မန္တလေးတွင် လေပြင်းတိုက်၍ ပြုတ်ကျဝါယာကြိုးများ ကိုင်မိရာမှ အမျိုးသားသုံးဦး ဓာတ်လိုက်သေ

ပို့စ်တင်ချိန် - 5/15/2014 08:18:00 PM



မန္တလေး၊ မေ ၁၄

မန္တလေးမြို့တော်တွင် မေလ ၁၀ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် လဲကျနေသာ ဓာတ်တိုင်များ၊ ၀ါယာကြိုးများ၊ ကြေးနန်းကြိုးများကို ကိုင်မိ၍ မေလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း အမျိုးသားသုံးဦး ဓာတ်လိုက် သေဆုံးသွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

အောင်မြေသာစံမြို့နယ် ဘုန်းတော်တိုးရပ်ကွက် သာယာအေးရပ်တွင် လေပြင်းတိုက်ခတ်ပြီး သစ်ကိုင်းကျိုး၍ ပြုတ်ကျနေသဖြင့် မေလ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် လျှပ်စစ်ရုံးမှ လျှပ်စစ်ကျွမ်းကျင် အဆင့် ၅ မှ တာဝန်ရှိသူများ ပြုပြင်နေစဉ် ရပ်ကွက်တွင်းရှိ ရွှေကျင်ချောင်းအတွင်းမှ ရေချိုးပြန်လာသော အမျိုးသားတစ်ဦးသည် ပြုတ်ကျနေသော ကြေးနန်းကြိုးကို ရေစိုလက်ဖြင့် ကိုင်မိရာမှ ဓာတ်လိုက် သေဆုံးသွားခဲ့ကြောင်း ယင်းမှတ်တမ်းများအရ သိရသည်။

ယင်းအပြင် ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင် ရပ်ကွက်ရှိ အသက် ၂၉ နှစ်အရွယ် အမျိုးသားနှစ်ဦးသည် ကမ္မာဝါတန်းနှင့် ဈေးတန်းလမ်းဆုံတွင် လျှပ်စစ်ဓာတ်တိုင်မှ ပြုတ်ကျနေသော ဗို့အား ၄၀၀ ရှိ လျှပ်စစ်ဓာတ်အားကြိုးကို ကိုင်မိရာမှ ဓာတ်လိုက်၍ လက်မောင်းဒဏ်ရာ၊ ဝမ်းဗိုက်ဒဏ်ရာများ ရရှိ၍ သေဆုံးသွားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဓာတ်လိုက် သေဆုံးမှုများနှင့် ပတ်သက်၍ ပြည်ကြီးတံခွန် မြို့မရဲတပ်ဖွဲ့စခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၅/၂၀၁၄၊ ၁၆/၂၀၁၄ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ထပ်မံသိရသည်။

မန္တလေးမြို့တော်တွင် မေလ ၁၀ ရက်နေ့ ညနေပိုင်းက မိုးနှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်တိုင်များ ပြိုလဲခဲ့ပြီး ယင်းကို ဖယ်ရှားရှင်းလင်းရာမှ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ အပါအဝင် ဝန်ထမ်းသုံးဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၈ မိုင်နှုန်းမှ မိုင် ၂၀ နှုန်းအထိ တိုက်ခတ်သွားခြင်း ဖြစ်ပြီး ယင်းလေတိုက်မိုင်နှုန်းမှာ ၂၀၁၄ ခုနှစ်အတွင်း အမြင့်ဆုံးနှုန်းဖြစ်ကာ မုတ်သုန်ရာသီ ရောက်ရှိပါက ယင်းနှုန်းများထက် ပိုမိုတိုက်ခတ်ဖွယ် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly