မီးရထားမြေ လက်လွှဲရောင်းချမှုအပေါ် ၀ယ်တဲ့သူက သူ့ထိုက်နဲ့သူ့ကံပဲဟု မီးရထား အရာရှိကြီး တစ်ဦးပြော

ပို့စ်တင်ချိန် - 5/15/2014 07:31:00 PM



မြန်မာ့မီးရထား ပိုင်မြေ နေရာများအား သိန်းရာနှင့်ချီ၍ အဆင့်ဆင့် ရောင်းချနေခြင်းမှာ တရားဝင် မဟုတ်ကြောင်း၊ ပြဿနာ တစ်စုံတရာ ဖြစ်ပေါ်လာပါက ၀ယ်ယူသူများတွင်သာ တာဝန်ရှိကြောင်း မြန်မာ့ မီးရထားမှ အဆင့်မြင့် အရာရှိကြီးတစ်ဦးမှ Tomorrowဂျာနယ်သို့ တရားဝင် ပြောကြားခဲ့သည်။

အဆိုပါ မီးရထားပိုင် မြေနေရာများမှာ ၀န်ထမ်း သက်သာရန်ပုံငွေ အတွတ် ငှားရမ်းထားသည့် ဈေးဆိုင်ခန်းများ ဖြစ်ကာ အဆိုပါ ဈေးဆိုင်ခန်းများ အား နာမည်ပြောင်းခြင်း တစ်ဆင့် ငှားရမ်းခြင်း၊ ပြန်လည် ရောင်းချခြင်း မပြုလုပ်ရန် တားမြစ်ထားသော်လည်း သိန်းရာဂဏန်းဖြင့် အဆင့်ဆင့် လက်လွဲ ရောင်းချနေမှုများ ရှိနေကြောင်း သိရသည်။

အဆိုပါ မြေနေရာများနှင့် ပတ်သတ်၍ မြန်မာ့ မီးရထားမှ အဆင့်မြင့် အရာရှိကြီး တစ်ဦးမှ “ငှားထားတဲ့ မြေကွက်တွေက စီမံကိန်းမြေ ဖြစ်တဲ့အတွက် ၁နှစ်ပဲ ဌားရမ်း ခွင့်ပြုထားတယ်။ စီမံကိန်း မရှိရင် ဌားရမ်းဖို့ အတွက် စာချုပ်ထပ် ချုပ်ပေးတယ်။ အဆောက်အဦးတောင် အခိုင်အမာဆောက်ခွင့် မပြုဘူး။ အပြင်မှာ ဖြစ်နေတဲ့ သိန်း ၃၀၀၊ သိန်း ၄၀၀ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ စီမံကိန်းရှိရင် ဖျက်မှာပဲ ၀ယ်တဲ့ သူကတော့ သူ့ထိုက်နဲ့သူ့ကံပဲ”ဟု ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် မြန်မာ့မီးရထားမှ ဌားရမ်းထားသည့် ဆိုင်ခန်းပေါင်း ၁၄၆၀ ခန့်ရှိကြောင်း ယခင်က အဆိုပါ ဆိုင်ခန်းများအား မြန်မာ့မီးရထား ၀န်ထမ်းများအား ဌားရမ်းခဲ့ရာမှ ယခုအခါ ဆိုင်ခန်း ဖွင့်လှစ်ရန် အတွက် မြေနေရာအား မည်သူမဆို မြန်မာ့မီးရထား တိုင်းခွန် စီးပွားစီမံဌာနသို့ လာရောက် လျှောက်ထားနိုင်ကြောင်း မြန်မာ့ မီးရထားဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မင်္ဂလာတောင်ညွန့် မြို့နယ် စက်ဆန်း မြန်မာမီးရထားပိုင် မြေနေရာတွင် ဆိုင်ခန်း ဖွင့်လှစ် ရောင်းချ နေသည့် မမိုးက “ဆိုင်ခန်းတွေက နေရာပေါ် မူတည်ပြီး ဈေးနှုန်းက သိန်း ၁၀၀ကနေ သိန်း၄၀၀ထိ ပေါက်ဈေးရှိတယ်။ မူလပိုင်ရှင်တွေက အဆင့်ဆင့် လက်လွဲ ရောင်းချသွားပြီလေ၊ ၀ယ်တဲ့ သူကလည်း တစ်နှစ်ပဲ ရောင်းရရောင်းရ ၀ယ်လိုက်တယ်။ ၀ယ်တဲ့သူရှိလို့ မြတ်ရင်ပြန်ရောင်း လိုက်တယ်၊ အဲ့သလိုမျိုးနဲ့ ဆိုင်ခန်းဈေးတွေ တတ်လာပြီး တရားဝင် ပုံစံနဲ့ အရောင်းဝယ် လုပ်နေကျတယ်” ဟုပြောပြခဲ့သည်။

မြန်မာ့မီးရထားသို့ ဆိုင်ခန်း ဌားရမ်းခ ငွေပေးဆောင်ရာတွင်လည်း မီးရထားကုန်ပစ္စည်း တန်ဆာ ဖြတ်ပိုင်းဖြင့် ပြေစာ ဖြတ်ပေးနေကြောင်း စာချုပ်အသစ် ပြန်လည်ချုပ်ဆိုရာတွင်လည်း သတ်မှတ်ကြေး အပြင် အပိုငွေ ထပ်ဆောင်း ပေးနေရကြောင်း သိရသည်။

“ဒီပြေစာက မြန်မာ့မီးရထား ပြေစာဆိုပြီး ရေးထားတယ်။ ငွေကို မြန်မာမီးရထား ရုံးချုပ်မှာ မဆောင်ရပဲ ဘူတာတွေမှာ သွားဆောင်နေရတယ်လေ။ ပြေစာမှာလည်း ရုံပိုင်က လက်မှတ် ထိုးထားတယ်။ ဒါသဘာဝ မကျဘူး။ ပွင့်လင်းမြင်သာမှု မရှိဘူး”ဟု မမိုးက ထပ်မံပြောကြားသည်။

မြန်မာ့ မီးရထား ပိုင်မြေပေါ်တွင် ဌားရမ်း ဖွင့်လှစ် ရောင်းချနေသည့် ဆိုင်ခန်းများအား အရက်၊ ဘီယာ ရောင်းချခြင်း မပြုရန် တားမြစ်ထားသော်လည်း ဆိုင်ခန်း အများစုမှာ အရက်၊ ဘီယာ အဓိကထား ရောင်းချနေကြောင်း ဆိုင်ခန်းများနှင့် ၀န်ထမ်းအိမ်ရာ အခန်းများ တစ်ဆက်တည်း ရှိနေခြင်းကြောင့် လူမှုရေး ပြဿနာများနှင့် ဒုစရိုက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်းလည်း သိရသည်။

မြန်မာ့ မီးရထားပိုင် မြေနေရာများအား မြန်မာနိုင်ငံ ရင်နှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ၁၉၉၂ ခုနှစ်မှ စတင်၍ ၁နှစ်သက်တမ်းဖြင့် ဌားရမ်း လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ ငှားရမ်းသည့် နှုန်းထားများမှာ ၁လ 1 Square Meter၉၀၀ ကျပ်နှုန်းဖြင့် မြေငှားရမ်းခ အဖြစ် ကောက်ခံနေကြောင်းလည်း သိရသည်။



Tomorrow