောက်ပင် မထိန်းဖြစ်ကာ ကားဘေးဘယ်ညာသို့...
ဆွဲသွားပါသည်...

စတီယာရင်ဆီယိုစိမ့်မှု့ရှိနေပါက အချိန်မရလျှင် ဆီဖြည့်ကာဆီဗူးအပိုဝယ်
သွားပါ...မောင်းနေရင် စတီယာရင်ပါဝါဆီကုန်သွားပါက...
စတီယာရင်အလွန်လေးကာ...
ကီလို ၈၀ ကျော်လျှင်အကွေ့များတွင်မထိန်းနိုင်တော့ပါ...

(၃)အရည်အသွေးမှီသောတာယာများ...ထုတ်လုပ်ရက်စွဲ ၂ နှစ်အလွန်ဆုံးသာ
ရှိသောတာယာများကိုသုံးပါ...တာယာတိုင်းတွင် ထုတ်လုပ်ရက်စွဲကို...
အဝိုင်းငယ်တစ်ခုအတွင်း ဂဏန်းဖြင့်ဖော်ပြထားပါသည်...

ရှေ့ဂဏန်း ၂ လုံးသည် အပတ်စဉ်ဖြစ်ကာ...
နောက်ဂဏန်း ၂ လုံးသည် ထုတ်လုပ်သောနှစ်ဖြစ်ပါသည်...
ဥပမာ ( 11 14 )ဟုရေးထားလျှင် ၃ လပိုင်း ၂၀၁၄ ထုတ်တာယာဖြစ်ပါသည်...

(၄)အမြန်လမ်းတွင် ကီလို ၁၀၀ ၁၂၀ လောက်သာအမြန်ဆုံးမောင်းသင့်ပါသည်...
ကီလို ၁၀၀ မောင်းလျှင်ရှေ့ကားနှင့် မီတာ ၃၀ အနည်းဆုံးခွါမောင်းပါ...

ကားကျော်ချင်လျှင် ရှေ့ကားအား...
ဟွန်းတီး၍ လမ်းတောင်းပါ...
မီးအချက်ပြ၍သော်လည်းကောင်း...
လမ်းပေး၍သော်လည်းကောင်း ကားအရှိန်လျှော့ပေးမှကျော်ပါ...
ညအချိန်တွင် မီးအချက်ပြ၍ ကျော်ရန်လမ်းတောင်းပါ...

လမ်းဆုံ လမ်းခွများ...အကွေ့များ...တံတားများ...
ကုန်းတက် ကုန်းဆင်းများ...မြင်ကွင်းမရှင်းသောနေရာများတွင်...
လုံးဝမကျော်ပါနှင့်...

မိုးသည်းထန်စွာရွာသွန်းနေစဉ်သော်လည်းကောင်း...
မြူ နှင်းများကျ၍ မြင်ကွင်းမကောင်းသောနေရာများတွင်လည်းကောင်း...
လုံးဝ ကျော်မတက်ပါနှင့်...

အိပ်ရေးပျက်လျှင်သော်လည်းကောင်း...
စိတ်တို ဒေါသထွက်နေလျှင်သော်လည်းကောင်း...
ယာဉ်မမောင်းသင့်ပါ...
ယာဉ်မောင်းနေစဉ် လမ်းကြောနှင့် ယာဉ်အပေါ်သာ အာရုံထားပါ...
စိတ်မပျံ့လွင့်စေရန် အမြဲဂရုစိုက်ပါ...
ယာဉ်မောင်းနေစဉ် ကက်ဆက်အား ကျယ်လောင်စွာမဖွင့်ထားသင့်ပါ...

စတီယာရင်လက်ကိုင်ဂွေပေါ်လက်တင်လိုက်သည်နှင့်...
ကားပေါ်ရှိအသက်များအားလုံး မိမိလက်ထဲတွင်ရှိသည်ကို သတိပြုပါ...

မိမိအိမ်ပြန်လာချိန်ကိုလည်း မိမိ၏ မိသားစုများမှ...
စောင့်မျှော်နေကြသည်ကို အမြဲသတိရပါ...

ကျွန်တော်ကတော့ ခရီးဝေး ကားမောင်းလျှင် စတီယာရင်ဂွေတွင်...
ဘုရားရှစ်ခိုးပြီးမှမောင်းပါသည်...
လမ်းခရီးတွင် ဆိုင်ရာ ပိုင်ရာများအား အရိုအသေပေးပါသည်...
လမ်းခရီးတွင်ရှိသောသတ္တဝါများအားလည်း မေတ္တာပို့ပါသည်...

ယာဉ်မောင်းသူတိုင်း သက်ဆိုင်ရာ ဘာသာအလိုက်လုပ်သင့်သည်ဟု
အကြံပေးလိုပါသည်...ထိုသို့ပြုလုပ်လိုက်ခြင်းဖြင့်...
စိတ်ပေါ့ပါး လန်းဆန်းကာ ယုံကြည်မှု့လည်းရှိလာပါသည်...

ယာဉ်မောင်းသူအားလုံးရော ခရီးသွားများအားလုံးပါ...
အန္တာရာယ်ကင်း၍ လိုရာခရီးသို့ ချောမောစွာရောက်ကြပါစေခင်ဗျာ...

Toetar Atoe (Online ကားဝပ်ရှော့)

ဘရာဇီးက အမွှာပူးမြို့



ဘရာဇီးနိုင်ငံ တောင်ဘက်ပိုင်း Cândido Godói (ကန်ဒီဒိုဂေါ်ဒီ) လို့ အမည်ရတဲ့ မြို့ငယ်လေးဟာ အမွှာပူး မြို့ အဖြစ် လူသိထင်ရှား ရှိပါတယ်။ လူဦးရေ ၇၀၀၀ ဝန်းကျင် ရှိပြီး ၇၀၀ ကျော်ဟာ အမွှာပူး တွေ ဖြစ်ပါတယ်။

၁၉၆၃ ခုနှစ်လောက်က ယင်းနယ်ဘက်မှာ ဂျာမနီတို့ အုပ်စုပ်ပြီး ဟစ်တလာ ရဲ့ နာဇီတပ်မှ သုတေသနနဲ့ တပ်များ နေထိုင် ပါတယ်။ ဂျာမနီ နာဇီ တပ်မှ ဆေးပညာ သုတေသန ပညာရှင် Josef Mengele ယင်း နယ်မှာ နေထိုင်ပြီး ဟစ်တလာ အတွက် စစ်သားကောင်းများ မွေးထုတ် ပေးရမယ့် ပရောဂျက်ကို ဦးစီး လုပ်ရပါတယ်။ သူ ဖော်စပ်တဲ့ DNA ဓာတု ဓာတ်နဲ့ မြို့ငယ်တွင်းက အမျိုးသမီး တွေကို စမ်းသပ် ဖြစ်ခဲ့ပြီး ရလာတဲ့ ရလဒ် ကတော့ အမွှာပူးတွေ ဆက်တိုက် မွေးဖွားခြင်း ဖြစ်ပါတယ်။ ယင်း မတိုင်ခင်က အမွှာမွေးနှုန်း သိပ်မရှိ ပေမယ့် Josef ရောက်လာ ပြီးမှ အမွှာပူး မွေးနှုန်းဟာ သိသိသာသာ ကို တိုးတက်ခဲ့ခြင်း ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ ကိုယ်စွမ်း၊ ဥဏ်စွမ်း ပြည့်ဝတဲ့ စစ်သားများ မွေးထုတ် ဖို့ ဖြစ်ပေမယ့် အမွှာပူး မွေးတဲ့ ရလဒ်နဲ့ပဲ အဆုံးသတ် သွား ပါတယ်။ ယနေ့အထိ တိုင်ပဲ အမွှားမွေးနှုန်းဟာ မြင့်တက် နေဆဲ ဖြစ်ပါတယ်။ ဘရာဇီး မှာရော၊ ကမ္ဘာမှာရော အမွှာပူး အမွေးဖွားဆုံး မြို့နယ် တစ်ခု အဖြစ် လူသိ ထင်ရှား ရှိပါတယ်။ အာဂျင်တီးနား နယ်စပ်မှာ ရှိပြီး အများစုက ဂျာမန် လူမျိုး တွေ ဖြစ်ပါတယ်။

ဘရာဇီး နိုင်ငံတွင်းက အချို့မိသားစုတွေ ဆိုရင် အမွှာပူး လိုချင် လွန်းလို့ ယင်း နယ်က အမျိုးသား၊ အမျိုးသမီး များနဲ့ ပေါင်းဖက်ရဖို့ ပြောင်းရွှေ့ နေ ထိုင်ခြင်း၊ ဖူးစား ရှာခြင်းများ ရှိကြောင်း သိရပါတယ်။
.
Ref: nytimes
အောင်ခမ်း (ရိုးရာလေး)


သူတို့ဆီမှာ မထူးဆန်းပါဘူး ( မြင်သမျှ ... ကြားသမျှ )



ဒီတစ်ပတ် ထူးခြားတဲ့ သတင်းကတော့ အာဏာအလွဲသုံးစားမှုနဲ့ ထိုင်းဝန်ကြီးချုပ် ယင်လပ်ကို ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေတရားရုံးက ရာထူးမှ ဖယ်ရှားလိုက် တယ် ဆိုတာပါပဲ။ အားလုံးသိကြတဲ့အတိုင်းပါပဲ။

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ဆိုတာ အချုပ်အခြာ အာဏာပိုင်တဲ့သူပါပဲ။ နိုင်ငံတစ်နိုင်ငံလုံးကို စီမံအုပ်ချုပ်ခွင့် ရာထူး ပိုင်ဆိုင် ထားသူပါ။ သူလုပ်ဆိုလုပ်၊ သူ ဖြုတ်ဆို ဖြုတ်ကြရမှာပါ။ သူတို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်ရဲ့ အထက် မှာတော့ ဘာမှမရှိပါဘူး။ ဘုရင်ကလည်း အချုပ် အခြာ အာ ဏာမပိုင်ပါဘူး။ ကဲ… ဒါပေမဲ့ ဒါဟာရိုးရှင်း သော ဥပမာလေးတစ်ခုပါပဲ။

ဝန်ကြီးချုပ်ထက်ကြီးတာ ဘယ်သူမှ မရှိပေမယ့် ဥပဒေကတော့ သူ့အထက်မှာ ရှိပါတယ်။ သူရာထူးအာဏာကို အလွဲသုံးစားလုပ် တယ်ဆိုတာလည်း ဘာမှ ပြောပလောက် တာမဟုတ်ပါဘူး။ သူ့ရဲ့အစ်ကိုဖြစ်သူ ယခင်ဝန်ကြီးချုပ် သက်ဆင်ကို အစွဲပြုပြီး နိုင်ငံရေးကြောင့် ဖယ်ရှားခံရသူတွေကို ပြည်ဝင်ခွင့်ပေး လိုက်တာမျိုးပါပဲ။ ဒါကို အာဏာ အ လွဲ သုံးစားလုပ်တယ်ဆိုပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံတရားရုံးက ဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။ဒါဟာ ဝန်ကြီးချုပ်တစ်ယောက်ရဲ့ အထက်မှာ ဘယ် သူမှ မရှိတော့ပေမယ့် ဝန်ကြီးချုပ်ရဲ့အထက်မှာ တရားဥပဒေ ရှိတယ်ဆိုတာ အထင်အရှားပါပဲ။

ကဲ …ကျွန်တော်တို့ ဆီမှာ ရော…..

