ဘာသာရေးအကြောင်းပြ၍ မဲဆွယ်ပါက အရေးယူမည်

ပို့စ်တင်ချိန် - 5/15/2014 01:40:00 AM


လာမည့်ရွေးကောက်ပွဲများတွင် ဘာသာရေးအကြောင်းပြ၍ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ပါက ဥပဒေအတိုင်း ထိရောက်စွာ အရေးယူမှုများ ပြု လုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။

ဘာသာရေးတစ်ခုကို အကြောင်းပြုပြီး ယင်းဘာသာတရားအကျိုးအတွက် ဦးစားပေး လုပ်ကိုင်မည့်သူများကိုသာ မဲ ပေးရန် အခြားသောသူများကို မဲ မပေးရန် ဘာသာရေးကို အလွဲသုံးစားပြုသူများ ရှိလာနိုင်သည့် အတွက် ယင်းသို့ မလုပ်ဆောင်ရန် ပြဋ္ဌာန်းထားခြင်းဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်ကပြောသည်။

မဲဆွယ်စည်းရုံးရာတွင် ဘာသာရေးကို အကြောင်းပြုကာ စည်းရုံးမှုများ ပြုလုပ်ကြောင်း သက်သေအထောက်အထားခိုင်လုံစွာဖြင့် တိုင်ကြားလာမှုရှိပါက စုံစမ်းစစ်ဆေးပြီး အရေးယူမှုများ ပြုလုပ်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

လူမျိုးရေး(သို့) ဘာသာရေး (သို့) လူတစ်ဦးချင်း(သို့) လူအများစုနှင့် ပတ်သက်၍ ပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည့်၊ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု(သို့) စည်းရုံးမှုပြုလုပ်ခြင်း၊ ဘာသာရေးကို နိုင်ငံရေးတွင် အလွဲသုံးစားလုပ်ခြင်းတို့ကို ပြုလုပ်ပါက နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းမှ ပယ်ဖျက်မည်ဖြစ်သည်ဟု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေတွင် ပါရှိသည်။

ထို့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ စုဝေးဟော ပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်တွင်လည်း ဘာသာရေးကို နိုင်ငံရေးတွင် အလွဲသုံးစားပြုလုပ်ခြင်းကို မလုပ်ဆောင်ရန် ဖော်ပြထားသည်။

‘‘ဘာသာရေးကို နိုင်ငံရေး အရ အလွဲသုံးစားမလုပ်ရဘူးဆိုတာက တော်တော်လေး အရေးကြီးတယ်။ အဖွဲ့အစည်းတချို့လုပ်နေတာတွေလည်း တွေ့ရတယ်။ လိုရင်လိုသလို မလိုရင် မလိုသလို လုပ်လို့မရဘူး။ ဥပဒေအတိုင်းဆို လုပ်တဲ့သူအားလုံးကို အရေးယူရမယ်’’ ဟု ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးမျိုးကျော်ကဆိုသည်။

လက်ရှိအချိန်တွင် အချို့ သော နေရာများ၌ အမျိုးဘာသာသာသနာနှင့် ဘာသာရေးကို အကြောင်းပြုပြီး အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဦးဆောင်သော ပါတီအား မဲမပေးရန် ဟောပြောမှုများရှိလာသည်ဟု ရွှေပြည်သာမြို့နယ်တွင်နေထိုင်သူ ကိုမင်းသူကပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေး ကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင်လည်း ဘာသာရေးကို နိုင်ငံရေးအရ အလွဲသုံးစား မလုပ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားခဲ့သည်။

ရန်မျိုးနိုင်
7Day Daily