ရာဇာမင်းယာဉ်တိမ်းမှောက်မှု ကော်မရှင်၏ စုံစမ်းမှုရလာဒ်ကိုသာ အတည်ယူမည်

ပို့စ်တင်ချိန် - 5/15/2014 04:43:00 PM


ဝင်းကိုကိုလတ်

နေပြည်တော်၊ မဇ္ဈိမ။ ။ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် မေလ ၁၂ရက် ညနေက ရာဇာမင်းမှန်လုံယာဉ် တိမ်းမှောက်မှုအတွက် ဖြစ်ရပ်အမှန်ပေါ်ပေါက်ရန်
ပြည်ထဲရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို မေလ ၁၄ရက်က ဖွဲ့စည်းလိုက်ပြီး ယင်းကော်မရှင်၏ စုံစမ်းမှုရလာဒ်ကိုသာ အတည်ယူမည်ဟု မေလ ၁၅ရက် နေ့လည် ၁နာရီက နေပြည်တော်ရှိ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးသန်းဌေးက ပြောကြားလိုက်သည်။

ရာဇာမင်းယာဉ် တိမ်းမှောက်မှုအတွက် ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေးနှင့် အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ပွားရန် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းအပါအဝင် အဖွဲ့ဝင် ၈ဦး ပါဝင်သည့်
စုံစမ်းစစ်ရေးကော်မရှင်ကို မေလ ၁၄ရက်က ဖွဲ့စည်းလိုက်သည်ဟု ဝန်ကြီး ဦးသန်းဌေးက ဆိုသည်။

ရာဇာမင်း နေပြည်တော်- ရန်ကုန် ပြေးဆွဲနေသည့် အမြန်ယာဉ်သည် မေလ ၁၂ရက် ညနေ ၆နာရီ ၄၅မိနစ်ခန့်က အမြန်လမ်း ၁၉၇မိုင်တွင် တိမ်းမှောက်ခဲ့ပြီး လူ ၁၄ဦးသေဆုံးခဲ့ပြီး ၂၉ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်ရပ်ကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်မှုနှင့် ယာဉ်လိုင်းပြေးဆွဲစဉ် ခရီးသည်များ လုံခြုံစွာ သယ်ယူပို့ဆောင်ရေးစနစ် ကြီးကြပ်မှု အားနည်းသည်ဟု ဆိုကာ ရာဇာမင်း နေပြည်တော်- ရန်ကုန် ပြေးဆွဲနေသည့် ယာဉ်လိုင်းကို မေလ ၁၅ရက်မှ စတင်ကာ ပိတ်သိမ်းလိုက်သည်ဟု နိုင်ငံပိုင်သတင်းဌာနများက ကြေငြာလိုက်သည်။

Mizzima Burmese