အမျိုးစုံသော တရားစွဲဆိုမှုတွေနဲ့၊ အမျိုးစုံသော မတရားမှု၊ ဘယ်ဥပဒေနဲ့ မှ ဘာမှလုပ်လို့မရဘဲ ဂုဏ်ထူးဆောင် တောင် ဖြစ်လာနေမှု။ မပြောတော့ပါဘူးဗျာ။ ကိုယ့် ဘာသာကိုယ် စဉ်းစားကြည့် ပေါ့။ ကျွန်တော်တို့ဆီမှာ ဥပဒေရဲ့ အထက် ဘယ်သူထပ်ရှိနေလဲပေါ့ဗျာ။ ကျွန်တော်ကတော့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ ပဲ နှိုင်း ယှဉ်ပေးချင်မိပါတယ်။ သတင်းလေးကတော့

”ထိုင်းဝန်ကြီးချုပ် ယင်လပ်ကို အာဏာအလွဲသုံးစားမှု စွဲချက်ဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ တရားရုံးက ရာထူးမှ ဖယ်ရှား”
အကျယ်လောင်ဆုံး သတင်း ဒီတစ်ပတ်မှာ အကျယ်လောင် ဆုံးသတင်းတွေကတော့ မကွေးတိုင်းဒေသကြီးမှာ မီဒီယာလွတ်လပ်ခွင့် ဆန္ဒပြတဲ့သတင်းပါပဲ။ ဆန္ဒပြမှုတွေလည်း အကြိမ်ကြိမ်နဲ့ မီးမငြိမ်း စတမ်းကို ဖြစ်ပေါ်နေတာလည်း တွေ့ရတယ်။ အချို့ကလည်း မီဒီယာလွတ်လပ်ခွင့် အနည်းဆုံး တိုင်းပြည်မှာ မီဒီယာလွတ်လပ်ခွင့် အနည်းဆုံးဒေ သအဖြစ် ဖော်ပြကြပါ တယ်။ဒီထက် ပိုထူးခြားတဲ့ သတင်းကတော့ မီဒီယာလွတ်လပ်ခွင့်အတွက် ဆန္ဒပြသူတွေကို မီဒီယာမှာ ဖော်ပြနိုင်ဖို့ သတင်းလာယူတဲ့ သြစတြေးလျနိုင်ငံသား မီဒီ ယာသမားကို ပြည်နှင် ဒဏ်ပေးလိုက်တယ်ဆိုတာပါပဲ။

ပြဿနာက ပြည်နှင်ဒဏ်ပေးရခြင်းမှာ သတင်းလွတ်လပ်ခွင့်နဲ့မဆိုင်ဘဲ ဗီဇာလိမ်လည် လျှောက်ထားပြီး သတင်း ယူလို့ဆိုပြီး အကြမ်းဖျင်း သိရပါတယ်။ ဗီဇာကို စီးပွားရေးကိစ္စနဲ့ လျှောက်ထားပြီး မကွေးမြို့ပေါ် မီဒီယာလွတ်လပ်ခွင့် စီတန်းလှည့်လည်ရာမှာ ပူးပေါင်းပါ ဝင်တဲ့ အ တွက် ပြည်နှင်ဒဏ်ပေးတာလို့လည်း ဆိုပါတယ်။

တော်ပါသေးတယ်။ ပိုင်နက်ကျူးလွန်မှုနဲ့တရားစွဲမခံလိုက်ရတာ ကံကောင်းပါတယ်။ ဟုတ်တယ်လေ။ သူ့ နေရာသူ့ဒေသလည်း မဟုတ်ဘဲနဲ့ ဝင်လာပြီး သတင်းတွေယူ ဓာတ်ပုံတွေရိုက် လာလုပ်နေတာလေ။ စဉ်းစားကြည့် လေ။ သြစတြေးလျကနေ မြန်မာပြည် ရောက်လာကတည်းက ပိုင်နက်ကျူးလွန်နေပြီ။ ဗီဇာနဲ့မို့ တရားဝင်တယ်တွေ ဘာတွေလာပြော မနေနဲ့။ ကိုယ့်အိမ်ပေါ်ကို တံခါးဖွင့်ခေါ်ပြီး အင်တာဗျူးလုပ်၊ မကျေနပ်တော့ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲ ခံရ၊ ထောင်ကျ။ အများပြည်သူပိုင် လို့ဆို ထားတဲ့ နေရာတွေသွား။ ဟိုက မကျေနပ်လို့ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲ၊ ထောင်ကျ။

ကဲ..ဒီလိုအနေအထားမှာ သူ့ကို ပြည်နှင်ဒဏ်အပေးခံ ရတယ်ဆိုတာ ကံမကောင်း ဘူးလား။ တော်ကြာ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲလိုက်လို့ ဟုတ်ပေ့ဖြစ်နေဦးမယ်။

မိုးဦးစပြီလား

မိုးရာသီကို ပြန်ရောက်တော့မယ့် အရိပ်အယောင်တွေ မြင်နေရပါပြီ။ တချို့နေရာတွေဆိုရင် မိုးသည်းထန်စွာ ရွာသွန်းမှုတွေတောင် ရှိနေပါပြီ။ မိုးရာသီမှာ အဓိကပြောရမှာ ကတော့ လမ်းတွေပါပဲ။

လမ်းမပေါ်ရေကြီး ရေကျော်ခြင်းကလည်း ထိန်းမရ တဲ့ နှစ်စဉ်ကြုံတွေ့နေရတဲ့အခက်အခဲပါပဲ။ ဒီနှစ်မှာတော့ လမ်းမတွေ ရေမကျော်အောင် အရင် ကမလုပ်ခဲ့တဲ့ ရေနုတ်မြောင်းတွေ တူးဖော်နေခြင်းပါပဲ။

လိုအပ်ချက်ကို ပြုလုပ်တဲ့အတွက်ကောင်းပါတယ်။ဒါပေမဲ့ ပြောစရာ ရှိတာက ရေနုတ်မြောင်းတွေလုပ်ဖို့ လမ်းတွေ ကို အားပါးတရဖျက်ပြီး ဘာမှလဲ ဆက်မလုပ်ဘဲ ဒီအတိုင်းထားသွားတာတွေပါပဲ။
ကျွန်တော်တို့ရပ်ကွက်မှာတင် ဖျက်ပြီး ပြန်မပြင်တဲ့လမ်းတွေ အများကြီးပါ။ တစ်မြို့လုံးအတိုင်းအတာနဲ့ဆို ရင် နည်းမှာမဟုတ်ပါဘူး။ မယုံရင် တက္ကစီငှားစီးကြည့်ပါ။ ”မြောင်းဖော်နေတာရှိလား။ ရှိရင် မလိုက်ဘူး” ဆိုပြီး ငြင်းတဲ့အဆင့်ထိပါပဲ။

ဘာလို့လဲဆိုတော့ ကားကို ကွေ့ပတ်ပြီး မောင်းနေရတာ စိတ်ပျက်လို့ပါတဲ့။နောက်ပြီး ပိုခက်တာက ဖျက်တာက တစ်ဖွဲ့၊ ပြင်တာကတစ်ဖွဲ့ပါတဲ့။ ဖျက်တဲ့သူတွေ သွားမေးတယ်။ ”ဒီရေနုတ်မြောင်းတွေ ဘယ်တော့ပြန်လုပ်မလဲ” ဆိုရင် ”မသိဘူး”တဲ့။
ကဲ.. မခက် လား။မိုးတွင်းမှာ ရေလျှံမှာစိုးလို့ ရေနုတ်မြောင်း လုပ်တယ်တဲ့။ လမ်းတွေဖျက်ပြီး ပြီးအောင် မလုပ်ဘူး။ ကဲ.. အခု မိုးရွာပြီ။ ဘယ်လိုလုပ်ကြမတုံး။

ကဲ … ဘယ်လိုဆက်လုပ်ကြမလဲ

လာဘ်ပေးလာဘ်ယူအများဆုံး တိုင်ကြားခံရတာ တရားရေးမဏ္ဍိုင်တဲ့။ ကဲ… ဘယ်လိုလုပ်ကြမတုံး။ တိုင်ကြားစာတစ်သောင်းမှာ ရှစ်ထောင်ဟာ တရားရေးမဏ္ဍိုင်ကို တိုင်ကြားတာပါတဲ့။ ဒီလောက်တောင် အကျင့်ပျက်ခြ စားနေရင် ဘယ်လိုလုပ်ပြီး တရားဥပဒေ စိုးမိုးနိုင်မှာတဲ့လဲ။

ပြစ်မှုရှိသူကို ပြစ်ဒဏ် ချရတဲ့သူတွေကိုယ်တိုင် က ပြစ်မှု ကျူး လွန်ပြီးမှ ပြစ်ဒဏ်ချတယ်ဆိုတော့ဗျာ။ ပြစ်မှုပေါ် ပြစ်မှုထပ်ရုံပဲ ရှိမှာပေါ့။
လောကမှာ သမာသမတ်အကျဆုံး လူဆိုတာ တရားသူကြီးပဲဗျ။ ဒါမှလည်း ပြစ်မှုရှိသူတွေကို မှန်မှန်ကန်ကန်ဆုံး ဖြတ်နိုင်မှာ။ ဒါမှလည်း လူတွေရဲ့ လုံခြုံ ရေး ကို ကျော သားရင်သား မခွဲခြားဘဲ မှန်မှန်ကန်ကန်နဲ့ ထိန်းချုပ်နိုင်မှာ။ ကဲ.. အခု ကျွန်တော်တို့ဆီမှာဗျာ။ လာဘ်ပေးလာဘ်ယူ ဆိုတာ ပြစ်မှု မြောက် တာပဲမ ဟုတ်လား။ အဲဒီပြစ် မှု မြောက်တဲ့ လာဘ်ပေးလာဘ်ယူမှုကို ကျူးလွန်တာ တရားရေးကဆိုတော့ဗျာ။

မမှန်ကန်ဆုံးလုပ်ရပ်ကို လုပ်နေကြတာ အမှန်ကန်ဆုံး ဆုံးဖြတ်ရ မယ့်နေ ရာ ဖြစ်မနေဘူး လားခင်ဗျာ။ ကဲ…စဉ်း စားသာကြည့်တော့။ ဥပဒေဆိုတာ လည်း ငွေမည်းတွေကြားမှာ မြုပ်နေလို့ ညစ် ထေးပြီး ခေါင်း မဖော်နိုင်တော့ဘူး။ အဲဒါကြောင့် ကျွန်တော်တို့ဆီမှာ ဘာဖြစ်နေလဲ သိလား။ဥပဒေတော့ရှိတယ်။ ဒါပေမဲ့ တရားဥပဒေ မရှိတော့ဘူး။ ဒါကြောင့် ရှိနေတဲ့ဥပဒေကို လိုရာဆွဲယူပြီး အပြစ်ချပိုင်ခွင့်ရှိတယ်။ တရားဖို့ မတရားဖို့ မလိုဘူး။

