နယ်သာလန်နိုင်ငံတွင် အသက်ရှူ လမ်းကြောင်းဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ တွေ့ရှိ

ပို့စ်တင်ချိန် - 5/15/2014 04:08:00 PM

ရောဂါ ကူးစက်ခံရသူ တက်ရောက် ဆေးကုသနေတဲ့ နယ်သာလန်နိုင်ငံ သဟိဂ်မြို့က MCH ဆေးရုံ

နယ်သာလန်နိုင်ငံ သဟိတ်ဂ်မြို့ဟာ အရှေ့အလယ်ပိုင်းက အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ပိုး ပထမဆုံး ကူးစက်ခံရသူ ရှိနေပြီလို့ အမျိုးသားကျန်းမာရေးဌာနက မေ ၁၄ ရက်နေ့က ပြောပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံ မက်ကာနဲ့ မေဒီနာကို သွားရောက်လည်ပတ်အပြီး လူနာက စတင်ဖျားနာခဲ့ကြောင်း၊ နယ်သာလန်ကို ပြန်လာပြီးနောက် သူဟာ သဟိဂ်မြို့က MCH ဆေးရုံကို တက်ရောက် ဆေးကုသနေရတယ်လို့ ဆိုပါတယ်။

ရောဂါလက္ခဏာတွေက ချောင်းဆိုးတာ၊ ဖျားတာနဲ့ တခါတရံ သေစေလောက်တဲ့အဆင့် အဆုတ်ယောင် လက်ခဏာတွေ ဖြစ်စေတယ်လို့ အမျိုးသားကျန်းမာရေးဌာနက ပြောပါတယ်။

ဆောဒီအာရေဗျ နိုင်ငံတခုတည်းမှာ ဒီရောဂါကူးစက်ခံရသူ အယောက် ၅၀၀ ကျော်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေကို ကူးစက် ပျံ့နှံ့ခဲ့ပြီးနောက် အာရှ၊ ဥရောပနဲ့ အမေရိကန်နိုင်ငံတွေဆီ ကူးစက်ခဲ့ပါတယ်။

ဒီဗိုင်းရပ်စ်ကူးစက်မှုအပေါ် စိုးရိမ်မှုတွေ သိသိသာသာ တိုးလာပေမယ့် ရောဂါပိုးအဆင့်ဟာ တကမ္ဘာလုံးက လူထုကျန်းမာရေးအတွက် အရေးပေါ်အဆင့်တော့ မရောက်သေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က မေ ၁၄ ရက်နေ့က ပြောပါတယ်။

လူထုကျန်းမာရေးအပေါ် သက်ရောက်မှုက အသည်းအသန်အခြေ အနေတွေ တိုးလာနေပေမယ့် လူကနေ လူကိုကူးစက်တဲ့ သက်သေတော့ မရှိသေးဘူးလို့ WHO ရဲ့ ကျန်းမာရေးဆိုင်ရာ လုံခြုံမှုဌာန လက်ထောက်ညွှန်ချုပ် ကေးဂျိ ဖုခုဒက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။

“မတ်လက စပြီး မားစ်ရောဂါ ကူးစက်ခံရသူတွေ ဆော်ဒီအာရေဗျနဲ့ ယူအေအီးမှာ သိသိသာသာ တိုးလာတယ်။ ကူးစက်မှုတွေကို ပိုနီးနီးကပ်ကပ် ကြည့်ရာမှာ ကူးစက်မှုအများစုက ဆေးရုံမှာ ကူးတာ” လို့ ဆိုပါတယ်။

အရေးပေါ်အဆင့်လို့ မကြေညာရတဲ့ အဓိကအကြောင်းရင်းက သက်သေတွေအရ လူကနေ လူကိုကူးစက်မှု လွယ်လွယ်မဖြစ်နိုင်တဲ့အတွက်ကြောင့်လို့ ကေးဂျိ ဖုခုဒက ပြောပါတယ်။

၂၀၁၂ ခုနှစ်က ပထမဆုံး စတင်ပေါ်ပေါက်လာတဲ့ ဒီဗိုင်းရပ်စ်ကြောင့် ဆော်ဒီအာရေဗျ တနိုင်ငံတည်းမှာ လူ ၄၉၅ ယောက် ကူးစက်ခံရပြီး လူ ၃ ပုံ ၁ ပုံ သေဆုံးခဲ့လို့ နိုင်ငံတကာမှာ စိုးရိမ်ကြောက်လန့်မှုတွေ ပေါ်လာခဲ့တာပါ။

dvb burmese