တစ်နှစ်လျှင် အစီး ၅ဝ ဝန်းကျင်တိမ်းမှောက်နေ၍ ဒိုင်နာယာဉ်များကိုဖျက်သိမ်းရန် စီစဉ်နေ

ပို့စ်တင်ချိန် - 5/15/2014 04:12:00 PM


ကြယ်စင်လင်း (မြစ်မခ)

ရန်ကုန်၊ ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းကြီးကြပ်ရေး ဗဟိုကော်မတီ၏စာရင်းများအရ ဒိုင်နာယာဉ်များတိမ်းမှောက်မှုမှာ နှစ်စဉ်တစ်နှစ်လျှင် ၅၁ စီးနှုန်းရှိနေပြီး၊ တိမ်းမှောက်မှုများကြောင့် သေဆုံးဒဏ်ရာရရှိမှုသည် ဟိုင်းလတ်ယာဉ် များထက် ပိုများနေကြောင်း သိရှိရသည်။

''နိုင်ငံခြားတွေမှာလဲ ထရပ်တွေသုံးပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာလို ငါးပိသိပ်၊ ငါးချဉ်သိပ်မဟုတ်ဘူး။ မှောက်ရင် ဆယ်ယောက်ဒဏ်ရာရ၊ နှစ်ယောက်သေတယ်။ ဒိုင်နာ ကိုကာလအတိုင်းအတာတစ်ခုပေးရမယ်။ ဘာကြောင့်လဲကုန်တင်သတ်မှတ်တာကို လူစီး ကားလုပ်တယ်။ ရေရှည်လူသေတာများတဲ့အတွက်ဖြစ်တယ်'' ဟု မထသ(ဗဟို)မှ ဒုတိယ ဥက္ကဋ္ဌ ဦးလှသောင်းမြင့်က ပြောသည်။

ဒိုင်နာယာဉ်များသည် ဟိုင်းလတ်ကဲ့သို့ ထရပ်ကားအမျိုးအစားဖြစ်သည့်အတွက် ကုန်တင်ရာ၌သာသင့်တော်ပြီး ခရီးသည်များ၏အသက်အန္တရာယ်ထိခိုက်မှုများသည့်အ တွက် ကြောင့်လည်း ဒိုင်နာယာဉ်များကို ဖျက်သိမ်းရန် စီစဉ်သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

''ဒိုင်နာတွေ မှောက်ခါနီးရင် ဝင်တိုက်လို့မှာထားရတယ်။ မှောက်ရင်သေတာများလို့။ ဘယ်ဘတ်စ်မှ တုံးလုံးမမှောက်ဖူးဘူး။ သေသွားတဲ့သူကအနီးကပ် သူငယ်ချင်းဆိုရင် ခံစား တဲ့ ဘက်ကကြည့် တတ်မှာပါ။ သေသွားတဲ့ တန်ဖိုးကပိုနှစ်နာတယ်'' ဟု ဦးလှသောင်းမြင့်က ဆက်လက်ပြောသည်။

၂ဝဝ၃ ခုနှစ်အတွင်းက မြန်မာနိုင်ငံ၏ သုံးစွဲငွေစရိတ်စစ်တမ်းကိုကောက်ယူရာတွင် သုံးရာခိုင်နှုန်းသည် ယာဉ်ကြောင့်ဖြစ်သည့် သေဆုံးမှုများ၏စရိတ်ဖြစ်နေပြီး တစ်နှစ်လျှင် ကျပ်သန်း ၃ဝဝခန့်ကုန်ကျနေကြောင်းလည်းသိရသည်။
ရန်ကုန်မြို့တော်တိုးတက်အောင်လုပ်နေတာကို အမြင်စောင်းနေကြတယ်။ ချက်ပ လက်ကားတွေဆိုရင် ပြသာနာမရှိခဲ့ဘူး။ အချိန်ကာလတစ်ခုထိပြောင်းလဲမှုလုပ်ရမှာဘဲ'' ဟုလည်း မထသမှအတွင်းရေးမှူး ဦးဘမြင့်ကပြောသည်။
လက်ရှိအချိန်၌ ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိနေသည့် ဒိုင်နာယာဉ်အစီးရေ ၁၈၆၈ စီးခန့်ရှိကြောင်းကိုလည်း မထသဗဟိုမှသိရသည်။

Yangon Media Group