ပြန်ဆုံမယ်ဗျ။

အကြည်တော်
Popular Myanmar News Journal

ကျောက်မီးသွေးစမ်းသပ်ရှာဖွေနေသည့် တရုတ်လူမျိုးများ နေရပ်သို့ပြန်နှင်



သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
မုံရွာ၊ မေ ၁၅
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ပလူစ၀ကျေးရွာ ၊ ပလူစ၀ချောင်းဆုံအနီးရှိ ကျောက်မီးသွေး စမ်းသပ်တူးဖော်လျက်ရှိသော တရုတ်နိုင်ငံသား(၂၀)ဦးအား မေလ ၁၄ ရက်နေ့တွင် နောက်ဆုံးထား၍ နေရပ်သို့ပြန်လည်ထွက်ခွားသွားရန် ကလေးဝမြို့နယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့မှ အကြောင်းကြားခဲ့သည်ဟု

အမှတ်ရစရာတွေကို ပြန်တွေးပေမဲ့ Boyfried Log



အမျိုးသမီး ပရိသတ်တွေအတွက် ပါ။ တကယ်တော့ နာမည်က Boyfried Log ဖြစ်နေပေမဲ့ အမျိုးသားတွေလည်း သုံးလို့ရလောက်မဲ့ app တစ်ခုလို့ထင်ပါတယ်။ sensitive ဖြစ်တဲ့ ကောင်လေးတွေအတွက်ပေါ့။ တစ်ချို့သော လူတော်တော်များများဟာ
ကိုယ်ခံစားခဲ့ရတာ တွေ့ကြုံခဲ့ရတဲ့အပေါ်မူတည်ပြီး
ဒိုင်ယာရီ ရေးတဲ့ အကျင့်ရှိလေ့ရှိပါတယ်။ အခုစာဖတ်နေတဲ့ မိတ်ဆွေ လည်း ရေးလေ့ရှိလား မသိဘူး ? လူသားတွေရဲ့ နေ့စဉ်ဘ၀မှာ
အချစ်ဆိုတဲ့ မေတ္တာ တရားဟာ အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ခုကနေ ပါဝင်နေတယ်ဆိုတာကို ကျတော်တို့အာလုံး သိပြီး ဖြစ်ပါလိမ့်မယ်။
နေ့စဉ်ဘ၀မှာ ကြုံတွေ့ရလေ့ရှိနေတဲ့ မေတ္တာရေးဟာ အမြဲတမ်းတော့ ဖြောင့်ဖြူးနေမှာ မဟုတ်ပါဘူး။ အခုဖော်ပြမဲ့ app ဟာ သင့်ရဲ့တစ်နေ့တာ အကြောင်းတွေကို
ရေးမှတ်နိင်ပြီး ခံစားမူ emotion လေးတွေပါ မှတ်ထား ၊ လို့ရပါတယ်။ ( ရည်းစာနှစ်ယောက်ကြုံနေရသူများအတွက်ကတော့ အမှတ်တွေပေးပြီး ယှဉ်စဉ်းစားနိင်တာပေါ့ )

အချစ်ရေးမှာ ကံကောင်းနေလား down နေလားဆိုတာကို ရှင်းလင်းစွာ သိနိင်ပါလိမ့်မယ်။ တစ်ခြား အလုပ်မှာ တိုးတက်ဖို့ကိုလည်း သုံးလို့ရပါသေးတယ်။
ဒီနေ့ကတော့ အလုပ်မှာ အဆင်ပြေခဲ့တယ်။ အောင်မြင်မူတွေရလာခဲ့တယ် အစရှိသဖြင့်ပေါ့။ app သုံးရာမှာ PIN Code တွေနဲ့ ပိတ်ထားလို့ရပြီး တကယ်လို့ သင့်ရဲ့ ရည်းစာ က အဲဒီ ကုဒ်ကို ဖြေနိင်သွားရင် password ကို သိသွားရင်တော့ ဆက်ပြီး ဆန်းစစ်ချက်တွေ လုပ်နိင်မှာ မဟုတ်လောက်ပါဘူး

iOS အတွက်သာ လက်ရှိရရှိနိင်ပြီး အသုံးပြုချင်ရင်တော့ Apple store မှာ $1.99 ဖြင့် ၀ယ်ယူနိင်ပါတယ်။

Boyfried Log App လင့် အညွှန်း>>> http://goo.gl/HsqIS7

Aung Heine

Smart Pro Journal

သူငယ်ချင်း သရဲ


 ဒီကောင့် နာမည်က "ဇော်ကြီး"… မူကြိုစတက်ကတည်းက တွဲလာတာ ဆယ်တန်းထိကို အတူတူပဲ..။ သူငယ်ချင်းတွေ တစ်ယောက်နဲ့ ချစ်လိုက်ကြတာလည်း အရမ်းပဲ .. သူ့အိမ် ကိုယ်အိပ်.. ကိုယ့်အိမ် သူအိပ်.. နေကြတာ..။ အ၀တ်အစားတွေ အသုံးအဆောင်တွေကအစ.. သူ့ဟာ ကိုယ့်ဟာ မခွဲဘဲ ပေါင်းဝတ်ကြတာပေါ့ ဗျာ..။ ဒီကောင်နဲ့ ကျွန်တော်နဲ့က ၀ါသနာလည်း အတော်တူတယ်ဗျ..။ ကျွန်တော်တို့ ဘောလုံး အတူကန် တယ်..။ ဘောလုံးဂိမ်း အတူဆော့တယ်..။ ဘောလုံးပွဲ အတူကြည့်တယ်..။ ကြိုက်တဲ့ အသင်းကလည်း အတူတူပဲ..။ မန်ယူမှ မန်ယူတွေ….။ အကျင့်တူတဲ့ သူနှစ်ယောက် အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်နေကြတာ သိပ်ဆန်းတဲ့ကိစ္စတော့ မဟုတ်ဘူးပေါ့ဗျာ..။

ရပ်ကွက်ထဲမှာ ဘောလုံးအသင်းရှိတယ်ဗျ..။ တစ်နှစ်တစ်ခါ မြို့နယ်အနေနဲ့ ရပ်ကွက်ပွဲတွေ လုပ်ပေးတယ်..။ ဒီကောင်ရယ် ကျွန်တော်ရယ်က ရပ်ကွက် အသင်းမှာ နှစ်တိုင်းမပါမဖြစ်။ ဒီကောင် ဆော့တာက အရှေ့။ ကျွန်တော်က အလယ်..။ မြို့ကလူတွေတော်တော်များများ ကျွန်တော်တို့အသင်းဆိုရင် ကျွန်တော်တို့ နှစ်ယောက်ကို တွဲမြင်ကြတယ်..။ သူနဲ့ကျွန်တော်နဲ့က အမြဲတမ်း တစ်သင်းထဲမှာပဲကစားတယ်..။ ချိန်းပွဲတွေမှာတောင် ခွဲမကန်ဖူးဘူး..။ သူမရှိရင် ကျွန်တော် မဆော့တတ်တော့သလို… ကျွန်တော်မရှိရင် သူလည်း ကွင်းထဲမှာ ငပေါကြီးကို ဖြစ်သွားရော..။ အဲ့ဒီလောက်တွဲလာကြတဲ့ ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်။

တစ်ရက်… ဒီကောင်က ကျွန်တော့်ကို တောင်နောက်ချောင်းရေသွားကူးဖို့ လာခေါ်တယ်ဗျ..။ ကျွန်တော်လည်း အဲ့ဒီနေ့က နေမကောင်းတာနဲ့ မလိုက်တော့ဘူးဆိုတော့ ဒီကောင်လည်း ကျွန်တော့်ကို အတင်းမခေါ်တော့ပဲ ထွက်သွားတယ်..။

နောက်တစ်ရက်… ဇော်ကြီး ဆုံးသွားပြီတဲ့..။ ကိုယ့်နားကိုယ်တောင် မယုံဘူး..။ တောင်နောက်ချောင်းမှာ ရေနစ်ပြီး ဆုံးတာတဲ့..။ အလောင်းက ဆေးရုံက ရေခဲတိုက်မှာ ရောက်နေပြီ..။ မနေ့က သူ့အိမ်နဲ့ စကားများ ပြီး စိတ်ညစ်ညစ်နဲ့ အိမ်ကထွက်သွားတယ်တဲ့..။ ပြီးတော့ ကျွန်တော့်ကို ၀င်ခေါ်တာ..။ ကျွန်တော်လည်း မလိုက်တော့ ဘီယာသောက်ပြီး ဆိုင်ကယ်နဲ့ တစ်ယောက်တည်း တောင်နောက်ချောင်းမှာ ရေသွားကူးတာ မူးမူးနဲ့ဆိုတော့ ရေနစ်ပြီး ဆုံးသွားတယ်လို့ သူ့အိမ်က ပြန်ပြောပြတယ်..။

ကျွန်တော် ဒီကောင့် အလောင်းကို ရင်ခွဲရုံမှာ သွားကြည့်တော့ ပိတ်ဖြူအုပ်ထားတဲ့ အလောင်းကို မြင်ရတယ်..။ ကျွန်တော့်အချစ်ဆုံး သူငယ်ချင်းပါ..။ ရုပ်လေး ကြည့်ပါရစေလို့ အစောင့်ကို ခွင့်တောင်းတော့…. အစောင့်က ကျွန်တော့်ကို ပိတ်ဖြူလေး လှန်ပြတယ်…။ အရင်က နှစ်လိုဖွယ်ကောင်းတဲ့ ဇော်ကြီး မျက်နှာက ရေတွေနဲ့ဖောင်းပွနေပြီး ပေါက်ထွက်တော့မယ် ရေအိတ်ကြီးလိုဖြစ်နေတယ်…။ မျက်လုံးနဲ့ နှာခေါင်း ပါးစပ်ထဲမှာ သဲတွေ ပြည့်နေတာကို တွေ့လိုက်ရတယ်..။ ပိတ်ဖြူအောက်က ထိုးထွက်နေတဲ့ ဗိုက်ပူပူကို မြင်ရတာ လည်း သူ့ဗိုက်ထဲ ရေတွေ ဘယ်လောက်တောင် ၀င်ထားသလဲဆိုတာ သိတာတယ်..။ ကျွန်တော် ဆက်ကြည့် နိုင်စွမ်း မရှိတာနဲ့ မျက်နှာလွဲပြီး ထွက်ခဲ့လိုက်တော့တယ်..။

မှတ်မှတ်ရရ အဲ့ဒီအချိန်က ဘောလုံးပွဲကန်နေတဲ့အချိန်ကြီး တစ်ပွဲကန်ပြီး နောက်တစ်ပွဲကန်ဖို့ စောင့်နေရတဲ့ အချိန်..။ ကျွန်တော် ဇော်ကြီးရဲ့ အသုဘကို တတ်နိုင်သမျှ ကူညီပေးခဲ့တယ်..။ အချိန်ပြည့် သူတို့အိမ်မှာပဲ နေပေပြီး ဝေယျာဝစ္စတွေကို ကူညီလုပ်ကိုင်ပေးခဲ့တယ်..။ အရာအားလုံး အဆင်ပြေပြေ ချောချောမွေ့မွေ့ ပါပဲ..။ အဲ… ထုံးစံ အတိုင်း နောက်ဆုံး ရက်လည် နေ့မှာ ဇာတ်လမ်းက စတာပါပဲ..။ အဲ့ဒီနေ့က သေဆုံးသူက ဆွေမျိုး အပေါင်းအပါတွေကို နောက်ဆုံး နှုတ်ဆက်ခွင့်ရတဲ့ နေ့တစ်နေ့လေ..။

မနက် ပိုင်း တရားနာ၊ ဆွမ်းကပ်ပြီး တရားနာလာတဲ့သူတွေကို ဒံပေါက်ကျွေးဖို့ ကူညီနေရတာနဲ့ မနက်တစ်ပိုင်းလုံး ဘယ်လို ကုန်လို့ ကုန်သွားမှန်းမသိလိုက်ဘူး..။ နေ့လည် နှစ်နာရီလောက်ကြတော့ ကျွန်တော်တို့ နယ်မြေမှူးက ကျွန်တော့်ကို မနက်ဖြန် ဘောလုံးပွဲရှိတယ်ဆိုတယ် ပြင်ဆင်ထားဖို့ လာပြောတယ်..။ ကျွန်တော် တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်..။ ပထမဆုံး ဇော်ကြီး မပါတဲ့ဘောလုံးပွဲကို ကျွန်တော် ကန်ရတော့မယ်ပေါ့..။

ညအိပ်ယာ စောစောဝင်ခဲ့တယ်..။ ဒါမှ မနက်ဖြန် ဘောလုံးကန်ဖို့အားပြည့်နေမှာလေ..။ ဇော်ကြီးကို သတိရနေ မိတယ်..။ အရင်အချိန်တွေဆို မနက်ဖြန်လို ဘောလုံးကန်မယ်ဆို ဒီလိုညမှာ ဒီကောင်က အိမ်မှာလာအိပ်နေကျ။ မင်းဘယ်လိုကန် ငါဘယ်လိုကန်ဆိုပြီး လေပစ်နေတာနဲ့ ညကို ကုန်ဆုံးစေခဲ့တာ..။ အခု တော့ ကျွန်တော် တစ်ယောက်တည်း..။ စိတ်က ဒီကောင့်ဆီကို ရောက်နေတာနဲ့ တော်တော်နဲ့ အိပ်မပျော်…..။ နာရီကို ကြည့်လိုက်တော့ ည ၁၁း၀၀ နာရီ။ ကြိုးစားပြီး အိပ်မှပါလေ ဆိုပြီး စိတ်တင်းပြီး အိပ်ဖို့ ညာဘက်ကို စောင်း အိပ်လိုက်တယ်။

ကျွန်တော် အိပ်ယာဝင်ရင် ညာဘက်ကိုစောင်းပြီး အိပ်လေ့ရှိတယ်..။ အဲ့ဒါက အကျင့်ဖြစ်နေပြီး အဲ့ဒီလိုမှ မအိပ်ရင် မအိပ်ပျော်တော့ဘူး..။ အိပ်မပျော် တပျော် ဖြစ်နေတဲ့အချိန်မှာ အိပ်နေတဲ့ ကျွန်တော့်ကျောဘက်ကနေ အသက်ရှုသံ တစ်သံ ကြားနေရတယ်..။ ကျွန်တော် ကိုယ့်အသက်ရှုသံ ကိုယ်ပြန်ကြားတာများလားဆိုပြီး အသက်ခဏအောင့်ပြီး နားထောင် လိုက်တယ်..။ နောက်က အသက်ရှုသံက မရပ်သွားဘူး..။ သေပြီ..။ ဇော်ကြီး ကျွန်တော့် အိပ်ယာမှာ လာအိပ်နေပြီ.။ ကျွန်တော် ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး..။ ကျွန်တော် မျက်လုံ့း မဖွင့်ပဲ အသက်ကို အောင့်ထားရာ ကနေ ဖြည်းဖြည်းချင်း ရှုလိုက်တယ်..။

လူတစ်ကိုယ်လုံး ကြောက်စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ချွေးတွေကြောင့် စိုရွှဲနေပြီ..။ နောက်ဆုံး ဖြစ်ချင်ရာဖြစ် ယောက်ျားပဲ ဆိုပြီး ဆတ်ကနဲ နောက်ကိုလှည့်ကြည့်လိုက်တယ်..။ ကျွန်တော်နဲ့ နှာခေါင်းချင်း ကပ်လျက်အနေအထားမှာပဲ ရေခဲတိုက်မှာ တွေ့ခဲ့ရတဲ့ ဇော်ကြီးမျက်နှာကြီး နီးကပ်စွာမြင်လိုက်ရတယ်..။ ဒီကောင့်မျက်နှာကြီးက ပြုံးနေသလိုပဲ…။ ပြီးတော့ ဒီကောင်က ကျွန်တော် ဘေးနားမှာ ကပ်ပြီး ကျွန်တော်နဲ့ အိပ်နေတာ…။ ကျွန်တော် လိပ်ပြာ လွင့်မတတ်ပါပဲ..။ ရှိသမျှ အသံနဲ့ အသားကုန် ကြုံးအော်လိုက်တယ်..။

"သားကြီး.. ဘာဖြစ်တာလဲ… တံခါးဖွင့်စမ်း.."

အိမ်က လူတွေက အပြင်ကနေ တံခါးထုနေသံကြားတော့ ကျွန်တော် အားရှိသွားတယ်..။ ကုတင်ပေါ်က ကုန်းရုံးထပြီး တံခါးပြေးဖွင့်ဖို့ ပြင်လိုက်တယ်..။ တံခါးဖွင့်ဖို့ လုပ်တုန်းမှာပဲ အမှောင်ထဲမှာ ကုတင်ပေါ်ကနေ ဇော်ကြီး ကုန်းထ နေတာမြင်လိုက်ရတယ်..။ ကျွန်တော် တံခါးလက်ကိုင်ဘုကြီး ကိုင်ပြီး ငေးကြည့်နေမိတယ်..။ ပြီးတော့ ဇော်ကြီးက ကျွန်တော့်ဗီဒိုကို လက်ညှိုးထိုးပြီး ရပ်နေတယ်..။ ကျွန်တော် သူဘာကို ဆိုလိုမှန်း နားလည် လိုက်ပြီ..။ ကျွန်တော် သူကြားနိုင်လောက်တဲ့ အသံတိုးတိုးလေးနဲ့ ပြောလိုက်တယ်..

"အေးပါ ဇော်ကြီးရာ…၊ မင်းဖိနပ်နဲ့ ၀တ်စုံကို ငါမင်းဆီကို ပို့ပေးပါ့မယ်…"

ကျွန်တော် အဲ့လိုပြောလိုက်တော့ ဒီကောင် ကျွန်တော့်ဆီ တစ်လှမ်းချင်း လှမ်းလာတယ်…။ ကျွန်တော် တံခါးဖွင့်ပြီး အပြင်ထွက်လိုက်ရမလား ဒီအတိုင်းနေရမလား စဉ်းစားနေတုန်း ဒီကောင် ကျွန်တော့်ရှေ့ကို ရောက်လာတယ်…။ သေချာတာကတော့ ဒီကောင် ကျွန်တော့်ကို ဒုက္ခမပေးပါဘူး။ ကျွန်တော့်ကို သေချာကြည့်ပြီး ကျွန်တော့်ရှေ့ကနေ ဆေးလိပ်မီးခိုးငွေ့ပုံစံ ပျောက်ကွယ်သွား တယ်..။ ကျွန်တော့်ကို နှုတ်ဆက်သွားတဲ့ ပုံစံပါပဲ…။ ကျွန်တော် ဒီဖြစ်ရပ်တွေကို အမှောင်ထဲမှာ ကြည့်နေရတာ ရုပ်ရှင်တကား ကြည့်နေရသလိုပါပဲ..။ ကျွန်တော် နဖူးပေါ် ကျနေတဲ့ ချွေးတွေကို သုတ်လိုက်ပြီး အခန်းတံခါးလက်ကိုင်ဘုကို လှည့်လိုက်တယ်..

"ဘာဖြစ်တာလဲ သား… တစ်ကိုယ်လုံးလည်း ချွေးတွေနဲ့…"

"ဘာမှ မဖြစ်ပါဘူး… သားအိပ်မက်ဆိုးတွေ မက်နေတာပါ…"

အဲ့ဒီည ရေတစ်ခွက်သောက်ပြီး ကျွန်တော် အေးအေးဆေးဆေးပဲ ဆက်အိပ်ခဲ့ပါတယ်..။ ဘာအနှောင့်အယှက်မှ မရှိပါဘူး..။ နောက်နေ့ မနက် လင်းလင်းချင်း သူ့ဘောလုံးဝတ်စုံနဲ့ ဖိနပ်ကို သူ့ရဲ့ အုတ်ဂူနားမှာ သွားပြီး မြှပ်ပေးခဲ့ပါတယ်..။ ဒီကောင် ကျေနပ်မှာပါ..။ အဲ့ဒီနေ့ ညနေမှာပဲ ကျွန်တော့်ရဲ့ အချစ်ဆုံး သူငယ်ချင်းမရှိတဲ့ ပထမဆုံး ဘောလုံးပွဲကို ကစားခဲ့ပေမယ့် ကွင်းထဲမှာ ပြေးလွှားနေတဲ့ ဇော်ကြီးရဲ့ အရိပ်အယောင်တွေကို တွေ့နေရတယ်လို့ ကျွန်တော် ထင်ယောင်မိပါတယ်…။

အောင်ထွန်းဦး

iPhone အဟောင်းအကွဲ တစ်လုံးကို ဒေါ်လာ ၅၆၈၀၀တန်စေခဲ့တဲ့ Rihanna


Instagram ပေါ်မှာ Rihanna ကို follow လုပ်ထားမယ်ဆိုရင်၊ သူမ selfie ရိုက်တုန်း ဘာဖြစ်သွားတယ်ဆိုတာ သင် သိပါလိမ့်မယ်။ selfie မတော်တဆထိခိုက်မှုတစ်ခုကို RiRi ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ အဲ့ဒီ့အဖြစ်အပျက်ကနေ ပရဟိတအလှူအခြေအနေတစ်ခု ဖြစ်သွားပါတယ်။

Los Angeles Clipper game (ဘတ်စကက်ဘောပွဲ) မှာ Rihannaဟာ Los Angeles ရဲဋ္ဌာန စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ Steve Soboroffနဲ့အတူ selfieဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

Selfie ရိုက်နေတုန်း RiRiရဲ့လက်ကနေ Soboroffရဲ့ဖုန်း ပြုတ်ကျပြီး screenကွဲသွားပါတယ်။ ဒီမတော်တဆမှုအတွက် RiRiဟာ Twitterကနေတောင်းပန်ခဲ့ပါတယ်။ သူမ tweetခဲ့တာကတော့ “Sorry I broke your phone.” လို့ပါပဲ။

Rihannaဟာ LAPD (လော့စ်အန်ဂျလိစ်ရဲဋ္ဌာန) ကို ဒေါ်လာ ၂၅၀၀၀လှူတန်းခဲ့ပြီး သူမရဲ့ လှူဒါန်းမှုနဲ့အတူ ပါဝင်လှူဒါန်းနိုင်ဖို့ သူမလက်ကကျကွဲသွားတဲ့ဖုန်းကို လေလံတင်ရောင်းချခဲ့ပါတယ်။ မေ ၁၅ရက်၊ နံနက် ၁၁နာရီ ၂၆မိနစ်အထိ နောက်ဆုံးရ လေလံဈေးကတော့ ၅၆၈၀၀ပါ။ selfie မတော်တဆမှုကနေ LAPD အတွက်ရော၊ Rihanna ပရိသတ်တွေအတွက်ပါ နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့ အခြေအနေအဖြစ်ကို ပြောင်းလဲသွားပါတယ်။

Ref:theboombox.com
trend myanmar

ကိုဇော်ဖေလွတ်မြောက်ရေး ဘားမားကင်ပိန်း ယူကေရဲ့ ကြိုးပမ်းမှု

ကိုဇော်ဖေနဲ့ မိသားစု၊ ဓာတ်ပုံ- DVB

ဖမ်းဆီးထောင်သွင်း အကျဉ်းချခံထားရတဲ့ DVB သတင်းထောက် ကိုဇော်ဖေ လွတ်မြောက်ရေးအတွက် ဗြိတိန်အခြေ စိုက် ဘားမား ကင်ပိန်း ယူကေအဖွဲ့က ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး ၀ီလျံဟေ့ဂ်ကို ပုဂ္ဂိုလ်ရေး အရ ၀င်ရောက်ဖြေရှင်း ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေနဲ့ ကျောင်းသားမိဘတဦးဖြစ်တဲ့ ဦးဝင်းမြင့်လှိုင်တို့ဟာ မကွေးတိုင်း ပညာရေးဋ္ဌာန ကို သွားရောက်ကာ သတင်းအတည်ပြုချက်ရရေး မေးမြန်းဖို့ သွားတာကို ငြင်းပယ်ခံခဲ့ရပြီး တာဝန်ဝတ္တရား နှောက် ယှက်မှုနဲ့ စွပ်စွဲပြီး သူတို့ ၂ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ကိုဇော်ဖေနဲ့ ဦးဝင်းမြင့်လှိုင်တို့ကို ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့က ဒေသဆိုင်ရာ တရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့ပြီး သရက်အကျဉ်းထောင်ကို ပို့လိုက်ပါတယ်။

အဲဒီလို သတင်းထောက်ကို ဖမ်းဆီးတာ၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးသေးတာနဲ့ပတ်သက်ပြီး ဘားမား ကင်ပိန်း ယူကေက ဗြိတိန်ပြည်သူတွေနဲ့ မြန်မာ့အရေးထောက်ခံသူတွေဟာ ဗြိတိန် နိုင်ငံခြားရေး ဋ္ဌာနကို စာ ရေးပြီး မြန်မာနိုင်ငံမှာ သတင်းထောက်တွေဖမ်းဆီးတာနဲ့ နိုင်ငံရေး အကျဉ်းသား ပြန် လွှတ်ပေး
ရေးငြင်းဆိုနေတာတွေ အပေါ် မေးခွန်းထုတ်ဖို့နဲ့ ဗြိတိန်အစိုးရက မြန်မာအစိုးရကို နိုင်ငံရေး၊ နည်းပညာအရ အကူအညီပေးနေမှု၊ ငွေကြေး အကူအညီပေးနေမှုတွေကို ပြန်လည်ရုတ်သိမ်းပေးဖို့ တောင်းဆိုဖို့လည်း တိုက်တွန်းထားပါတယ်။

ဗြိတိန်အစိုးရဟာ မြန်မာအစိုးရကို ကူညီထောက်ပံ့ဖို့ ဒေါ်လာ ၃၄ သန်း လျာထားတယ်လို့လည်း ဘားမား ကင်ပိန်း ယူကေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ ကိုဇော်ဖေဟာ ၂ နှစ်အရွယ်သားတဦးနဲ့ ဇနီးတို့ ရှိပြီး လွန်ခဲ့တဲ့ နှစ်ကတည်းက သတင်း ထောက်လုပ်ရင်းအဖမ်းခံခဲ့ရတာဖြစ်သလို ကိုဇော်ဖေဟာ ၂၀၁၀ ခုနှစ်ကလည်း တရားမ၀င် ဗွီဒီယို ရိုက်ကူးမှုနဲ့ ထောင် ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရကား ၂၀၁၂ ခုနှစ်ကမှ ပြန်လွတ်လာတယ်လို့ အဲဒီကြေညာချက် မှာ ဖော်ပြထားပါတယ်။

အိမ့်သံစဉ် ~
Irrawaddy

ဘော်ဆိုင်းသတ္တုတွင်း တရားမ၀င်နိုင်ငံခြားသားများ ၀င်ရောက်မှုထုတ်ဖော်သူ ခြိမ်းခြောက်ခံရဟုဆို


ဂျွန်ချစ်ငြိမ်း| ကြာသာပတေးနေ့၊ မေလ ၁၅ ရက် ၂၀၁၄ ခုနှစ်

ရှမ်းပြည်နယ်၊ ကလောမြို့နယ်အတွင်းရှိ ဘော်ဆိုင်းသတ္တုတွင်းတူးဖော်ရေးလုပ်ငန်းခွင်တွင် တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများရှိနေသည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့သည့် EITI ဖော်ဆောင်ရေး (ရှမ်းပြည်နယ် အရပ်ဖက် ကိုယ်စားလှယ်) ကိုဣန္ဒကို ဒေသခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ခဲ့သည်ဟု ခြိမ်းခြောက်ခံရသူ ကာယကံရှင်က မဇ္ဈိမကို ပြောသည်။

မေ၈ရက်က ကလောမြို့နယ်ခန်းမတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒေသခံများတွေ့ဆုံစဉ် ဘော်ဆိုင်းသတ္တုတွင်းလုပ်ငန်းခွင်နှင့် ပတ်သက်ပြီး ကိုဣန္ဒက အသေးစိတ်တင်ပြဆွေးနွေးခဲ့ရာ ပွဲအပြီးတွင် ဘော်ဆိုင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကြိမ်းမောင်းခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဘော်ဆိုင်းသတ္တုတွင်းတွင် နိုင်ငံခြားသားပညာရှင်များသာ လုပ်ကိုင်လျက်ရှိကြောင်း၊ အမှန်တကယ်တွင်မူ အနီးပတ်ဝန်းကျင် ကျေးရွာလူထု၏ သတင်းပေးချက်အရ ထိုလုပ်ငန်းခွင်တွင် နိုင်ငံခြားသားပညာရှင်များ သာမက ပတ်စပို့မပါဘဲ နိုင်ငံခြားသားအလုပ်သမားများကိုပါ တွေ့ရှိနေရကြောင်း၊ အဘယ်ကြောင့် ထိုသို့ဖြစ်ရပါသနည်းဆိုတဲ့ မေးခွန်းကို ကျွန်တော်က လွှတ်တော် ဥက်္ကဋ္ဌကြီးကို မေးတယ်။ မေးတော့ ဥက္ကဋ္ဌကြီးက ဒီသတင်းအချက်လက်သာ ခိုင်လုံလျင် ကျေးရွာအုပ်ချုပ်ရေးမှူး ပေါ့လျော့လို့ဖြစ်တာ အုပ်ချုပ်ရေးမှူးမှာ တာဝန်ရှိတယ်ဆိုပြီး ပြန်ဖြေပေးခဲ့တာပါ”ဟု ကိုဣန္ဒက ပြောသည်။

အဆိုပါ သတင်းအချက်လက်များသည် လက်ရှိအဆိုပါသတ္တုတွင်းတွင် လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုမှ ရရှိထားသည့် အချက်အလက်များကို ကိုးကားပြောဆိုခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဘော်ဆိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်သန်းက “ဘာကိစ္စ ကိုယ်နဲ့မဆိုင်ဘဲ ဒီလိုတွေဝင်ပြောရတာလဲ။ လ၀ကက လုပ်ရမဲ့အလုပ်ကို မင်းက ဘာကြောင့် ၀င်လုပ်နေရတာလဲ။ ငါ အုပ်ချုပ်ရေးမှူးတောင် ဘာမှမတင်ပြဘူး။ မင်းက ပြောတော့ ငါခွေးဖြစ်သွားတာပေါ့ကွ”ဟု ပြောဆိုခဲ့ကြောင်း ကိုဣန္ဒက ပြောသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သန်းကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း တယ်လီဖုန်းလိုင်း ခေါ်ဆိုမရခဲ့သည့်အတွက် မှတ်ချက်တစ်စုံတစ်ရာ ရရှိခဲ့ခြင်း မရှိပေ။

လက်ရှိ လုပ်ငန်းခွင်အတွင်း နိုင်ငံခြားသားများ ၀င်ရောက်နေမှုနှင့် ပတ်သက်ပြီး နိုင်ငံခြားသားဝင်ထွက်မှု စာရင်း
အတိအကျလုပ်ထားကြောင်း၊ ဥက္ကဋ္ဌကြီး ပြောသည့်အတိုင်း တာဝန်ကျေစေရမည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက
ပြောဆိုထားသည်ဟုဆိုသည်။

ခြိမ်းခြောက်ခံရမှုအတွက် ကလောမြို့နယ်အုပ်ချုပ်ရေးမှူးထံ စာတင်ပြသွားမည့်အပြင် သဘာဝသယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်နိုင်ရေး (EITI)သို့ အသိပေးအကြောင်းကြားသွားမည်ဟု ကိုဣန္ဒက ပြောသည်။

EITI တွင် အစိုးရ၊ ကုမ်္ပဏီနှင့်အရပ်ဘက်အဖွဲ့အစည်းသုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ကို အကောင်အထည်ဖော်နိုင်လျှင် စီမံကိန်းများတွင် ပွင့်လင်းမြင်သာမှုရှိခြင်း၊ တာဝန်ခံမှုရှိခြင်းအပေါ် နိုင်ငံတကာ၏ ထောက်ခံမှုကိုရရှိခြင်း၊ အစိုးရ၏
သယံဇာတဆိုင်ရာ အခွန်ကောက်ယူမှု အရည်အချင်းနှင့် လူထုအခြေပြုအဖွဲ့အစည်းများအကြား ယုံကြည်မှုတည်ဆောက်ရန် အထောက်အကူပြုစေမည်ဟု EITI အဖွဲ့က ထုတ်ပြန်သည်။

Mizzima Burmese

မြန်မာပြည်ကို အရေခွံဆုတ်နေတဲ့ ဘိန်းတရုတ်ခရိုနီ




ခရိုနီတွေအကြောင်း ပြောပြနေတဲ့ ခရိုနီလက်ဟောင်းကြီးက “တကယ်တမ်း ပြောရရင် ထိပ်သီးခရိုနီ၂၀ထဲမှာ မြန်မာတစ်ယောက်မှ မပါဘူးဗျ။ ဒီလိုပြောပြန်တော့ ဆရာကျောင်းတို့ ဦးဇော်ဇော်တို့ ဦးတေဇတို့က ထိပ်သီး ၂၀ထဲမပါဘူးလားလို့ ခင်ဗျားက မေးချင်မယ်။ အစိုးရဆီက အခွင့်အရေး အရဆုံး အမြတ်အစွန်း အရဆုံး ၂၀ထဲမှာ အဲဒီသုံးယောက် မပါဘူးဆိုတာ အသေအချာ ပြောရဲတယ်။

ဘာကြောင့် ပြောနိုင်သလဲဆိုတော့ အရင်ထောက်လှမ်းရေးတွေ ပြုစုထားတဲ့ စာရင်းရှိတယ်။ အဲဒီအထဲမှာ ခုနသုံးယောက်က ၂၀ အပြင်မှာပဲရှိတယ်။ ဒါပေမဲ့ လှူရတန်းရမဲ့ အချိန်ကျရင် ရုပ်ပြကောင်းအောင် သူတို့ကိုပဲ ပွဲထုတ်လေ့ရှိတော့ လူတွေက သူတို့သုံးယောက်က အခွင့်အရေး အရဆုံး၊ အချမ်းသာဆုံးလို့ ထင်နေတာ။ အခုကျွန်တော် ပြောပြမဲ့ ဘိန်းခရိုနီကမှ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်မိသားစုတွေ၊ ၀န်ကြီး ၀န်ကလေးတွေရဲ့ ယုံကြည်ခံရဆုံး အခွင့်အရေး အရဆုံးသူ ဖြစ်တယ်။

သူတို့မိသားစုနေဖို့ အင်းစိန် သုခလမ်းနဲ့ ပဏ္ဍိတလမ်းမှာနေတဲ့ သူတွေကို မှော်ဘီ ၀ါးတစ်ရာကို ပြောင်းပစ်ပြီး ရပ်ကွက်ကြီး တစ်ခုလုံးကို မိသားစု စံနန်းတော် လုပ်ခဲ့သူလည်းဖြစ်တယ်။ ပြောရရင် ဒါဟာ မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းလည်း မဟုတ်ဘူး။ ဘိန်းဘုရင် မိသားစု စံစားဖို့ သက်သက်ပဲ။ ဒါပေမဲ့ ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ခင်ညွန့်က အဲဒီနေရာကို ပေးခဲ့တယ်။ ဘာလို့ပေးခဲ့သလဲဆိုရင် အဲဒီ ဘိန်းတရုတ်တွေက ထောက်လှမ်းရေး အသေးသုံးအတွက် တစ်နှစ်ကို ဒေါ်လာ တစ်သန်း ထောက်ပံ့ခဲ့လို့ပဲ။

ဒီဘိန်းတရုတ်ခရိုနီက မြန်မာနိုင်ငံရဲ့ အရင်းအမြစ်တွေကို တရုတ်ဘက်ကို နည်းမျိုးစုံနဲ့ ရောင်းစားနေတဲ့သူ ဖြစ်တယ်။ အခုအနားယူသွားတဲ့ ဒုသမ္မတဟောင်းကို သူ့ကုမ္ပဏီထဲမှာ ရှယ်ယာတွေပေး၊ ကုမ္ပဏီရဲ့ နာယကခန့်ပြီး တစ်နိုင်ငံလုံးရဲ့ အရင်းအမြစ်တွေကို ထုတ်ယူ သုံးစွဲခွင့်ရခဲ့တာ ဖြစ်တယ်။ အဲဒီ ဒုသမ္မတဟောင်းဟာ အဲဒီ ဘိန်းတရုတ်ရဲ့ ကုမ္ပဏီမှာ အစုရှယ်ယာ ၄၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ပြီး နာယက တာဝန်ထမ်းဆောင်လျက်ရှိတယ်။

တစ်နိုင်ငံလုံးက အုန်းအုန်းကျွက်ကျွက် ကန့်ကွက်နေတဲ့ မြစ်ဆုံရေအားလျှပ်စစ်ဟာ တကယ်ပြောရရင် နှစ်ကျပ်ကွက် ဖြစ်တယ်။ မြစ်ဆုံရဲ့ ရေအောက် မြေကြီးတွေထဲမှာ နှစ်ပေါင်းများစွာ အနည်ကျနေတဲ့ ရွှေတွေရှိတယ်။ ဒါကြောင့် မြစ်ဆုံက တူးသမျှ မြေကြီးတွေကို တရုတ်ဘက်ကို ငွေအကုန်ခံ သယ်သွားတာဖြစ်တယ်။

အဲဒီမြစ်ဆုံစီမံကိန်းအတွက် သူတို့ရင်းနှီးမြှုပ်နှံမဲ့ ငွေထက် အဆပေါင်းများစွာ တန်တဲ့ ရွှေတွေကို အဲဒီဘိန်းတရုတ် ပွဲစားလုပ်တဲ့ CPIကုမ္ပဏီက ရသွားပြီးဖြစ်တယ်။ ပြောရရင် အဲဒီဘိန်းတရုတ်ခရိုနီဟာ တိုင်းပြည်မျက်နှာကို နဲနဲမှထောက်တာ မဟုတ်ဘူး။ အဲဒီလို မထောက်ထားနိုင်တဲ့ အကြောင်းက သူဟာ တရုတ်ဖြစ်နေလို့ပဲ။ ခက်တာက အဲလိုလူတွေကိုမှ အာဏာရှင်တွေက ယုံကြည်ကြတာကိုးဗျ။

သူ ပွဲစားလုပ်တဲ့ ရေအားလျှပ်စစ်နဲ့ ပတ်သက်တဲ့ စာချုပ်တွေဟာ အများပြည်သူရှေ့ကို ရောက်မလာပေမဲ့ အခြေခံအချက်ကတော့ သူတို့ တရုတ်ကုမ္ပဏီတွေကို ရင်းနှီးမြှုပ်နှံခွင့် ပြုလိုက်လို့ နိုင်ငံတော်က ပြန်ရမှာက ထွက်တဲ့လျှပ်စစ်ရဲ့ ၁၀ရာခိုင်နှုန်းပဲ ဖြစ်တယ်။ ပြီးရင် နိုင်ငံအတွက် လိုအပ်လာရင် ၅၀ရာခိုင်နှုန်းအထိပဲ ပေါက်ဈေးနဲ့ ၀ယ်ခွင့်ရှိတယ်။ ရေအားလျှပ်စစ် အတွက် နိုင်ငံတော်က သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ဂေဟစနစ် ပျက်စီးမှုတွေ ရှိပေမဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ အာဏာရှင် မိသားစုက အဲဒီဘိန်းတရုတ် ခရိုနီလုပ်ချင်သမျှကို ခွင့်ပြုပေးခဲ့တယ်။ မြစ်ဆုံမှာ တကယ် သူတို့ ဆောက်မှာက ဆည်ပေါင်း ခုနှစ်ခုဖြစ်တယ်။

လက်ရှိအစိုးရက တားထားတာက မြစ်ဆုံဆည်တစ်ခုထဲဖြစ်လို့ ကျန်တာတွေ သူတို့ ဆက်ဆောက်ခွင့် ရနေသေးတယ်။ အဲဒီစီမံကိန်းကနေ ဘိန်းတရုတ် ခရိုနီရသွားတဲ့ ပွဲခက အမေရိကန် ဒေါ်လာ သန်း ၄၀၀ ဖြစ်တယ်။ ပြောရရင် မြန်မာနိုင်ငံက ရေအားလျှပ်စစ်စီမံကိန်းတွေအားလုံးကို အရင်လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း လက်ထက်မှာ လက်မှတ် အကုန်ထိုးသွားတာ ဖြစ်တယ်။

အဲဒီအပြင် အာဏာရှင်တွေက ဘယ်လောက် သဘောကောင်းသလဲဆိုတော့ မြန်မာနိုင်ငံကနေ နိုင်ငံတစ်ကာ ထွက်ပေါက် ၀င်ပေါက်တွေဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေကို နှစ်ရှည်စာချုပ်နဲ့ သူ့ကို လုပ်ခွင့်ပေးလိုက်တယ်။ ဒီတော့ သစ်လုံးထွင်းပြီး ဘိန်းဖြူတွေထည့်ပြီး နိုင်ငံခြားပို့တာမျိုးတွေ ဖြစ်လာတာပေါ့ဗျာ။ နိုင်ငံတကာ ရဲတပ်ဖွဲ့က သတင်းပေးလို့ ဖမ်းမိတော့လဲ ဘယ်သူက အရေးယူလဲ၊ ဘယ်သူကမှ အရေးမယူရဲဘူး။

ဘာကြောင့်လဲဆိုရင် စားထားတာတွေက နင့်နေလို့ပေါ့။ အာဏာရှင်ကြီးရဲ့ သမီးတွေ ၀ယ်သမျှ စိန်တွေကို ဒုသမ္မတဟောင်းက ငွေချေရတယ်။ အဲဒီငွေက ဒီဘိန်းတရုတ် ခရိုနီဆီကရတာ ဖြစ်တယ်။ မဟုတ်ဘူး ငြင်းလို့တော့မရဘူး။ အဲဒီငွေပေးငွေယူ ကိစ္စတွေမှာ လိုက်လုပ်ပေးရတဲ့ သူက ပြောပြထားတာ။ ထောက်လှမ်းရေးပိုင်းမှာ တာဝန်ရှိတဲ့ အကောက်ခွန်တို့၊ သတင်းတပ်ဖွဲ့တို့ စစ်ဖက်ရေးရာ လုံခြုံရေးတို့ စသုံးလုံးတို့က အဲဒီဘိန်းတရုတ်ခရိုနီကို နိုင်ငံတကာ ထွက်ပေါက်ဝင်ပေါက်တွေ လုပ်ပိုင်ခွင့်ပေးတဲ့ ကိစ္စကို လုံးဝ မကျေနပ်ကြဘူး။ သူကိုယ်တိုင် ကမ္ဘာကျော် မူးယစ်ရာဇာမိသားစုဝင်ဖြစ်သလို သူ့ဇနီးကလည်း စင်္ကာပူ တရုတ်မလေးဗျာ။ ဒီလို မိသားစုကို ငွေမျက်နှာ တစ်ခုထဲနဲ့ နိုင်ငံတော်ရဲ့ ၀င်ပေါက်ထွက်ပေါက်တွေကို ပေးတဲ့လုပ်ရပ်က အော့နှလုံးနာဖို့ ကောင်းတယ်။

ဒါပေမဲ့ ဘယ်သူမှ မတတ်နိုင်ဘူး။ အာဏာရှင် မိသားစုရဲ့ ညွှန်ကြားချက်နဲ့ အရင်က အတွင်းရေးမှူး(၁)၊ နောက်ပိုင်း ဒုသမ္မတ(၁)ဖြစ်တဲ့ သူက အကုန်ခွင့်ပြုပေးခဲ့တာကိုး။ လောလောဆယ်တော့ လာမဲ့၂၀၁၅ကို မျှော်တွေးပြီး ဒုသမ္မတဟောင်းက အဲဒီဘိန်းတရုတ် ခရိုနီဆီက သူထည့်ထားတဲ့ ရှယ်ယာတွေ ပြန်ထုတ်ပေးဖို့ တောင်းဆိုနေလေရဲ့။ ရှယ်ယာဆိုတာ သူကငွေထည့်ရတာ မဟုတ်ဘူးလေ၊ လုပ်ငန်းတစ်ခု ချပေးလိုက်လို့ သူ့အတွက် အကျိုးအမြတ်ကို ဟိုဘိန်းတရုတ် ခရိုနီက ငွေမပေးချင်လို့ ရှယ်ယာဆိုပြီး သူ့ကုမ္ပဏီမှာ ထည့်ခိုင်းထားတာတွေ။

ဂျာနယ်တစ်စောင်ကလဲ ခရိုနီတွေကို ချတာပဲ။ ဒါပေမဲ့ ကျွန်တော်နဲ့ သူတို့နဲ့ မတူတာက ခင်ဗျားကို ကျွန်တော်က အတွင်းရေး အချက်အလက်တွေ သေသေချာချာ ပြောပြနိုင်တယ်။ ဟိုဂျာနယ်က ငယ်ကျိုးငယ်နာဖော်ပြီးပဲ ဆဲနိုင်ပေမဲ့ ခင်ဗျားက facts and figuresနဲ့ ရေးပြနိုင်တယ်၊ အဲဒါကွာတာပဲ။

ရန်ကုန်မြို့ထဲမှာ လမ်းတွေကျပ်လို့ဆိုပြီး ကမ်းနားမှာ ကွန်ကရစ် လမ်းမကြီး ဖောက်တယ်ဗျာ။ ဘယ်သူတွေကို တင်ဒါခေါ်လို့လဲ။ အဲဒီဘိန်းတရုတ် ခရိုနီလက်ထဲကို ဒီအတိုင်း ထည့်လိုက်တာပဲ။ ဒါတောင်ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်တစ်ထောင်ဘုရား အကျော်က တပ်ထိန်းရုံးကို ဖျက်မပေးနိုင်ဘူး တင်းခံနေလို့ အဲဒီလမ်းက သံလျက်စွန်းအထိ မရောက်ပဲ အဲဒီဓနိတောနားမှာတင် ရပ်သွားတာ။ အဲဒီလမ်းကို သူ့ကိုနှစ်၃၀ BOTဆိုပြီး ပေးတယ်။ အမှန်က၂နှစ်နဲ့ အရင်းကျေတဲ့လမ်းဗျ။ လမ်းအသုံးပြုဖို့ ငွေကောက်တဲ့ နှုန်းကလဲ ကြောက်လန့်စရာ။ နေပြည်တော် ရန်ကုန်လမ်း မိုင်၂၀၀ထက် များနေတယ်။

ဒီတော့ဒီလောက် အကျိုးရှိတဲ့ လုပ်ငန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနက ဘာလို့ မဖောက်တာလဲ၊ ငွေမရှိလို့လားဆိုပြီး စည်ပင်က လူကြီးတွေကို မေးကြည့်တော့ အပေါ်က တစ်ခါထဲ အဲဒီဘိန်းတရုတ် ခရိုနီကို ချပေးလိုက်တာတဲ့။

ကုန်သည်ကြီးများ ဟိုတယ် ဆောက်တော့လဲ သူပါတာပဲ။ နောက်ပိုင်း မူးယစ် နောက်ကြောင်းရှိတဲ့ သူပါရင် အဲဒီဟိုတယ်မှာ ကုလသမဂ္ဂ အပါအ၀င် တစ်ခြား ဘယ်အဖွဲ့အစည်းရဲ့ အစည်းအဝေးမှ မလုပ်ဘူးဆိုလို့ တခြား ရှယ်ယာရှင်တွေက သူ့ကိုနစ်နာကြေး ဒေါ်လာ ၁၂သန်းပေးပြီး ထုတ်လိုက်ရတာ။ အဲဒီမှာလည်း နင့်နေအောင် ပွသွားတယ်။

ရန်ကုန်လေဆိပ် အသစ် တည်ဆောက်ရေး ပရောဂျက်ကိုရတဲ့ အတွက် တာမွေဘက်က အိမ်ယာမှာ အဲဒီတုန်းက ပို့ဆောင်ရေးဝန်ကြီး ဗိုလ်ချုပ်လှမြင့်ဆွေကို အိမ်တစ်လုံး ဆောက်ပြီး လက်ဆောင် ပေးခဲ့တယ်။ ၀န်ကြီးပြောင်းသွားပြန်တော့ နောက်တက်လာတဲ့ ၀န်ကြီးဗိုလ်ချုပ် သိန်းဆွေကိုလည်း အိမ်တစ်လုံး ဆောက်ပေးရုံမက အဲဒီဝန်ကြီးရဲ့သားတွေ နိုင်ငံခြားကိုသစ်ပို့ဖို့ ချောင်းဝဘုန်းကြီးကျောင်းနောက်မှာ မြေတွေရော အဆောက်အဦးတွေရော ဆောက်ပေးခဲ့တယ်။

အဲဒီဘိန်းတရုတ် ခရိုနီ အကြောင်းကတော့ ပြောပြရရင် စာအုပ်တစ်အုပ်လောက် ရနိုင်တယ်၊ ဒီတစ်ပတ်တော့ ဒီလောက်နဲ့ နားကြဦးစို့ရဲ့ဗျာဆိုပြီး ခရိုနီဟောင်းကြီးက သူ့စကားကို လက်စသတ်သွားလေရဲ့။

လက်စောင်းထက်

(Tomorrow သတင်းဂျာနယ်အမှတ်-၁၁ ပါ ဆောင်းပါး)

လုပ်ငန်းခွင်အတွင်း ထိခိုက်သေဆုံးပါက ကုမ္ပဏီနှင့်စစ်ဆေးသူကို ၀န်ကြီးဌာန တရားစွဲဆိုမည်

ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဝတ်စုံပြည့်လုပ်ကိုင်နေသော အလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))




လုပ်ငန်းခွင်သုံးပစ္စည်းများ သုံးစွဲလုပ်ကိုင်စဉ် ထိခိုက်သေဆုံးမှုဖြစ်ပွားပါက ကုမ္ပဏီနှင့် စစ်ဆေးကြီးကြပ်သူတို့ကို တရားစွဲဆိုမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်အတွင်းအသုံးပြုနေသည့် လုံခြုံရေးပစ္စည်းများမှာ အလုပ်သမားများအတွက် လုံခြုံမှု အာမခံမရှိဘဲ အသုံးပြုနေသဖြင့် မကြာမီထွက်ရှိမည့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ နည်းဥပဒေအသစ်တွင် အဆိုပါလုံခြုံရေးပစ္စည်းများကို စစ်ဆေးသည့်အဖွဲ့ ဖွဲ့စည်းမည်ဖြစ်ပြီး ယင်းပစ္စည်းများ အသုံးပြုရင်း လုပ်သားများ ထိခိုက်မှုဖြစ်ပါက ကုမ္ပဏီနှင့်စစ်ဆေးဆောင်ရွက်သူတို့ကို ၀န်ကြီးဌာနက တရားစွဲဆို အရေးယူမှု ပြုလုပ်မည်ဟု ဆိုသည်။

‘‘အလုပ်သမားဝန်ကြီးဌာနက မစစ်ဘူး။ စစ်ဆေးတဲ့သူကို အစိုးရနဲ့ ကုမ္ပဏီမဟုတ်ဘဲ အဖွဲ့တစ်ခုဖွဲ့မယ်။ အဲဒီအဖွဲ့က စစ်ဆေးမယ်။ စစ်ဆေးပြီးလို့ အလုပ်သမားကပေါ့ဆလို့မဟုတ်ဘဲ ဒီပစ္စည်းပါရဲ့သားနဲ့ ထိခိုက်သွားရင် ကုမ္ပဏီ(သို့မဟုတ်) စစ်ဆေးတဲ့သူ ကိုတရားစွဲသွားမယ်။ အဓိကတော့ စစ်ဆေးတဲ့သူကိုအရေးယူမှာပေါ့’’ ဟု အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စိစစ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မတော်တဆမှုများမှာ  ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် အများဆုံး ဖြစ်ပွားပြီး တစ်စုံတစ်ခု ဖြစ်ပါက နစ်နာကြေးအနည်းငယ်မျှသာမိသားစုက ခံစားခွင့်ရရှိကြသည်။ သို့သော် အလုပ်သမားက ကုမ္ပဏီတိုက်ရိုက်ဝန်ထမ်းမဟုတ်ဘဲ တစ်ဆင့်ခံကန်ထရိုက်လုပ်သားဖြစ်ပါက နစ်နာကြေးပင်မရရှိတတ်ကြောင်း အလုပ်သမားရေးရာ ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသည် ယခုအခါ ရင်းနှီးမြှုပ်နှံမှုများ အပြိုင်အဆိုင် ၀င်ရောက်လာသည်နှင့်အမျှ လုပ်ငန်းခွင်အတွင်းလုပ်သားများ လုံခြုံမှုမှာလည်းအရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်လာသဖြင့် အစိုးရက ဥပဒေသစ်တစ်ရပ်အဖြစ် ယခုနှစ်ကုန်တွင် ထွက်ရှိလာမည့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ နည်းဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းရခြင်းဖြစ်သည်။

‘‘မြန်မာနိုင်ငံမှာ အခုသုံးနေတဲ့ Safely ပစ္စည်းတွေက အရည်အသွေးမရှိပါဘူး။ ခုံပေါ်တင်လို့ လက်ကလေးနဲ့ ဖိမိရင်ပျော့သွားနိုင်ပါတယ်။ အကာအကွယ်ပေးနိုင်မယ့်ပစ္စည်း မရှိသေးပါဘူး’’ဟု လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်ပြီး သင်တန်း ဆောင်ရွက်လျက်ရှိသည့် Global  Education Center မှ Registered Safety Officer ဦးအောင်ကိုက ပြောသည်။

အဆိုပါ လုံခြုံရေးပစ္စည်းများကို စမ်းသပ်စစ်ဆေးဆောင်ရွက်သည့် အာဆီယံဒေသတွင်းနိုင်ငံများမှာ စင်ကာပူ၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင်ဖြစ်ပြီး  မြန်မာနိုင်ငံအနေဖြင့် လုပ်ငန်းခွင်အတွင်း လုံခြုံရေးပစ္စည်း အကာအကွယ်များအသုံးပြုမှုမှာ အလုပ်ရှင်အပါအ၀င် အလုပ်သမားများ လိုက်နာအသုံးပြုခြင်းမရှိသေးဘဲ အားနည်းလျက်ရှိနေသေးသည်။

‘‘တချို့ အလုပ်ရှင်တွေက ငွေကြေးအားနည်းချက်ရှိတာလည်းပါသလို လုံးဝမလုပ်တာတွေလည်းရှိပါတယ်။ လက်ရှိအခြေအနေမှာ ၁၀၀ရာခိုင်နှုန်းမှာ တစ်ရာခိုင်နှုန်းပဲ ရှိသေးတယ်လို့ ပြောချင်ပါတယ်’’ ဟု Global  Education Center မှ အတိုင်ပင်ခံဦးဖြိုးဝေဦးက ပြောသည်။

7day daily

့ပြည်သူ့နားရွက်ကို တံတွေးလာဆွတ်နေသူများ (တိုးမောင်)



ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းက ပဲခူးမြို့ရဲ့ အထင်ကရ ဘုရားကြီးတစ်ဆူဖြစ်တဲ့ ရွှေမော်ဓော စေတီရင်ပြင်ပေါ်ကို ကားနဲ့တက်ပြီး ညောင်ရေသွန်းခဲ့တယ်ဆိုတဲ့ သတင်းဟာ မနေ့ကတည်းက အင်တာနက်ပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။ စစ်တပ်ကနေ အငြိမ်းစားယူလာပြီး နိုင်ငံအုပ်ချုပ်ရေးမှာ ထိပ်တန်းတာဝန်တွေကို ယူထားသူတွေက ပြည်သူတွေရဲ့နားရွက်ကို တံတွေးဆွတ်နေတာ အကြိမ်ပေါင်း မနည်းတော့ဘူးလို့လည်း သတိထားလိုက်မိတယ်။

ကျွန်တော် ပဲခူးသားပါ။ ရွှေမော်ဓော ဘုရားပေါ်ကို ခေတ်အဆက်ဆက် နိုင်ငံခေါင်းဆောင်တွေ၊ နိုင်ငံခြားက ဧည့်သည်တော်တွေ လာဖူးပါတယ်။ ဘယ်သူမှ ဘုရားပေါ်ကားနဲ့ မတက်ခဲ့ကြဘူး။ ဝန်ကြီးချုပ် ဦးနုခေတ်ကလည်း ပဲခူးလာပြီး ရွှေမော်ဓော ဘုရားကိုဖူးတာ ကားနဲ့မတက်ဘူး။ ထိုင်းဘုရင့်သမီး သီရိဒုံလာတော့လည်း ကားနဲ့မတက်ဘူး။ ခေတ်အဆက်ဆက် ဘယ်အကြီးအကဲတွေမှ ကားနဲ့တက်ပြီး ဘုရားမဖူးကြတာကို ဘောင်းဘီချွတ်ပြီး ပုဆိုးတိုက်ပုံဝတ်တဲ့ ဝန်ကြီးတွေက ရင်ပြင်တော်ပေါ်အထိ တက်ပြီး ကားနဲ့ကြွလာကာ ညောင်ရေသွန်းတယ် ဆိုတာကတော့ တစ်ဆိတ်လွန်တယ်လို့ ဆိုချင်တယ်။

အထွတ်အမြတ်နေရာဆိုတာ ဘာသာတိုင်းမှာ သူ့နေရာနဲ့သူ အလေးထားကြတယ်။ ရင်ပြင်တော်ပေါ်မှာ ဘုရားဖူး ပြည်သူတွေ စိတ်ချမ်းသားစွာ လျှောက်နိုင်ဖို့ နေပူခံ ကျောက်ပြားတွေလည်း ခင်းပေးထားတယ်။ အားလုံးဟာ စေတနာရှင်တွေက ခြေပူမှာစိုးရိမ်ပြီး လှူဒါန်းငွေတွေနဲ့ လုပ်ဆောင်ထားကြတာ။ ဝန်ကြီးဆိုတဲ့သူက ခြေပူတော်မူမှာ စိုးရိမ်ပြီး ကားနဲ့ (တက်လို့ရတယ် ဆိုရင်တောင်) တက်ချင်တယ်လို့ ပြောလာရင် ဂေါပက ဆိုသူတွေက မသင့်တော်ပါဘူးလို့ တားရမှာ။ ဂေါပကဆိုတဲ့ အထဲမှာလည်း တပ်ထွက်တွေကပဲ ကြီးစိုးထားတာဆိုတော့ သူတို့အဘတွေကို မပြောရဲ မဆိုရဲပုံရပါတယ်။

အင်္ဂလိပ်ခေတ်က ကာတွန်း ဦးဘဂျမ်းလား၊ ရွှေတလေးလား မသိဘူး ဆွဲထားတဲ့ ကာတွန်းတစ်ကွက်ကို သတိရမိတယ်။ ရွှေတိဂုံစေတီပေါ်ကို ဖိနပ်စီးပြီး မတက်ရဘူးဆိုတော့ ဖိနပ်စီးထားတဲ့ အင်္ဂလိပ်ကို ဂေါပကတစ်ဦးက ကုန်းပိုးပြီး ဘုရားပေါ်ခေါ်သွားတဲ့ ကာတွန်းဟာ တစ်ကွက်တည်းနဲ့ ထိမိစွာခေတ်ကို သရော်ထားနိုင်ခဲ့တာမို့ ယနေ့ထိ မမေ့နိုင်သေးဘူး။

ရွှေမော်ဓောစေတီဆိုတာ ရှေးမင်းတွေ အဆက်ဆက် နားသရာနေရာ၊ အထွတ်အမြတ်ထားပြီး အခမ်းအနားတွေ ကျင်းပရာနေရာ ဖြစ်ပါတယ်။ ထိုင်းတွေလာရင် ရွှေမော်ဓော ဘုရားပေါ်မှာ အောင်မြေဆိုပြီးတော့ လာနင်းကြတာလည်း ရှိတယ်။ ဒီလိုနေရာမျိုးကို တိုင်းဒေသကြီးရဲ့ ဝန်ကြီးချုပ် ကိုယ်တိုင်က လေးစားပြီး မလုပ်သင့်တာကို မလုပ်ရမှာ။ လုပ်သင့်တယ်ထင်ပြီး မြှောက်ထိုးပင့်ကော် လုပ်သူတွေ ရှိရင်တောင် ဒါမလုပ်သင့်ပါဘူးလို့ ရွှေဉာဏ်တော် ပြေးသင့်ပါတယ်။

အကြောင်းတိုက်ဆိုင်လို့ ဗိုလ်ချုပ်အောင်ဆန်း ပဲခူးမြို့က ရွှေသာလျောင်း ဘုရားလာဖူးပုံလေး ပြောရဦးမယ်။ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေစဉ် ကာလတွေမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံစည်းလုံး ညီညွတ်ရေးအတွက် နေရာအနှံ့ လျှောက်သွားပြီး တရားတွေ ဟောတယ်။

တစ်နေ့မှာ ပဲခူးကို ဗိုလ်ချုပ်လာမယ်၊ ရွှေသာလျောင်းဘုရားမှာ တရားဟောမယ်ဆိုတော့ ဗိုလ်ချုပ်ကိုချစ်တဲ့ ပဲခူးသားတွေက ကြိုဆိုဖို့ သည်းသည်းလှုပ်ပြင် ဆင်ကြတယ်။ အဲဒီအချိန်က ကျွန်တော့်အမေက ဆေးလိပ်သမ ဖြစ်တာကြောင့် ပန်းကုန်းနဲ့ ကြိုဆိုရေး အဖွဲ့မှာပါတယ်။ ဒီအကြောင်းကလည်း အမေ ပြန်ပြောပြလို့သိတာ။

ဗိုလ်ချုပ်ကို လေးမျက်နှာဘုရား အဝကနေ ရွှေသာလျောင်းမုခ်ဦးအထိ ပန်းစည်းတွေကမ်းဖို့ လူတန်းကြီးနဲ့ စောင့်နေချိန်မှာ ဗိုလ်ချုပ်က ဘုရားဖူးပြီး တရားဟောစင်က စောင့်နေပြီ။ နောက်မှ လော်စပီကာကနေ ဗိုလ်ချုပ်တရား ဟောပါတော့မယ်ဆိုမှ လူထုက ရွှေသာလျောင်း ဘုရားဝင်းထဲ ပြေးသွားကြရတယ်။

ဖြစ်ပုံကို နောက်မှသိတာက ဗိုလ်ချုပ်က သူ့ကို လူတန်းကြီးနဲ့ ကြိုနေတယ်ဆိုတာကို အဝေးကမြင်တော့ လေးမျက်နှာ ဘုရားမရောက်ခင် ကားကိုရပ်ခိုင်းပြီး သူနဲ့အတူ ပါလာသူတွေကို တစ်ယောက်မှ မလိုက်ခဲ့နဲ့လို့ ပြောသတဲ့။ ပြီးတော့မှ လူကြားထဲကို လက်ကလေးနောက်ပစ်ပြီး တောင်ကြည့်မြောက်ကြည့်နဲ့ လျှောက်သွားပြီးမှ ရွှေသာလျောင်းဘုရားပေါ်ကို သူတစ်ယောက်တည်း တက်သွားပြီး ဘုရားရှိခိုး၊ ပြီးမှ တရားဟောဖို့ သတ်မှတ်ထားတဲ့ စင်မြင့်ဆီကို လျှောက်သွားတယ်။
ကျွန်တော့်အမေ ပြောတာကတော့ “တရားဟောစင်ပေါ်မှာ ဗိုလ်ချုပ်ဆိုလို့ ကြည့်လိုက်တော့မှ ဘောင်းဘီပွပွ၊ စုတ်ချာချာနဲ့ တွေ့လိုက်ရတယ်။ ဗိုလ်ချုပ်ကို အမေတို့ရှေ့က ဖြတ်သွားတာ မြင်လိုက်သားပဲ။ သူက တစ်ယောက်တည်း လက်ကလေး နောက်ပစ်ပြီး လျှောက်သွားတော့ ဘယ်သူက ဗိုလ်ချုပ်လို့ထင်မလဲ။ အမေတောင် ဘယ်က တရုတ်ဘိန်းစားလဲလို့ ထင်လိုက်သေးတယ်” ဆိုတဲ့စကားဟာ ကျွန်တော့်ကို တစ်သက်လုံး ဗိုလ်ချုပ်အပေါ် လေးစားကြည်ညို စိတ်တွေကို တိုးမြှင့်စေတဲ့ အချက်တွေ ဖြစ်ပါတယ်။

နိုင်ငံနဲ့ လူမျိုးအကျိုးကလွဲပြီး၊ လွတ်လပ်ရေးကလွဲပြီး အခြားဘာစိတ်မှမထားတဲ့ ဗိုလ်ချုပ်၊ ကြီးကျယ်မြင့်မြတ်မှုတွေ၊ အဆောင်အယောင်တွေကို မုန်းတဲ့ဗိုလ်ချုပ်၊ ပြည်သူတွေ ငြိုငြင်စိတ်ပျက်စေမယ့် အပြုအမူတွေ တစ်ခုမှ မလုပ်သွားတဲ့ ဗိုလ်ချုပ်၊ ပြည်သူထဲမှာ ပြည်သူနဲ့ တစ်သားတည်း နေထိုင်သွားတဲ့ ဗိုလ်ချုပ်လိုလူမျိုးကို ရွှေမော်ဓောဘုရားပေါ် ကားစီးပြီး တက်လာတဲ့ ဗိုလ်ချုပ်ထွက်တွေနဲ့ ယှဉ်ပြောရတာတော့ အားနာပါတယ်။

ရွှေမော်ဓောစေတီ ဂေါပကရုံးခန်းက ဝန်ထမ်းတစ်ဦးက“အရေးကြီးတဲ့ ပုဂ္ဂိုလ်မို့လို့ပါ။ ကျန်တဲ့သူဆို ခွင့်မပြုဘူး” လို့ ပြောတဲ့စကားကလည်း အသည်းနာစရာ စကားမျိုး။ တိုင်းပြည်မှာ ခြေထောက် ပြတ်လာတဲ့စစ်သားက ချိုင်းထောက်နဲ့ ခက်ခဲစွာ ဘုရားပေါ်တက်နေချိန်မှာ ဝန်ကြီးကို အရေးကြီး ပုဂ္ဂိုလ်ဆိုပြီး ကားနဲ့ ဘုရားရင်ပြင်ပေါ်အထိ ဘုရားတက်ဖူးခွင့် ပေးတာကတော့ ကြက်တူရွေးကတော်တော်၊ မယ်ဘော်တွေက ပိုကဲနေရော့သလား အတွေးပွားမိတယ်။

(ဤကဏ္ဍတွင် ဖော်ပြချက်များသည် စာရေးသူ၏ အာဘော်သာဖြစ်ပြီး The Voice Daily ၏ အာဘော် မဟုတ်ပါ)
The Voice Daily